စမ္ပာယ်နဂိုရ်
“ညောင်ဦးကမ်းပါးပြို၊ စမ္ပာယ်နဂိုရ်က နွားမ ကြီးပေါင်ကျိုး” ဟူသော စကားပုံသည် မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့နေသော စကားပုံဖြစ်၍ မဆီမဆိုင်သော ဖြစ်ရပ်တို့၌ ခိုင်းနှိုင်းကြသော မြန်မာစကားပုံဖြစ်သည်။ ဤစကားပုံတွင် ပါဝင်သော ညောင်ဦးဆိုသည်မှာ ခေတ်ဦး မြန်မာနိုင်ငံတော်၏ ပုဂံမြို့အနီး၌ တည်ရှိသော ညောင်ဦးမြို့ကို ဆိုလို၍ ‘စမ္ပာယ်နဂိုရ်’ ဆိုသည်ကား ဧရာဝတီမြစ်ထက်ပိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ပါဝင်သော ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သည်။ ယခုအခါ မထင်ရှားသော ရွာတစ်ရွာမျှသာ ဖြစ်နေသည်။ ရွာငယ်တစ်ရွာဖြစ်ရုံမျှသာမကသေး ‘စမ္ပာယ်နဂိုရ်’ နှင့် ‘စမ္ပာနဂိုရ်’ ပင်လျင် တစ်ဌာနတည်းဟု ယူဆရသူများ ရှိပေသည်။
မန္တလေးမြို့မှ ဧရာဝတီမြစ်လမ်းကြောင်းအတိုင်း ဆန်တက်ခဲ့ပါလျင် ခရီးမိုင်ပေါင်း (၉၂) မိုင်အကွာတွင် ဧရာဝတီ မြစ်၏ အရှေ့ဘက်ကမ်း၌ စမ္ပာယ်နဂိုရ်မြို့ဟောင်းကို မြင်တွေ့နိုင်သည်။ မူလက စမ္ပာယ်နဂိုရ်သည် အုတ်ဖြင့် တည်ဆောက်ထားသောမြို့ဖြစ်၍ ယနေ့အထိ မြို့ရိုးအစအနများကို မြင်တွေ့နိုင်သေးသည်။ ရှေးအခါက ဧရာဝတီမြစ်သည် စမ္ပာယ်နဂိုရ်၏ အရှေ့ဘက်မှ စီးဆင်း၍ ယနေ့ ‘မဲဇာ’ ဟု ခေါ်သော မလည်မြစ်သည်ကား စမ္ပာယ်နဂိုရ်မြို့၏ အနောက်ဘက်မှ စီးဆင်းသည်။ထို့ကြောင့် စမ္ပာယ်နဂိုရ် ကုန်းမြေသည် ဧရာဝတီမြစ်နှင့် မဲဇာမြစ်တို့ အြကား၌ တည်ရှိသည်။
ထိုစဉ်ကာလက ဧရာဝတီမြစ်သည် စမ္ပာယ်နဂိုရ် အောက်ကျောက်အိုးဌာနတွင် ထွက်၍ မဲဇာမြစ်သည်ကား မလည်မြို့အရပ်တွင် ဆန်ထွက်၍ ဧရာဝတီမြစ်နှင့် ပူးပေါင်းသည်။ နောင်သောအခါ ဧရာဝတီမြစ်ရေသည် တကောင်းမြို့ဦးကို တိုက်စား၍ တုံငယ်အရပ်တွင် မဲဇာမြစ်နှင့် ပူးပေါင်းကြသည်။ တကောင်းမြို့အရှေ့ဘက်မှ စီးဆင်းသော ဧရာဝတီမြစ်လမ်းသည်လည်း ပိတ်သွားသည်။ ထို့ကြောင့် တကောင်းမြို့၊ စမ္ပာယ်နဂိုရ်မြို့တို့သည် မူလက ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၌ ဖြစ်ပြီး ယနေ့ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းသို့ အလိုအလျောက် ရောက်သွားလေသည်။
ယခုအခါ စမ္ပာယ်နဂိုရ်သည် အိမ်ခြေ (၄၀၀) ခန့် ရှိသော ရွာတစ်ရွာ ဖြစ်နေသော်လည်း သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်ခေတ်ဦး အထိ မြို့ပိုင်အုပ်ချုပ်သော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ ထိုမြို့အုပ်များ အနက် မင်းတုန်းမင်းလက်ထက်က စမ္ပာယ်နဂိုရ်မြို့ အုပ် ဦးပေါသည် ကဗျာအရေးအသားကောင်းမွန်သောကြောင့် ထင်ရှားသည်။ အောက်ပါ လေးချိုးကဗျာသည် စမ္ပာယ်နဂိုရ်မြို့အုပ် ဦးပေါရေးသော မန္တလေးမိုးဘွဲ့ဖြစ်သည်။
- မန္တလေးမိုးဘွဲ့
- ကြိုင်ပျံ့ရှား၊ မြသားငယ်တည့်ဂီရိနောင်။
- လေလွင့်တိုင်း၊ ထုံလှိုင်းမှန်ပြေနှင့်၊ ပန်းယက်ခြွေ
- ဝါရွှေတင့်၊ ငါးငွေမင့်တောင်။
- ငိုက်သိုင်းရီမှောင်၊ ညီနောင်ကြီးတောင်နှစ်လုံး၊
- ရေမီးငယ်လျံ၊ မွေဓာတ်ကယ် တည်ထောင်စံတဲ့၊
- မန်းနက်သန် ရက်မာန်ငဲ့ငယ်၊ ခိုးကွင်ကဲ့မှုန်း။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]စမ္ပာယ်နဂိုရ်မြို့ ကို စတင်တည်ထောင်သောမင်း ကား သုမုန္ဒရီ သက္ကရာဇ် ၁၁၇ ခုနှစ် နန်းတက်၍ ၁၃၂ ခုနှစ်တွင် နတ်ရွာစံသော မိုးမိတ်ဟော်နန်းရှင် စောခန်းသောင် ဖြစ်သည်။ စောခန်းသောင်သည် သက္ကရာဇ် ၁၃၀ ပြည့်နှစ် ( ခရစ် ၇၆၈ ခုနှစ် ) ဆိန်စန်းဆိုင် ခေါ် မင်းတိုင်ပင် အမတ်ကြီးနှင့် တိုင်ပင်၍ မိုးမိတ်မြို့လုံခြုံရေးအတွက် ဧရာဝတီမြစ်နှင့် မလည်မြစ်တို့ အကြား၌ ( စံ - ပါနန့်ကျို ) ဟူသော ရှမ်းအမည်ဖြင့် ခံတပ်မြို့ တည်ထောင်ခြင်း ဖြစ်သည်။ ရှမ်းဝေါဟာရ၏ မြန်မာအဓိပ္ပာယ်ကား စံ - အနီးအပါး၊ ပါနန့်ကျို - များသော ရေရှိသောမြစ်ကြီးဟု ဆိုလို၍ ‘မြစ်ကြီး၏ အနီး၌ တည်သောမြို့ ’ ဟု အဓိပ္ပာယ်ရသည်။ ထို ‘စံပါနန့်ကျို’ ကိုပင် မြန်မာများက ‘စမ္ပာယ်နဂိုရ်’ ဟု ခေါ်ဝေါ်နြေကြခင်း ဖြစ်သည်။ မိုးမိတ်ဟောနန်းရှင် စောခန်းသောင်သည် စမ္ပာယ်နဂိုရ် မြို့ကို တည်ပြီးနောက် ကိုယ်တိုင်ကြွရောက်၍ ခြောက်လ ကြာအောင် နေထိုင်သွားသည်။ မိုး မိတ်ဟော်နန်းရှင် စောခန်းသောင်လက်ထက်တွင် ရှမ်းတို့၏ တန်ခိုးသည် အာဏာပြန့်ကျက်၍ ဧရာဝတီမြစ်၏ အထက်ပိုင်းကို စိုးအုပ်နိုင်စွမ်းရှိသော်လည်း သက္ကရာဇ် ၃၇၉ ခုနှစ် (ခရစ် ၁၀၁၇ ခုနှစ် ) အနော်ရထာမင်းစော နန်းတက်လာသောအခါ ရှမ်းနှင့် မြန်မာ ချစ်ကြည်ရေး ဖြစ်ပွား၍ ဧရာဝတီ မြစ်အထက်ပိုင်းနှင့် တောင်ဘက်ကိုးခရိုင်ကို ရှမ်းတို့က အနော်ရထာမင်းအား မေတ္တာဖြင့် အပ်နှင်းခဲ့သည်ဟု ‘ဇမ္ဗူဒီပ ဥဆောင်းကျမ်း’ စာမျက်နှာ (၂၅)၌ ဖော်ပြထားသည်။
သက္ကရာဇ် ၃၉၅ ခု၊ တပေါင်းလဆန်း (၁၂) ရက်၊ သောကြာနေ့တွင် မောတိုင်း၊ တမ္ဗဒီပတိုင်း နှစ်ဖက်စပ်ကြား ရှမ်းယွန်းတို့ မရောစပ်စိမ့်သောငှာ ကောင်းစင် ကောင်းတုံမှ စ၍ တပ်မြို့ပေါင်း (၄၃) မြို့တို့ကို အနော်ရထာမင်း စော တည်ထားရာတွင် စမ္ပာယ်နဂိုရ်သည် တပ်မြို့တစ်မြို့အြဖစ် ပါဝင်သည်။
အနော်ရထာမင်း ပြုပြင်ထားသော စမ္ပာယ်နဂိုရ်မြို့သည် နှစ်ကာလ ရှည်ကြာဩဖင့် ပျက်စီးနေလေရာ သက္ကရာဇ် ၇၄၆ ခုနှစ် (ခရစ် ၁၃၄၈ ခုနှစ် ) တွင် မိုးမိတ်ဟော်နန်းကို စံမြန်းတော်မူသော မိုးမိတ်စော်ဘွား သိုဝ်စိန်ဘွားက တတိယအြကိမ် ထပ်မံ ပြုပြင်ပြန်သည်။ ထိုမိုးမိတ်စော်ဘွားသိုဝ်စိန်ဘွားကား ရှမ်းစစ်စစ်မဟုတ်ပါ။ ရှမ်း - မြန်မာ ဖြစ်သည်။ ထိုခေတ် ထိုကာလတွင် မြန်မာမင်းတို့၏ တန်ခိုးအာဏာများ နည်းပါး၍ မိုးမိတ်၏ တန်ခိုးအာဏာသည် မြန်မာနိုင်ငံ အထက်ပိုင်းတွင် လွန်စွာ ကျယ်ပြန့်ပါသည်။ တောင်ဘက်တွင် ကျောက်ဆည်နယ်အထိ မြောက်ဘက်တွင် တရုတ်ပြည်အထိ အရှေ့ဘက်တွင် ဇင်းမယ် အထိ အနောက်ဘက်တွင် ချင်းတွင်းမြစ်ဝှမ်းအထိ အာဏာပျံ့နှံ့ခဲ့သည်။
သို့ရာတွင်မြန်မာ တို့နှင့် မူကား စစ်ဖြစ်ပွားခြင်း မရှိပါ။ တစ်မြေတည်းနေ တစ်ရေတည်းသောက် အမျိုးတူ အနွယ်တူ သွေးတူသားတူ လူမျိုးချစ် ဖြစ်၍ အဝ (အင်းဝ) ဘုရင်မင်းကြီးစွာစော်ကဲ၏ သမီးတော်နှင့် မိုးမိတ်ဟော်နန်းရှင် သိုဝ်တိုင်းဘွား ( သက္ကရာဇ် ၇၃၀ - ၇၄၆ ) တို့ လက်ဆက်၍ နှစ်ပြည့်တစ်ပြည် မဟာမိတ် ဖြစ်ခဲ့ကြသည်။
မိုးမိတ်ဟော်နန်းရှင် သိုဝ်စိန်ဘွားကား သိုဝ်တိုင်းဘွားနှင့် မင်းကြီးစွာ စော်ကဲ ၏ သမီးတို့မှ ဖွားမြင်သူ ဖြစ်သည်။ သိုဝ်စိန်ဘွားသည် ကောဇာသက္ကရာဇ် ၇၅၂ ခု၊ ကဆုန်လဆန်း (၅) ရက်၊ ( အင်္ဂါနေ့ နံနက် တစ်ချက်တီးကျော် သုံးမောင်းတွင် မြို့အဝန် (၃၄၅) တာ၊ တံခါး (၆) ခု၊ မြို့ရိုးအရပ် (၁၇ ) တောင်၊ မြို့ရိုးအုတ်မြစ် (၂) တောင်၊ ပြအိုး (၄) လုံး၊ တန်ဆောင်း (၄) ခု၊ ကျုံးအနက် (၁၅) တောင်၊ မြို့ရိုးနှင့် ကျုံးအကွာ တာ (၂၀)၊ ကျုံးအကျယ် (၂၅) တောင်ရှိသော စမ္ပာယ်နဂိုရ်မြို့ကို အုတ်အင်္ဂတေတို့ဖြင့် ထပ်မံပြုပြင်ခဲ့သည်။