မာတိကာသို့ ခုန်သွားရန်

စန္ဒာမင်း

ဝီကီပီးဒီးယား မှ
ဒေါ်

စန္ဒာမင်း
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၈ ဖေဖော်ဝါရီ ၂၀၁၆ []  ၃၁ ဇန်နဝါရီ ၂၀၂၁
ယခင်လူဦးမြင့်ဆွေ
မဲဆန္ဒနယ်ဆိပ်ကြီးခနောင်တိုမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂ []  ၃၁ ဇန်နဝါရီ ၂၀၁၆ []
ယခင်လူဦးသိန်းစိန်
ဆက်ခံသူဇေယျာသော်
မဲဆန္ဒနယ်ဇမ္ဗူသီရိမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1968-11-05) ၅ နိုဝင်ဘာ၊ ၁၉၆၈ (အသက် ၅၇)
ရန်ကုန်မြို့
လူမျိုးဗမာ
နိုင်ငံရေးပါတီ
ကြင်ဖော်ဗိုလ်ကြီးမောင်မောင်
သားသမီးဟန်ထူးဗလ
မိဘဦးဝင်းမြင့် (ကွယ်လွန်)[]
ဒေါ်နုနုကြင်
ပညာရေးB.Sc (Chemistry)
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်
  • နိုင်ငံရေးသမား
  • နိုင်ငံရေးလှုပ်ရှားသူ

ဒေါ်စန္ဒာမင်း (၅ နိုဝင်ဘာ ၁၉၆၈ မွေးဖွား) သည် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်းအားစုပါတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရှိ NLD ဗဟိုအလုပ်မှုဆောင်များ ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်ကော်မ တီက ပါတီမှ ထုတ်ပယ်ခဲ့သည်။ []သို့သော် အများအပြားက သူ့ကို NLD ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးအဖြစ်သာ သိရှိကြသည်။

ငယ်ဘဝနှင့် နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ဒေါ်စန္ဒာမင်းကို ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ဦးဝင်းမြင့်နှင့် ဒေါ်နုနုကြင်တို့က မွေးဖွားခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဓာတုဗေဒပညာ သင်ယူခဲ့စဉ် တတိယနှစ်၌ ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

ထို့နောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့ပြီး သုံးရောင်ခြယ်ကျောင်းသားအဖွဲ့အစည်း[]ကို တည်ထောင်သူများအနက် တစ်ဦးဖြစ်သည်။

၎င်းသည် ဒေါ်အောင်ဆန်းစုကြည်၏ တစ်ကိုယ်တော် လုံခြုံရေးခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။ ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကြောင့် စစ်အစိုးရက သူ့အား ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ထောင်တွင်း၌ရှိစဉ် ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့သည်။

ပညာရေးနှင့် လူမှုရေးလုပ်ငန်းများ

[ပြင်ဆင်ရန်]

ထောင်မှလွတ်မြောက်လာပြီးနောက် ပညာရေးကို ဆက်လက်သင်ယူခဲ့ရာ ၁၉၉၄ ခုနှစ်တွင် ဓာတုဗေဒဘွဲ့ ရရှိခဲ့သည်။ ထို့အပြင် စီးပွားရေးဥပဒေ၊ စိတ်ပညာ၊ အင်္ဂလိပ်စာနှင့် လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာများကိုလည်း ဆည်းပူးခဲ့သည်။ စီးပွားရေးလုပ်ငန်းပိုင်းတွင် A&T Bakery and Confectionery ၌ အထွေထွေစီမံခန့်ခွဲသူအဖြစ် တာဝန်ယူခဲ့ပြီး၊ ၂၀၀၃ ခုနှစ်တွင် လပြည့်ဝန်း ကလေးများ ဖွံ့ဖြိုးရေးမိသားစု ဟူသော လူမှုဖူလုံရေးလုပ်ငန်းကို အမှုဆောင်အဖြစ် တာဝန်ယူကာ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှုများ ပြန်လည်စတင်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခံရခြင်း

[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်တွင် ဒေါ်စန္ဒာမင်းသည် သုံးရောင်ခြယ်ကျောင်းသားအဖွဲ့အစည်း နှင့် ၈၈ မျိုးဆက်ကျောင်းသားတို့ ပြန်လည်ပူးပေါင်း၍ ဒီမိုကရေစီလှုပ်ရှားမှုများကို ပြန်လည်စတင်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လတွင် စစ်အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု အားနည်းချက်များအပေါ် ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရပြီး မြောင်းမြအကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ နောက်ပိုင်းတွင် ပြစ်ဒဏ်လျှော့ပေါ့၍ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ထောင်ဒဏ် ၄ နှစ်နှင့် ၇ လ ကျခံပြီးနောက် အခြားနိုင်ငံရေးအကျဉ်းသားများနှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့သည်။

လွှတ်တော်အမတ်အဖြစ် ဖြတ်သန်းမှု

[ပြင်ဆင်ရန်]

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် လွှတ်တော်တွင်း အခန်းကဏ္ဍ

[ပြင်ဆင်ရန်]

ထောင်မှ လွတ်မြောက်လာပြီးနောက် ဒေါ်စန္ဒာမင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။အဆိုပါမဲဆန္ဒနယ်သည် ဦးသိန်းစိန် ရွေးကောက်ပွဲဝင်ခဲ့သည့် နေရာဖြစ်ပြီး၊သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရသည့်အတွက် လစ်လပ်သွားသည့် နေရာဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့စဉ် လွှတ်တော်အစည်းအဝေးများ၌ ရဲရဲဝံ့ဝံ့မေးခွန်းများ မေးမြန်းလေ့ရှိသူ အဖြစ် ထင်ရှားခဲ့သည်။[][]

၂၀၁၅ ရွေးကောက်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်

[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် ဒေါ်စန္ဒာမင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ် မှ NLD ပါတီကိုယ်စားပြု၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ အနိုင်ရပြီးနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[] ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်လည်း မကြာခဏ ပွတ်တိုက်မှုများ ရှိခဲ့သူအဖြစ် ကျော်ကြားသည်။ [၁၀]ထို့အပြင် ၂၀၁၅ ခုနှစ်တွင် ဘင်္ဂါလီလူမျိုးများနှင့် မြန်မာလူမျိုးများ အချင်းချင်း လက်ထပ်ထိမ်းမြားခြင်းကို မလိုလားကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသူလည်း ဖြစ်ခဲ့သည်။[၁၁]

၂၀၂၀ ရွေးကောက်ပွဲ

[ပြင်ဆင်ရန်]

သူသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်ခဲ့သော်လည်း NLD ပါတီလူကြီးများ၏ လမ်းညွှန်ချက်ဖြင့် လျှောက်လွှာကို ရုပ်သိမ်းခဲ့ရသည်။ [၁၂]ထို့နောက် NLD နေပြည်တော်ခရိုင် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် အဖြစ် တာဝန်ပေးခံရပြီး ပါတီအောင်မြင်ရေးအတွက် သစ္စာရှိစွာဖြင့် ဆောင်ရွက်ခဲ့သည်။ [၁၃]

၂၀၂၁ အလွန်ကာလများ

[ပြင်ဆင်ရန်]

ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်တွင်း တွေ့ဆုံမှု

[ပြင်ဆင်ရန်]

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အဖမ်းမခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အချို့ထဲ သူမလည်းတစ်ဦးအနေဖြင့်ပါဝင်ခဲ့သည်။၂၀၂၁ စစ်အာဏာသိမ်းခြင်းအပေါ် ဝေဖန်ထောက်ပြမှု မပြုခဲ့သူ အဖြစ်လည်း ထင်ရှားခဲ့သည်။

၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၃ရက်တွင်  စစ်တပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန သည် သူမ နှင့် ဦးတိုးလွင်တို့အား  ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။ [၁၄] မီဒီယာအချို့က သူမကို စစ်တပ်နှင့်ညှိနှိုင်းကာ ပါတီမှတ်ပုံပြန်တင်ရေးကြိုးပမ်းသူများထဲ ပါဝင်သူဟု မှတ်ချက်ပြုသည်။ [၁၅]

သူမကမူ ထိုအချက်မမှန်ကြောင်း ငြင်းဆန်ကာ ပြင်ပတွင်ဖြစ်ပျက်နေသည်များကို ပြောပြခဲ့သည်ဟု ဖြေရှင်းခဲ့သည်။သို့သော် စစ်တပ်နှင့်အဆက်အဆံရှိမှုကိုမူ သူမ၏အင်တာဗျူးထဲ တစ်စွန်းတစထုတ်ပြောသည်။[၁၆]

ပါတီမှထုတ်ပယ်ခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ် မတ် ၃ရက် တွင်  ၂၀၂၁ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ထပ်မံဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက သူမအပါအဝင် (၄)ဦးအား ပါတီမှ ထုတ်ပယ်သည်။ထိုသို့ ထုတ်ပယ်မှုသည် တရားမဝင်ဟုလည်း သူမက ထွက်ရှင်းခဲ့သည်။[၁၇]

ဂျပန်ခရီးစဉ်

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက် တွင် ဒေါ်စန္ဒာမင်း သည် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် နှင့် သတင်းသမား ကျော်မျိုးမင်း နှင့်အတူ ဂျပန်နိုင်ငံ တွင် ဂျပန်လွှတ်တော်အမတ်အချို့ နှင့် တွေ့ဆုံခဲ့ကြသည်။စစ်ကောင်စီ၏ လုပ်ဆောင်မှုများနှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုကို အားပေးထောက်ခံရန် စည်းရုံးသည့် ခရီးစဉ်တစ်ခု ဟု ဖော်ညွှန်းခံရပြီး၊ယင်းကဲ့သို့ ဖော်ညွန်း ပြောဆိုခံခဲ့ရမှုအပေါ် ၎င်းက နှုတ်ဆိတ်နေခဲ့သည်။[၁၈]

ပါတီပြောင်း၍ ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်ခြင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်တွင် ဒေါ်စန္ဒာမင်းသည် အမျိုးသားဒီမိုကရေစီအင်းအားစုပါတီ သို့ ဝင်ရောက်ခဲ့သည်။[၁၉] ပါတီ ၏ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန် အပ်နှင်းခံရသည်။

၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက် တွင် သူသည် ၂၀၂၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲ အား အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီ မှတဆင့် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ပါတီကူးပြောင်းသွားခြင်းနှင့်ပတ်သတ်ပြီး ၎င်းက NLD ပါတီအပေါ် နောက်ဆုံးအချိန်အထိ သစ္စာရှိခဲ့ပြီး၊လက်ရှိတွင် NLD  ပါတီသည် ဥပဒေအရ မှတ်ပုံတင်ခွင့် မရှိတော့သည့်အပြင်၊ပါတီသည်လည်း မရှိတော့ဟုပြော၍ရသည့်အတွက် အခြားပါတီသို့ ကူးပြောင်းခဲ့ရသည်ဟု အကြောင်းပြချက်ပေးခဲ့သည်။[၂၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. တိုင်းနဲ့ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌတွေ ခန့်အပ် VOA (၈ ဖေဖော်ဝါရီ ၂၀၁၆)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် ကျမ်းသစ္စာ ကျိန်ဆို VOA (၂ မေ ၂၀၁၂)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား ယနေ့စတင်ကျင်းပ ဆင်ဟွာသတင်း (၁ ဖေဖော်ဝါရီ ၂၀၁၆)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ဒေါ်စန္ဒာမင်း( ဇမ္ဗူသီရိမဲဆန္နနယ်) | Pyithu Hluttaw[လင့်ခ်သေ]
  5. ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်း အပါအဝင် ၄ ဦးကို အန်အယ်လ်ဒီပါတီက ထုတ်ပယ် DVB (၃ မတ် ၂၀၂၃)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. သုံးရောင်ခြယ် ၂၈ နှစ်မြောက် အခမ်းအနားကျင်းပ RFA (၂၆ ဩဂုတ် ၂၀၁၆)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. Myo Thant။ "88-student, hip-hop singer file to run"၊ Mizzima၊ 18 January 2012 3 April 2012 တွင် ပြန်စစ်ပြီး Archived from the original on 4 April 2012။
  8. Kyaw Myo Win။ "Winning NLD candidate list announced in state tv"၊ MRTV၊ 2 April 2012 2 April 2012 တွင် ပြန်စစ်ပြီး
  9. "ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းကြီးများ၏ ဘဏ္ဍာငွေသုံးစွဲမှုကို စစ်ဆေးခွင့်မရရှိခြင်းမှာ စာရင်းစစ်ချုပ်ရုံး၏ ရည်ရွယ်ချက်များကို သွေဖည်ရာရောက်ကြောင်း တိုင်းဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌပြောကြား" . The Daily Eleven Newspaper. Retrieved on 1 September 2020.
  10. ရန်ကုန်တိုင်းအစိုးရအပေါ် ထောက်ပြချက်တွေ အရမ်းများသွားလေသလား ဒေါ်စန္ဒာမင်း | သံမဏိနှင်းဆီဂျာနယ်
  11. Frontier (23 July 2015)။ NLD MP Daw Sandar Min: ‘We do not want to see marriage between Bengali people and Myanmar people’
  12. NLDပါတီ နေပြည်တော်ခရိုင်အောင်နိုင်ရေး နှင့် မျက်မှောက်နိုင်ငံရေးအခြေအနေအချို့အပေါ် သဘောထားအမြင် Eleven Media Group (၄နိုဝင်ဘာ၂၀၂၀)။ ၆ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. ကျမချစ်သော ပြည်သူများကို အသိပေးတင်ပြပါတယ်။ | ဖေ့စ်ဘွတ်ခ်
  14. ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင် နှစ်ဦး တွေ့ခွင့်ရ ဧရာဝတီသတင်းဌာန (၉ဒီဇင်ဘာ၂၀၂၂)။ ၆ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ ဧရာဝတီသတင်းဌာန (၅ဧပြီ၂၀၂၃)။ ၆ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  16. ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို ဖုံးကွယ်ခဲ့ကြောင်း ဒေါ်စန္ဒာမင်း ဝန်ခံ Myanmar Now (၄ဧပြီ၂၀၂၃)။ ၆ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  17. NLD ပါတီထုတ်ပြန်ချက် နှစ်ဖက် ဘာပြောကြလဲ BBC Burmese (၆မတ်၂၀၂၃)။ ၆ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  18. စစ်ကောင်စီအတွက် ဒေါက်တာ အေးမောင်နှင့် ဒေါ်စန္ဒာမင်းတို့ ဂျပန်သွားစည်းရုံး The Irrawaddy (၂ အောာက်တိုဘာ ၂၀၂၃)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  19. ဒေါ်စန္ဒာမင်း NDF ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်မည် One New Myanmar (၂၉ ဩဂုတ် ၂၀၂၅)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  20. NLD ပါတီဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်း NDF ပါတီသို့ဝင်ရောက်ပြီး ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည် Eleven Media Group (၂၉ ဩဂုတ် ၂၀၂၅)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]

http://www.sandarmin.com/ 2 July 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (ဖေ့စ်ဘွတ်ခ်)