မာတိကာသို့ ခုန်သွားရန်

ဂျိမ်းစ် ဝပ်

ဝီကီပီးဒီးယား မှ
ဂျိမ်းစ် ဝပ်
Portrait of James Watt (1736-1819)
by Carl Frederik von Breda
မွေးဖွား(1736-01-19)၁၉ ဇန်နဝါရီ၊ ၁၇၃၆
Greenock, Renfrewshire, Scotland
ဆုံးပါး၂၅ ဩဂုတ်၊ ၁၈၁၉(1819-08-25) (အသက် ၈၃)
Handsworth, Birmingham, England
နေထိုင်ရာGlasgow then Handsworth, Great Britain
နိုင်ငံသားKingdom of Great Britain
နယ်ပယ်Inventor and Mechanical Engineer
အဖွဲ့အစည်းဌာနUniversity of Glasgow
Boulton and Watt
ကျော်ကြားမှုအရင်းခံImproving the steam engine

ဂျိမ်းစ်ဝပ် (James Watt) (၁၇၃၆ ဇန္နဝါရီ ၁၉ – ၁၈၁၉ ဩဂုတ် ၂၅) သည် စကော့လူမျိုး သင်္ချာပညာရှင်၊ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး စက်မှုတော်လှန်ရေး၌ အရေးပါသော အဆင့်တစ်ဆင့်ဖြစ်သည့် ရေနွေးငွေ့စက်ကို မွမ်းမံတီထွင်ခဲ့သူ ဖြစ်သည်။

ဂျိမ်းစ်ဝပ်ကို စကော့တလန်ပြည်နယ် ဂရင်းကော့၌ ၁၇၃၆ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့တွင် မွေးဖွားသည်။ သူသည် ဘာမင်ဟမ်တွင် နေထိုင် အလုပ်လုပ်ကိုင်သည်။ ဘာမင်ဟမ် ဗဟိုစာကြည့်တိုက်တွင် ယခုအခါ သူ့စာတမ်း အများအပြားကို တွေ့ရှိနိုင်သည်။

၁၇၅၄ ခုနှစ်တွင် ဂလပ်ဂိုးသို့ မပြန်မီ လန်ဒန်မြို့၌ စက်ယန္တရားပြုလုပ်ရေး လုပ်ငန်းကို ဂျိမ်းဝပ်လေ့လာသည်။ ၁၇၆၃ ခုနှစ်တွင် နယူးကိုမင်း ရေနွေးငွေ့စက်ကို ပြင်ဆင်ပေးရာမှ စက်များကို မည်သို့တိုးတက် ကောင်းမွန်အောင် ပြုလုပ်မည်ဟူသော နည်းလမ်းများကို ရှာကြံစပြုလာသည်။

ဂျိမ်းစ်ဝပ်သည် စကော့တလန်၌ ၁၇၆၅ ခုနှစ်မှ ၁၇၇၀ ပြည့်နှစ်အထိ နယူးကိုမင်း ရေနွေးငွေ့စက်များကို ထိုင်ပေးသည်။

၁၇၈၁ ခုနှစ်တွင် ဂျိမ်းစ်ဝပ်သည် ဘာမင်ဟမ်အနီး ဆိုဟို၌ မက်သူးဘူတန်နှင့် တွဲဖက်ကာ လုပ်ငန်းစတင်ပြီး ဝပ်ရေနွေးငွေ့ အင်ဂျင်များကို ထုတ်လုပ်သည်။ တိုးဆုတ်အင်ဂျင် လှုပ်ရှားမှုကို ပတ်လည်ရွေ့လျားမှုအဖြစ် ပြောင်းလဲပစ်ပြီး ၁၇၈၂ ခုနှစ်တွင် နှစ်ချက်ထုတ် အင်ဂျင်စက်ကို တီထွင်ခဲ့သည်။

ဂျိမ်းစ်ဝပ်သည် ၁၇၈၄ ခုနှစ်တွင် ရေနွေးငွေ့စက်ခေါင်းကို မူပိုင်ပြုလုပ်သည်။ ၁၇၉၀ ပြည့်နှစ်တွင် ရေနွေးငွေ့ဖိအားတိုင်း ဒိုင်ခွက်ကို စတင် အသုံးပြုသည်။

ဂျိမ်းစ်ဝပ်၏ ရေနွေးငွေ့ အင်ဂျင်ပုံစံမှာ ကန့်သတ်အသုံးပြုနိုင်သည့် စက်တစ်ခုကို ပိုမိုစွမ်းအားပြည့်ပြီး များပြားစွာ အသုံးပြုနိုင်သည့် စက်အဖြစ်သို့ ပြောင်းလဲပစ်နိုင်ခြင်း ဖြစ်သည်။

သူ့ကို ဂုဏ်ပြုသောအားဖြင့် စကော့တလန်၌သူ့အမည်ပေါက် ကောလိပ်ကျောင်း လေးကျောင်း ရှိသည်။ ဗြိတိန်တစ်နိုင်ငံလုံးတွင် သူ့အမည်ဖြင့် မှည့်ခေါ်ထားသည့် လမ်းပေါင်း ၅၀၀ ကျော်ရှိသည်။

အတ္ထုပ္ပတ္တိ

[ပြင်ဆင်ရန်]

စကော့တလန်ပြည်သား အင်ဂျင်နီယာ ဂျိမ်းစ်ဝပ်သည် စကော့တလန်ပြည် ဂရင်းနော့ဆိပ်ကမ်းမြို့တွင် ၁၇၃၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ ကုန်သည်ဖြစ်သော်လည်း အရောင်းအဝယ်မကောင်းသည့်အတွက် တနေ့တခြား လုံးပါးပါးလာမှုကြောင့် အိမ်ထောင်ရေးတွင် အဆင်မပြေလှချေ။ ဝပ်ကိုယ်တိုင်မှာလည်း ကျန်းမာခြင်း မရှိဘဲ ချူချာလှသဖြင့် ပိုးမွေးသကဲ့သို့ မွေးခဲ့ရလေသည်။ ကျန်းမာရေးပြည့်စုံရန်အတွက် ကိုယ်လက်ကြံ့ခိုင်ရေးကို လိုက်စားအားထုတ်နေစဉ် ရုက္ခဗေဒ၊ ပထဝီနှင့် ရေအားကို အသုံးပြုမှုဆိုင်ရာ ပညာရပ်များကို လေ့လာဆည်းပူးလာခဲ့သည်။ သင်္ဘောဆောက်လုပ်ရေးတွင်လည်း အထူးတလည် စိတ်ဝင်စားခဲ့ပေသည်။ ဝပ်အသက် ၁၉ နှစ်အရွယ်တွင် သူ၏ဖခင်သည် စီးပွားရေး၌ အကြီးအကျယ်ပျက်စီး ဆုံးပါးသွားသောကြောင့် သူ့အဖို့ အလုပ်မလုပ်လျှင် မဖြစ်တော့သော အခြေသို့ ဆိုက်ရောက်လာသည်။ ဝပ်သည် ကုန်သည်၏ သားပင်ဖြစ်သော်ငြားလည်း ကူးသန်းရောင်းဝယ်ရေးကိစ္စတွင် နားမလည်ချေ။ လက်သမား ကိရိယာများကို ကိုင်တွယ်အသုံးပြုရာတွင်သာ ကျွမ်းကျင်နားလည်သည်။ ထို့ကြောင့် လန်ဒန်မြို့တော်ရှိ သိပ္ပံပညာဆိုင်ရာ ကိရိယာများ လုပ်ကိုင်သူ ဂျွန်မော်ဂန်ထံသို့ တစ်နှစ်မျှသွားရောက်၍ ပညာဆည်းပူးရလေသည်။ ရှိရင်းစွဲဝါသနာနှင့်ကိုက်ညီသော ပညာရပ်ကိုသင်ကြားရသဖြင့် ထူးချွန်စွာတတ်မြောက်လာသောအခါ စကော့တလန်ပြည် ဂလပ်စဂိုတက္ကသိုလ် တွင် သင်္ချာဖက်ဆိုင်ရာ ကိရိယာများ ပြုလုပ်သူအဖြစ်ဖြင့် ခန့်အပ်ခြင်းခံရ သည်။ ထိုအချိန်တွင် ရေနွေးငွေ့အားကို အသုံးပြုသောစက်များ ပေါ်ပေါက် နေပေပြီ။ အကောင်းဆုံးစက်မှာ 'နယူးကိုမင်' စက်ဟုတွင်၍ ကျောက်မီးသွေးတွင်းတူးရာဒေသများတွင် ရေစုတ်စက်အဖြစ်ဖြင့် အသုံးပြုလျက်ရှိကြ လေသည်။ တစ်နေ့တွင် တက္ကသိုလ်ကျောင်းရှိ သိပ္ပံပစ္စည်းစုဆောင်းရေးဌာန၌ ထားရှိသော နယူးကိုမင်း စက်ပုံစံအငယ်ကလေးပျက်သွားသဖြင့် ပြင်ဆင်ရန် ဝပ်အား ဆိုင်ရာမှ ပေးအပ်စေခိုင်းရာမှ ထိုစက်ကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ရန်စိတ်အားသန်လာခဲ့သည်။ ထိုစက်၌ ချွတ်ယွင်းချက် အမျိုးမျိုးကို တွေ့ရပြီးလျှင် ထိုချွတ်ယွင်းချက်များကိုပြုပြင်ရန် အမျိုးမျိုးကြံဆတွေးတောလေတော့သည်။

ရေနွေးငွေ့စက် တီထွင်ခြင်း

[ပြင်ဆင်ရန်]

နယူးကိုမင်အင်ဂျင်စက်တွင် ရေနွေးငွေ့ကို မြောက်မြားစွာ အသုံးပြုပြီးမှ အနည်းငယ်မျှသော အားကိုသာရသဖြင့် ထိုစက်သည် စရိတ်ကုန် သလောက် အကျိုးမရှိသည့်အဖြစ်ကို ဂျိမ်းစ်ဝပ်တွေ့ခဲ့သည်။ အချိန်နှင့်အမျှ တွေးတောကြံဆလျက်ရှိသော ဝပ်၏ဦးနှောက်တွင် ရေနွေးငွေ့ကို အကျိုး အများဆုံးရှိအောင် အသုံးချနိုင်မည့် ခေတ်မီအသိဉာဏ်သည် တဖြည်းဖြည်း ပေါ်လာသည်။ တစ်နှစ်မျှကြာသောအခါ ဝပ်သည် အင်အားကောင်း၍ ယခု ခေတ်သုံးရေနွေးငွေ့စက်မျိုးတစ်လုံးကို ဖြစ်မြောက်အောင် ကြံစည်တီထွင်နိုင်ခဲ့လေသည်။

ဝပ် တီထွင်လိုက်သော ရေနွေးငွေ့စက်မှာ ယခုခေတ်၌ နေရာအနှံ့အပြားမှာပင် အလွန်အသုံးဝင်လှ၏။ သို့သော်ပေါ်စကမူ ထိုစက်၏ အသုံးကျမှုတန်ဖိုးကို မသိကြသေးသဖြင့် အရေးတယူ သုံးစွဲခြင်းမပြုခဲ့ကြ ချေ။ အများဆုံးအသုံးပြုသည့်နေရာမှာ ရေစုတ်ရန်သာ ဖြစ်လေသည်။ ၁၇၈၁ ခုနှစ်သို့ ရောက်သောအခါမှ ဝပ်၏ ရေနွေးငွေ့စက်ကို ချည်ငင်ခြင်း နှင့် အခြားလုပ်ငန်းများတွင် အသုံးပြုလာကြလေသည်။ တီထွင်သူ ပညာကျော်ကြီးများအနက် အချို့မှာ ငွေပင်ငွေရင်းမတည်၍ ကူညီအားပေးမည့်သူ ကင်းဝေးသဖြင့် ထူးချွန်သင့်သလောက် မထူးချွန်၊ တိုးတက်သင့်သလောက် မတိုးတက်ဘဲ နောက်ဆုံး ဆင်းရဲနွမ်းပါး ပြီးလျှင် လောကမျက်မှောက်မှ ကွယ်ပျောက်သွားကြရရှာ၏။ သို့သော် ဝပ် မှာ ဗာမင်ဂမ်မြို့မှ မက်သယူးဗိုလ်တန်ဆိုသူ အမြင်ကျယ်သော အရင်းရှင် တစ်ဦး၏ အထောက်အပံ့ကို လုံလောက်စွာရရှိသောကြောင့် သူ၏ရေနွေးငွေ့စက်ကိုကောင်းသည်ထက်ကောင်းအောင် ပြုပြင်ကြံစည်နိုင်ခဲ့လေသည်။

၁၇၆၈ ခုနှစ်တွင် ဝပ်သည် ဗိုလတန်နှင့် စတင်တွေ့ဆုံပူးပေါင်းမိသည်။ ထို့နောက် ၁၇၇၅ ခုနှစ်တွင် ဗြိတိသျှအစိုးရက သူတို့၏စက်ကို ၂၅ နှစ်တိုင်တိုင် မှတ်ပုံတင်ထားခွင့်ပြုခဲ့သောကြောင့် အကြီးအကျယ် ငွေဝင်လမ်းဖြောင့်ခဲ့လေသည်။၁၈ဝဝ ပြည့်နှစ်သို့ရောက်သောအခါ ဝပ်သည် အသက်အားဖြင့် ၆၄ နှစ်ရှိပြီဖြစ်၍ တသက်လျာ ထိုင်စားလောက်အောင်လည်း ပစ္စည်းဥစ္စာ စုဆောင်းမိပြီးဖြစ်ခြင်းကြောင့် အလုပ်မှအနားယူကာ မက္ကင်းနစ်၊ ဓာတုဗေဒနှင့် ရူပဗေဒ စသောပညာရပ်များကိုသာ လေ့လာစမ်းသပ်ခြင်းအားဖြင့် အချိန်ကို ကုန်လွန်စေသည်။ ကုမ္ပဏီတွင်ရှိသော သူ၏အစုများကို သူ၏ သားနှစ်ယောက်အား ခွဲဝေပေးခဲ့လေသည်။

နောက်ဆုံးအချိန်

[ပြင်ဆင်ရန်]

ဂျိမ်းစ်ဝပ်သည် အနားယူသည်ဆိုသော်လည်း သူ၏စိတ်ကို လုံးဝအနားပေးခြင်းမရှိဘဲ အစဉ်မပြတ် စူးစမ်းရှာဖွေစမ်းသပ်လျက်ရှိရာ အချို့ သော စမ်းသပ်ချက်များမှာ ရေ၌ပါဝင်သော ဓာတ်ဖက်များ၏ အချိုးအစား၊ မီးထွန်းနိုင်သည့် ဓာတ်ငွေ့၊ မြေဩဇာဓာတ်များ၊ အလေးချိန်နှင့် အတိုင်း အတာများ တညီတညွတ်တည်း ဖြစ်စေနိုင်သောစနစ် စသည်တို့ဖြစ်ကြ လေသည်။ အသက် ၈၃ နှစ်အတွင်းသို့ ဝင်လာသည်အထိပင် သူ၏ စူးစမ်း ချက်၊ စမ်းသပ်ချက်၊ လုပ်ကိုင်ချက်များသည် ရပ်ဆိုင်းခြင်းမရှိသေးချေ။ ဝပ် သည် ၁၈၁၉ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ ၍ သူ့ကိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်ဓာတ်အား၏ စံတင်ဧကမူတစ်ခုကို ဝပ် ဟု အမည်ပေးထားကြလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂ )