ဂျွန်ဝိန်း

ဝီကီပီးဒီးယား မှ

ဂျွန်ဝိန်းသည် ဟောလိဝုဒ် ရုပ်ရှင်လောကတွင် လူသိအများဆုံး၊ မိတ်ဆွေအများဆုံး၊ လေးစားသူ အများဆုံး မင်းသားကြီး ဖြစ်သည်။ ဂျွန်ဝိန်းသည် ရုပ်ရှင်သက် အနှစ်လေးဆယ်ရှိ၍ ရိုက်ကူးခဲ့သော ရုပ်ရှင်များမှာ နှစ်ရာကျော်ခန့် ရှိနေပြီ ဖြစ်သည်။ ထိုနှစ်ရာကျော်ခန့် ရုပ်ရှင်များသည်လည်း စစ်နှင့် ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကြမ်းများသာ ဖြစ်ပေသည်။ ဇာတ်ကြမ်းကားများ ရိုက်ကူးနိုင်ရန် သူ့ဘဝသည် စတန့်မင်းသားဘဝမှ စတင်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဂျွန်ဝိန်း၏ ငယ်နာမည်မှာ မာရီအွန်မီးချေး(လ်)မော်ဂန် ဖြစ်သည်။ ဂျွန်ဝိန်း(မော်ဂန်) ငါးနှစ်သားအရွယ်မှာပင် သူ၏ မိသားစု ကယ်လီဖိုးနီးယားသို့ ရောက်ရှိလာခဲ့သည်။ သူတို့မိသားစုသည် စတိုးဆိုင် တစ်ဆိုင်ဖွင့်လှစ်၍ စားသောက်နေထိုင်ခဲ့ကြသည်။ ထို့နောက် ဂျွန်ဝိန်းသည် ပညာသင်ကြားရာ တောင်ပိုင်း ကယ်လီဖိုးနီးယားတက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။ အားကစား ဝါသနာပါသူဖြစ်ရာ မကြာမီမှာပင် တောင်ပိုင်း ကယ်လီဖိုးနီးယားတက္ကသိုလ် ဘောလုံးအသင်းတွင် ဘောလုံးသမားတစ်ဦးဖြစ်ခဲ့သည်။ ဘောလုံးသမားဖြစ်လာခြင်းပင်လျှင် ဟောလိဝုဒ်နယ်ရောက်ရှိရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ဘောလုံးကစားရင်းမှာပင် ဒါရိုက်တာ ဂျွန်ဖို့နှင့် မိတ်ဆွေဖြစ်ခဲ့လေသည်။ ထိုစဉ်က ဒါရိုက်တာ ဂျွန်ဖို့မှာ နာမည်ကျော် ဒါရိုက်တာတစ်ဦးအဖြစ် ရောက်ရှိနေပြီဖြစ်သည်။ ဂျွန်ဝိန်းမှာမူ အလုပ်လက်မဲ့ အခြေအနေတွင်ပင် ရှိနေသေးသည်။

ဂျွန်ဝိန်းသည် သူငယ်ချင်းလည်း သူငယ်ချင်း ဆရာလည်း ဆရာဖြစ်သော ဒါရိုက်တာ ဂျွန်ဖို့၏ အကူအညီဖြင့် နှစ်ဆယ်ရာစု မြေခွေးရုပ်ရှင်ကုမ္ပဏီတွင် အလုပ်စတင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ အနှိမ်ခံနှင့် အပယ်ခံဘဝဖြစ်သည်။ ရုပ်ရှင်ကုမ္ပဏီမှ တောက်တိုမယ်ရ အလုပ်မှန်သမျှ အကုန်လုပ်ကိုင်ခဲ့ရသည်။ မှန်ထိုး၊ ကင်မရာထမ်း အားလုံးလုပ်ကိုင်ခဲ့ရသည်။ ရုပ်ရှင်ပိတ်ကားပေါ်တွင် တစ်ကြိမ်တစ်ခါမျှ မပါဝင်ခဲ့ရသေးပေ။

စတန့်မင်းသား[ပြင်ဆင်ရန်]

၁၉၂၇-ခုနှစ်အတွင်း နေ့တစ်နေ့တွင် ဒါရိုက်တာ ဂျွန်ဖို့သည် ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးရာ ကမ်းစပ်တွင် သောင်တင်နေသော သင်္ဘောကြီးပေါ်မှ လှိုင်းထန်သော ပင်လယ်အတွင်းသို့ မင်းသားဖြစ်သူ ဒိုင်ဗင်ထိုးချခန်း ပါဝင်လေသည်။ ဟောလိဝုဒ်ထုံးစံအတိုင်းပင် ဤအခန်းကို မင်းသားကိုယ်စား စတန့်မင်းသားများ လုပ်ရမည်ဖြစ်သည်။ သို့သော် လှိုင်းမှာ ပြင်းထန်လွန်းလှသဖြင့် မည်သည့် စတန့်သမားမှ မလုပ်ရဲကြပေ။ အားလုံးငြင်းဆိုကြသည်။ (ထိုစဉ်က ကြီးကျယ်ခန်းနားသော ဆက်တင်ကြီးများ မရှိပေ၊ တကယ့် ပင်လယ်အတွင်း သွားရောက်ရိုက်ကူးခြင်း ဖြစ်သည်။) ဒါရိုက်တာဂျွန်ဖို့ အခက်တွေ့နေတော့သည်။

ထိုစဉ် တောက်တိုမယ်ရ ခိုင်းရန်ပါလာသော ဂျွန်ဝိန်းက "ကျွန်တော် လုပ်ပါရစေ" ဟု ဂျွန်ဖို့ထံ ခွင့်ပန်ခဲ့လေသည်။ ဂျွန်ဖို့သည် ခေတ္တစဉ်းစားနေပြီးနောက် "မင်း လုပ်ရဲရင် လုပ်ကွာ" ဟု ဝမ်းသာအားရ ပြောကြားခဲ့သည်။ ဂျွန်ဝိန်းသည် ထိုအခန်းကို လှလှပပ ကြွကြွရွရွ လုပ်ဆောင်ပြသွားခဲ့ပေသည်။ ဘေးရန်ကင်းစွာ ကမ်းပေါ်ပြန်ရောက်သည်နှင့် ဂျွန်ဖို့သည် ဂျွန်ဝိန်းကို ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်၍ "မင်း တစ်နေ့ ကံကောင်းလာပါလိမ့်မယ်"ဟု ပြောကြားခဲ့လေသည်။ ဤနည်းဖြင့် ဂျွန်ဝိန်းသည် စတန့်မင်းသား ဖြစ်လာခဲ့လေသည်။

ရုပ်ရှင်မင်းသား[ပြင်ဆင်ရန်]

ဂျွန်ဝိန်းသည် နှစ်နှစ်ခန့် စတန့်မင်းသား လုပ်ခဲ့ရာ အကြမ်းဟူသမျှ မည်သူမျှ မလုပ်ရဲသော အလုပ်များကို ရွေး၍ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့လေသည်။ မင်းသားဖြစ်လိုလှသော်လည်း တင်ပေးမည့်သူ မရှိ၍ မင်းသားမဖြစ်ခဲ့ရှာပေ။ သို့သော် မကြာမီမှာပင် ရိုက်ကူးလျက်ရှိသော ရုပ်ရှင်တစ်ခုမှ မင်းသားတစ်ယောက် အကြောင်းမညီညွတ်၍ မရိုက်ဖြစ်ရာ ကုမ္ပဏီမှ ဂျွန်ဝိန်းကို မင်းသားတင်ရိုက်ကူးခဲ့သည်။ ဇာတ်ကားအမည်မှာ The Big Trail ဖြစ်သည်။ ဂျွန်ဝိန်း၏ ပထမဦးဆုံး ရုပ်ရှင်ဖြစ်သည်။ သို့သော် ထိုရုပ်ရှင်သည် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ရုပ်ရှင်တစ်ကားတည်းနှင့် နာမည်တိမ်မြုပ်သွားမလို ဖြစ်ခဲ့တော့သည်။

အောင်မြင်သော ရုပ်ရှင်မင်းသားအဖြစ် တက်လှမ်းရန် အစွမ်းကုန်ကြိုးစားနေသော အခါသမယမှာပင် ဂျွန်ဝိန်းသည် ချစ်စဖွယ်အမျိုးသမီးကလေး ဂျိုးဇက်ဗင်းနှင့် မေတ္တာသက်ဝင်ကာ ၁၉၃၃-ခုနှစ်၌ လက်ထပ်ခဲ့သည်။ အိမ်ထောင်သက် ၁၃-နှစ် ကြာခဲ့လေသည်။

ဂျွန်ဝိန်းသည် ကိုယ်နည်းကိုယ့်ဟန်ဖြင့် မင်းသားဖြစ်ရန် ကျိုးပမ်းခဲ့သူဖြစ်သည်။ ဒါရိုက်တာ ဂျွန်ဖို့နှင့် အလွန်ရင်းနှီးသော်လည်း တကြိမ်တစ်ခါမျှ သူ့အတွက်နေရာပေးရန် မပြောကြားခဲ့ပေ။ ဂျွန်ဖို့သည်လည်း သူ့ကို အကူအညီပေးခဲ့သော ဂျွန်ဝိန်းကို မမေ့ပေ။

တစ်နေ့ ဂျွန်ဝိန်း ဘားထဲတွင် ထိုင်နေစဉ် ဂျွန်ဖို့၏ သမီးရောက်လာသည်။ "ဖေဖေက ရှင့်ကို တွေ့ချင်တယ်တဲ့" ဟု ဂျွန်ဝိန်းကို ပြောသည်။ ဂျွန်ဝိန်းသည် ဘုမသိ ဘမသိဖြင့် ဂျွန်ဖို့ထံ သွားရောက်ခဲ့ရသည်။ ဂျွန်ဖို့သည် သူ့ရှေ့တွင် ရပ်နေသော လူထွားကြီး ဂျွန်ဝိန်းကို စိုက်ကြည့်နေသည်။ ပြီးနောက် အရပ် ၆'၄" မြင့်သော ဂျွန်ဝိန်းကို "မင်း Stageeoach မှာ မင်းသားလုပ်တော့"ဟု ပြောလိုက်လေသည်။ ထိုရုပ်ရှင်တွင် ဂျွန်ဝိန်းသည် ဖခင်ကို သတ်သွားသော လူသတ်သမားကို ရှာဖွေမည့် မဟုတ်မခံ ဇတ်ဇတ်ကြဲ ရမ်ဂိုကစ်(ဒ) အဖြစ် ပါဝင်သရုပ်ဆောင်ရလေသည်။ Stageeoach ရုပ်ရှင်သည် ဟောလိဝုဒ်ရုပ်ရှင်လောက၌ ကောင်းမွန်သေသပ်သော ကောင်းဘွိုင်းရုပ်ရှင်အဖြစ် ထင်ရှားခဲ့လေသည်။ ဒါရိုက်တာ ဂျွန်ဖို့အတွက်လည်း ရုပ်ရှင်မှတ်တိုင် တစ်ခုဖြစ်သည်။ မင်းသားဂျွန်ဝိန်းအတွက်လည်း မေ့မရသော အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်ပေသည်။ ဂျွန်ဝိန်းသည် ထိုကားဖြင့် ကျော်ကြားသော မင်းသားတစ်လက် ဖြစ်ခဲ့တော့သည်။ ခုနှစ်ကား ၁၉၃၉-ခုနှစ် ဖြစ်သည်။

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

၁၉၄၅-ခုနှစ်တွင် ၁၃-နှစ် ပေါင်းသင်းလာခဲ့သော ဂျိုးဇက်ဗင်းနှင့် ကွာရှင်းခဲ့သည်။ ၎င်းနှင့် ရင်သွေးလေးယောက်ရခဲ့ရာ မိုက်ကယ်၊ တိုနီ၊ ပတ်ထရိတ်နှင့် မာလန်ဒါတို့ ဖြစ်ကြသည်။ ၁၉၄၆-ခုနှစ်တွင် မက်ဆီကင် မင်းသမီးချော ချီတာနှင့် လက်ထပ်ခဲ့ပြန်သည်။ ချီတာ၏ နာမည်အရှည်မှာ အက်(စ်)ပါရပ်စာဘားဖြစ်၍ ဆိုရှယ်အလွန်ကျသူဖြစ်ရာ ဂျွန်ဝိန်းနှင့် ကြာရှည်မမြဲခဲ့ပေ။


၁၉၅၀-ပြည့်နှစ်သည် ဂျွန်ဝိန်းအတွက် အထွတ်အထိပ်သို့ ပို့ပေးသော နှစ်ဖြစ်ပေသည်။ ဂျွန်ဝိန်းသည် Red River ဟူသော ရုပ်ရှင်ရိုက်ကူးခဲ့ရသည်။ ထိုရုပ်ရှင်သည် Mutiny on the Bounty ဇာတ်ကားကိုမှီး၍ ကောင်းဘွိုင်အသွင် ရိုက်ကူးခြင်းဖြစ်သည်။ ပါဝင်သရုပ်ဆောင်ရသော အခန်းကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့သဖြင့် နာမည်ကြီးပြန်တော့သည်။ ထိုနှစ်အတွင်း ရေပန်းအစားဆုံး၊ လူကြိုက်အများဆုံး ရွေးချယ်ရာ နံပါတ်(၁)နေရာကို ဂျွန်ဝိန်းရရှိလေသည်။ ထိုနှစ်မှစ၍ လက်ရွေးစင် ဆယ်ဦးတွင် နှစ်စဉ်ပါဝင်ရာ အနှစ်နှစ်ဆယ်အထိ ဖြစ်သည်။

ဂျွန်ဝိန်းသည် ရုပ်ရှင်တွင် အထွတ်အထိပ်ရောက်၍ ဝမ်းသာရသော်လည်း အိမ်ထောင်ရေးကား စိတ်မချမ်းမြေ့စရာ ကြုံတွေ့ခဲ့ရသည်။ ဂျွန်ဝိန်းသည် နာမည်ကြီးစဖြစ်၍ ရုပ်ရှင်ဇာတ်ကားများ လက်မလည်အောင် ရိုက်ကူးနေရသည် ဖြစ်ရာ အိမ်တွင် မရှိသည်က များသည်။ တစ်နေ့ သူရုပ်ရှင်ရိုက်ကူးရာမှ ခပ်စောစော အိမ်ပြန်လာသည်။ သို့သော် အိမ်ရောက်သောအခါ မြင်ရသော မြင်ကွင်းသည် သူ့ကို အပန်းမပြေစေပါ။ သူ့မျက်လုံးများပြာ၍ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ ရင်ဝမီးစနှင့် ထိုးသည့်နှယ် ခံစားရသည်။ သူ့ဇနီး ချီတာသည် နီကီဟဲလ်တန် ဆိုသူနှင့် အလွန်ရင်းနှီးစွာ တွေ့ခဲ့ရသောကြောင့် ဖြစ်၏။ (နီကီသည် လစ်တေလာ၏ ပထမခင်ပွန်းဖြစ်သည်။) ပထမ ဂျွန်ဝိန်းသည် နှစ်ဦးစလုံးကို ချက်ချင်းသတ်ရန် ကြံရွယ်လိုက်သေးသည်။ သို့သော် ဒေါသကို ဖြေလျော့ခဲ့သည်။ သူသည် ချီတာနှင့် ကွာရှင်း၍ ၁၉၅၄-ခုနှစ်တွင် ချစ်စဖွယ် အမျိုးသမီးကလေး ပီတာပဲလ်တီနှင့် တတိယအကြိမ် လက်ထပ်ခဲ့သည်။ ပီတာသည် ဂျွန်ဝိန်းထက် ၂၆-နှစ်ခန့် ငယ်သည်။ သူမနှင့် ပေါင်းသင်းလျှက် ရင်သွေး သုံးယောက် ရရှိခဲ့သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုရင်မော်၊ ကမ္ဘာ့ရုပ်ရှင်ကြယ်ပွင့်များ၊ စာ-၁၂