ဂျော့ ဖရီးဒရစ် ဟန်းဒယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဂျော့ ဖရီးဒရစ် ဟန်းဒယ်အား ၁၆၈၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တွင် ဂျာမနီနိုင်ငံ၊ ဆက်ဆွန်နီနယ်၊ ဟဲလီမြို့၌ မွေးဖွားသည်။

စကားမပြောတတ်မီကပင် ဟန်း ဒယ်သည် အသံဟူသမျှကို စိတ်ဝင်စားသူ ဖြစ်လေသည်။ ခေါင်းလောင်းကလေးများ၊ ချူကလေးများ၊ ဂျောက် ဂျက်ကစားစရာကလေးများကို အထူးနှစ်သက်၏။ သူ၏ဖခင်သည် ဂျာမန် ဆရာဝန်တစ်ဦးဖြစ်၏။ ဟန်းဒယ် အား ရှေ့နေဖြစ်စေလိုသော သူ၏ဖခင်သည် ဟန်းဒယ်ဂီတာတွင် စိတ်ဝင်စားသည်ကိုသိ၍ အသံမြည်သော ကစားစရာများကို တားမြစ်ထားခဲ့၏။

သို့ရာတွင် အလုပ်များလှသော သူ၏ဖခင်သည် ဟန်းဒယ်အား အမြဲစောင့်ကြည့်၍ မနေနိုင်ချေ။ ဟန်းဒယ်၏ အဒေါ် တစ်ယောက်က ဟန်းဒယ်အား အလိုလိုက်လျက် အကူအညီ ပေးခဲ့လေလေသည်။

သူ၏ အဒေါ်သည် သူ၏ ဖခင်မသိစေပဲ ရှေးခေတ် စန္ဒရားတစ်မျိုးဖြစ်သော ကလာဗီခေါ့ငယ်တစ်လုံးကို ဟန်းဒယ်အတွက် ဝယ်ယူခဲ့ပြီးလျှင် အိမ်အပေါ်ဆုံးထပ်တွင် တင်ထားကာ မည်သူမျှ မကြားရအောင် ဟန်းဒယ်အား တီးခိုင်းလေသည်။ ထိုကလာဗီခေါ့မှာ ယခုခေတ်ကဲ့သို့ အသံမမြည်လှသဖြင့် အဝေးက မကြားနိုင်ပေ။ ဟန်းဒယ်သည် သူ၏ အဒေါ်ထံမှ သီချင်းအနည်းငယ်ကို သင်ယူ၍ အားလပ်တိုင်း ကြိုးစား၍ တီးလေသည်။

တစ်နေ့သောအခါ သူ၏ဖခင်သည် မိုင် ၄ဝ ခန့်ဝေးသော ဝိုင်ဆန်ဖဲမြို့သို့ ခရီးထွက်စရာ ပေါ်ပေါက်လာလေသည်။ ထိုခေတ်က မိုင် ၄ဝ ဆိုသော ခရီးကို သွားလာရန်မှာ မလွယ်ကူလှချေ။ အထူးသဖြင့် ကလေးသူငယ်များအတွက် ပင်ပန်းလှပေသည်။ ဟန်းဒယ်သည် သူ၏ဖခင်နှင့်အတူ လိုက်သွားလိုသော် လည်း ထိုမြို့တွင် မြို့စားကြီးနှင့် တွေ့ဆုံရန်ရှိသော သူ၏ဖခင်သည် အလုပ်ရှုပ်မည်ဖြစ်၍ ဟန်းဒယ်ကို ခေါ်မသွားလိုချေ။ သို့ရာတွင် သူ၏ ဖခင်သည် မြင်းရထားပေါ်တွင်တက်၍ ရထားမောင်းနှင် ထွက်ခွာသွားသောအခါ ဟန်းဒယ်သည် လက်သီးကိုဆုပ်လျက် ရထားနောက်မှ ပြေးလိုက်ခဲ့လေသည်။ မြို့ပြင်ဘက် အတော်ဝေးသောနေရာ ရောက်သောအခါကျမှ သူ၏ဖခင်က ဖုံအလိမ်းလိမ်းကပ်နေသာ သားကိုမြင်သဖြင့် သူ့အား အိမ်ပြန်ပို့ရန် မတတ်နိုင်တော့ပဲ ရထားပေါ်သို့တင်၍ ခေါ်သွားရလေတော့သည်။

မြို့စားကြီး၏အိမ်၌ သူ၏ဖခင်သည် မြို့စားကြီးနှင့်တကွ အခြားအရေးပါအရာရောက်သော လူကြီးများနှင့် စကားပြောဆိုနေကြစဉ် ဟန်းဒယ်သည် ထိုအိမ်ရှိ တီးဝိုင်းကိုသာ အာရုံစိုက်နေလေတော့သည်။ တီးဝိုင်းအဖွဲ့သားများကလည်း သူငယ်ကလေးနှင့် ချစ်ကျွမ်းဝင်လာကြပြီးလျှင် ဟန်းဒယ် ဂီတာ၌ စိတ်ထက်သန်ကြောင်း တွေ့ရှိရလေသည်။ ထိုမျှမက ဟန်းဒယ်သည် တူရိယာအကြောင်း အတော်အတန် နားလည်ပြီးဖြစ်နေ၍ ပိုမို အံ့ဩကြရလေသည်။ ဟန်းဒယ်အား တီးစေသောအခါ လူတိုင်းပင် နှစ်သက်သဘောကျ၍ မြို့စားကြီး ကိုယ်တိုင်က ဟန်းဒယ်၏ လက်သံကို အထူးသဘောကျလှသဖြင့် ဟန်းဒယ်၏ ဖခင်အား ဤသို့သော သားကောင်းတယောက်ရှိသည့် အတွက် ဂုဏ်ယူကြောင်း ချီးကျူးပြောဆိုကာ ဟန်းဒယ်အား ဂီတာပညာ ဆက်လက် သင်ကြားပေးသင့်သည်ဟု အကြံပေးလေသည်။ ဟန်းဒယ်၏ ဖခင်က သူ့အား ဥပဒေပညာသင် စေရန် ရည်ရွယ်ကြောင်းကို ပြောကြားသောအခါ မြို့စားကြီးက သူငယ်အား ဂီတာပညာသာ ဆက်လက် သင်ကြားပေးရန် တိုက်တွန်းခဲ့၏။ နောက်ဆုံးတွင် မြို့စားကြီး၏ တိုက်တွန်းချက်ကို ဖခင်က လက်ခံသောကြောင့် ဟန်းဒယ်သည် ဂီတပညာကို မှန်မှန် သင်ခွင့်ရသည်တွင် ပညာကို လွန်စွာ ကြိုးစားသူ ဖြစ်သဖြင့် အသက် ၁၇ နှစ် တွင် အော်ဂန်တီးသူတစ်ယောက် ဖြစ်လာလေသည်။

ဟန်းဒယ်သည် ဂျာမနီ၊ အီတလီ စသော တိုင်းပြည်များတွင် အတော်ကြာအောင် လှည့်လည် သွားလာ နေခဲ့ ပြီးနောက် ၁၇၁ဝ ပြည့်နှစ်တွင် လန်ဒန်သို့ လာရောက်နေထိုင် လေသည်။ အီတလီနိုင်ငံတွင် နေခဲ့စဉ်က အီတလီ အော်ပရာ ဇာတ်ပွဲများကို လေ့လာခဲ့သဖြင့် လန်ဒန်မြို့သို့ ရောက်သောအခါ အီတလီ အော်ပရာ ဇာတ်ပွဲမျိုးများကို ရေးသားကပြစေခဲ့ရာ လွန်စွာ လူကြိုက်များ၍ ကျော်ကြားလာလေသည်။

အသက် ၄၁ နှစ်တွင် ဟန်းဒယ်သည် ဂျာမနီသားအဖြစ်မှ အင်္ဂလန်နိုင်ငံသားအဖြစ် ခံယူခဲ့လေသည်။ သူ၏ ဇာတ်ပွဲများကို ဘုရင်နှင့် မိဖုရားမှအစ နန်းတွင်းသူများကပါ လွန်စွာ နှစ်သက်ကြသဖြင့် ဘုရင်ကိုယ်တိုင် မကြာမကြာ ကြွရောက်အားပေးလေသည်။ ဟန်းဒယ်သည် အဂ‡လိပ်ဘာသာကို ကောင်းစွာ မတတ်သောကြောင့် တစ်ခါတစ်ရံ သူ၏ သီချင်းများတွင် ဘာသာစုံ ပါဝင်တတ်လေရာ ရယ်ဖွယ်ဖြစ်နေသော်လည်း ပရိသတ်ကမူ သီချင်းထက် တီးကွက်ကိုသာ အာရုံခံကြလေသည်။ ဟန်းဒယ်သည် လန်ဒန်မြို့တွင် နှစ်ပေါင်း များစွာပင် နှစ်စဉ် ဂီတပြဇာတ် အမျိုးမျိုး ရေးသားပြသပြီးနောက် လောကဓံတရားနှင့် တွေ့ကြုံရလေတော့သည်။ သူ၏ ဇာတ်ပွဲ များကို လန်ဒန်မြို့တွင် တဖြည်းဖြည်း လူကြိုက်နည်းလာသောအခါ ၁၇၄၂ ခုနှစ်တွင် ဒဗ္ဗလင်မြို့သို့ သွားရောက်၍ မဆိုင်ယာခေါ် ခရစ်တော်အကြောင်း ဖွဲ့ဆိုသော ဂီတာတီးလုံးများကို ရေးသားခဲ့လေသည်။ ယနေ့တိုင် ခရစ္စမတ်ပွဲတိုင်း ဟန်းဒယ်၏ မဆိုင်ယာတေးသီချင်းကို တီးမှုတ်လေ့ ရှိကြ၏။ မဆိုင်ယာ ဓမ္မသီချင်းမှ အကဇာတ်သီချင်း မဟုတ်ဘဲ ခရစ်တော်အကြောင်း ဖွဲ့ဆိုတီးမှုတ်သော တီးကွက်သက်သက်သာ ဖြစ်၍ ယနေ့တိုင် ကျော်ကြားလျက်ရှိသည်။ မဆိုင်ယာ ဂီတာကား ဟန်းဒယ်၏ တစ်သက်တာတွင် အကြီးဆုံး အောင်မြင်မှုဖြစ်၏။ သံပြိုင်သီဆို၍ တီးဝိုင်းကြီးများနှင့် တွဲဘက် တီးမှုတ်သောအခါ ထိုမဆိုင်ယာ သီချင်းမှာ အဂ‡လန် တစ်ပြည်လုံး၏ စိတ်ဓာတ်ကို ဆွဲယူနိုင်လောက်အောင်ပင် ကောင်းလှပေသည်။ တစ်ခါသော် ပထမ ဂျော့ဘုရင်သည် မဆိုင်ယာ သီချင်းကို နားထောင်နေစဉ် စိတ်နှလုံးကြည်နူးလှသဖြင့် သံပြိုင်ဆိုခန်းတွင် မတ်တတ်ထလိုက်မိ၍ ပရိသတ်အားလုံး မတ်တတ်ထလိုက်ရ လေသည်။ ထိုအခါကစ၍ သံပြိုင်ဆိုခန်းတွင် အားလုံးမတ်တတ်ထရပ်ရသည့် အစဉ်အလာပင် ဖြစ်ခဲ့လေသည်။

ဟန်းဒယ်သည် အသက်ကြီးရင့်လာသောအခါ မျက်စိကွယ်ခဲ့ပြီးနောက် ၁၇၅၉ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် လူပျိုကြီး အဖြစ်နှင့် အနိစ္စရောက်လေသည်။ သူ၏ သေတမ်းစာတွင် မဆိုင်ယာ သီချင်းမှရရှိသော အမြတ်ငွေ မှန်သမျှကို လန်ဒန်မြို့ရှိ မိဘမဲ့ ကလေးများကျောင်းသို့ လှူဒါန်းရန် ရေးသားထားခဲ့လေသည်။ အမှန်အားဖြင့်ကား မဆိုင်ယာ သီချင်းသည် နောင်လာနောက်သား အားလုံးအတွက် အဖိုးမဖြတ်နိုင်သော အမွေအနှစ်တစ်ရပ် ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)