စနည်းတဘောင်တူယောင်ယောင်

ဝီကီပီးဒီးယား မှ

စနည်းတဘောင်တူယောင်ယောင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

စနည်းတဘောင်တူယောင်ယောင်[ပြင်ဆင်ရန်]

ပြည်ကုန်းဘောင်ရတနာသိန်က၊ ရာဇနိန် ကွာဝိန္ဒရာဇ်ပေမို့၊ မာဃီန်ကသစ် ဆွေနေနွယ်နတ်၏၊ သေနတ်ဝန် ငတွန်တယောက်ကယ်နှင့်၊ မွန်အောက်ခွင်ရာမဉ်တိုင်းက၊ တလိုင်းတွင် ဘုရင်ဖြစ်ပေသည့်၊ ဓိရာဇ်ကယ်ရာဇာတို့၊ ရှိမေတ္တာသစ္စာရွက်လို့၊ စစ်ထွက်သူတလဖမ်းတဲ့၊ မှုထမ်းပြိုင်ဝန် (၂) ဝန်သို့၊ ကျွန်ငတွန်၊ အလွန်သရမ်းသောကြောင့်၊ မရနိုင်တလတိုင် ဖမ်းရသည်ဟု၊ တလဖမ်းရန်ငတွန်ပြောရှာကြသူတို့၊ အတ္တနောဝါဒ မူမမှန်။

ဖြစ်ရေးမျှော်ခေါ်ဘို့၊ ဟစ်ကျွေးကြော် တဘောင်စည်းတို့၊ တောင်လည်းမလို မြေပြိုကွဲလို့၊ တော်လဲသံ ပဲ့တင်တီးသည့်ပြင်၊ မြေကြီးပင် ငလျင်လှုပ်သတဲ့ ငွေဥဂ္ဂါ မြောက်တောင်ကူးလို့၊ သောက်ရှူးကြယ် ဗုဒ္ဓဟူးကြယ်များတို့၊ ထူးခြားမြင်း ကောင်းကင်သို့ရှုလိုက်တော့၊ ရှင်သုမေ၊ ဗျာဒိတ်ပွဲတွင်မှ၊ ငရဲသူ မပူဆာဘု နမူနာ၊ နယူဗြဟ္မာမင်းတွေတို့၊ အစောင်စောင် တဘောင် လင်းသည်ဟု၊ တောင်တွင်းလာ၊ မဟာသီလဝင်က၊ ပါရမီတွင်၊ စာစီရင်လို့ရေးခဲ့၊ ရှေးကဖြစ်ဟန်။

တော်ဒူးစနည်၊ နှစ်မည်ဘဝေါတဲ့၊ သဘောတွင် ဆင်ခြင်ရန်ဘို့၊ ပလ္လင်ခံ၊ ဘုရင်စံတဲ့အနီးတွင်မှ၊ ဝန်ကြီးတွေ ရွှေသည်တိုင်က၊ လွှတ်ကွန်းပိုင်၊ တော်နေရာနှင့်၊ ဒူးနေရာ၊ ဝေကာချလိုက်တော့၊ သည်မတိုင် အခြေရင်းက၊ အတွင်းဝန်၊ ပြင်ဝန်ထောက်တွေနှင့်၊ သည်နောက်မှာတိုင်သည်ထွေးက၊ စနည်ခေါ်မည်တော်ပေးသတဲ့ တော်ဝေးစွာ၊ ကျေးနဂရာများက၊ စော်ဘွားစော်ခံမင်းတွေတို့၊ အတွင်းဝင်ပြင်ဘဝေါနှင့်၊ သောခြောက်ဆယ်ညီလာရေ၊ ဒွါ ဒဆယ့်နှစ်ပါးစီတဲ့၊ ဖွဲ့ထားကာ ထာဝရက၊ ငါးဌာန ဝေကာဖန်၊ နေရာမှန်မတ်ပေါင်း။

စလုံးကို အခြေတယ်လို့၊ နငယ်တွင်ညဆွယ်၍ သတ်လိုက်ရင်၊ စာဖတ်သူစနည်နှင့်၊ စနည်းကိုမှ၊ သည်လည်းညသတ်ခြားတဲ့၊ ခွဲထားကို မသိသေးရှာဘု၊ သည်ထွေးကို စနည်ခေါ်ရသတဲ့၊ သည်အပေါ် တွင်းပြင်ဘဝေါတို့၊ ယောင်တောင်တောင် တဘောင်လို့ပြောကြ၊ သမိန်ထောပါမဟာ၊ တလဖမ်းနှင့်၊ ခယမ်းသူရာမဉ်သုံးက၊ ပြည်ကုန်းဘောင်လူမောင်တွန့်နှင့်၊ ဝန် ၂ ဝန်သည်လောက်ကွဲရက်ကမှ၊ တယောက်ထဲထင်ရှာကြလို့၊ တလကြာ ငတွန်ဖမ်းရသတဲ့၊ နိဒါန်းအခြေစုံတဲ့၊ နန်းရွှေဘုံ ရာဇဝင်တို့၊ မကျွမ်းကျင် အထင်ဇောနှင့်၊ ဘဝေါကို တဘောင်စကားရယ်လို့၊ ယောင်မှားကာ များစရာ အကြောင်းငယ်ကြောင့်၊ ရွာမောင်းထောင်၊ ဆရာကျော်က၊ နာပျော်ဘွယ်၊ အာဘော်နှင့် မြွက်လိုက်ပ၊ ဆရာသက်ခေါ်အမည်နှင့်၊ ကော်မတီ၊ မဟော်အရည်လောက်ရှိပေတဲ့၊ ကဝီပညာနှင့်၊ ပလိတကာ၊ မဏိရတနာ သူဌေးငယ်က၊ ဘဝေါစကလာကို စောဒနာနှင့် မေးသူတို့၊ သဘောပါအောင်၊ မျှောစာနှင့်ရေးလို့၊ ပေးမပါကြောင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ရတနာသိန် = ရတနာသိင်္ဃမြို့၊ ကုန်းဘောင်ရွှေဘိုမြို့။

၂။ ရာဇနိန် = ရာဇ၊ ဇနိန္ဒ၊ မင်း၊ လူတို့ကို အစိုးရသောမင်း။

၃။ ကွာပိန္ဒရာဇ် = ရေမြေကို အစိုးရသူ။

၄။ မာဃိန် = သိကြားမင်း။

၅။ ဓိရာဇ်ရာဇာ = ရာဇဓိရာဇ်ဘုရင်။

၆။ အတ္တနောဝါဒ = မိမိတဦးတည်း၏ အယူအဆ။

၇။ တဘောင် = ကလေး၊ သဘင်သည်၊ သူရူးတို့ သီဆိုသော တေးကဗျာ။

၈။ စံနည်း = နတ်ကောင်းနတ်မြတ်တို့ ညွှန်ပြချက်။

၉။ တော်လဲ = တော်လည်း၊ အသံကြီးစွာဖြစ်ခြင်း။

၁၀။ ဥဂ္ဂါ = မီးရှူးကဲ့သို့ အလင်းရောင်ထွက်ခြင်း။

၁၁။ သောက်ရှူး = မီးရှူးကဲ့သို့ အလင်းရောင်ထွက်ခြင်း။

၁၂။ ရှင်သုမေ = သုမေဓာရှင်ရသေ့။

၁၃။ တော်ဒူးစနည် = တော်နေရာ၊ ဒူးနေရာ၊ စနည်နေရာ၊ ဘုရင့်ရှေ့၍ ခစားရသောနေရာများ။

၁၄။ ဘဝေါ = အတွင်းဘဝေါနေရာ၊ အပြင်ဘဝေါနေရာ။

၁၅။ ကော်မတီ = အမှုဆောင်လူကြီး (လိပ်)။

၁၆။ စောဒနာ = သိလို၍ စုံစမ်းမေးမြန်းခြင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။