ဂျက်စတင် ထရူးဒိုး

ဝီကီပီးဒီးယား မှ
ထရူးဒိုးအား (2023)

ဂျက်စတင် ပီရာ့ ဂျိမ်း ထရူးဒိုး (အင်္ဂလိပ်: Justin Pierre James Trudeau ၁၉၇၁ ဒီဇင်ဘာ ၂၅ ဘွား) သည် ကနေဒါလူမျိုး နိုင်ငံရေးသမားဖြစ်ပြီး (၂၃) ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ၂၀၁၅ ခု၊ နိုဝင်ဘာလကမှ ယနေ့အထိ တာဝန်ထမ်းဆောင်နေသည်။ သူသည် ၂၀၁၃ ခုကပင် လစ်ဘရယ်ပါတီ၏ခေါင်းဆောင် ဖြစ်လာ၏။ ကနေဒါသမိုင်းတလျှောက် ဂျိုးကလက် နောက် ဒုတိယအသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်သည်။ ယခင်ဝန်ကြီးချုပ်ဟောင်းများ၏ မျိုးနွယ်တို့မှ ပထမဆုံး ဤရာထူးကို ဆက်ခံရသူတည်း။ သူ့ဖခင် ပီးရာ့ထရူးဒိုးမှာ (၁၅) ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဖူး၏။

ထရူးဒိုးကို ဥတ္တဝါတွင် မွေးပြီး ဂျွန်းဒူဘရေးဖက်ကောလိပ် (Collège Jean-de-Brébeuf) သို့ တက်သည်။ ၁၉၉၄ ခုတွင် မက်ဂေးတက္ကသိုလ် (McGill University) မှ စာပေအဓိကဖြင့် ဘွဲ့ရ၏။ နောက် ဗြိတိသျှကိုလံဘီယာတက္ကသိုလ်သို့ ဆက်တက်ရာ ၁၉၉၈ ခုတွင် ပညာရေးဖြင့် ဒီဂရီဘွဲ့ ယူသည်။ ၂၀၀၆ ခုတွင် လစ်ဘရယ်ပါတီ၏ လူငယ်သွေးသစ်လောင်းအထူးအဖွဲ့တွင် ခေါင်းဆောင်အဖြစ် နေရာရ၏။

၂၀၀၈ ခု အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်ကာ ပါပင်နိုး (Papineau) နယ်ကိုယ်စားပြု အောက်လွှတ်တော်အမတ် ဖြစ်လာသည်။ ၂၀၀၉ ခုတွင် လစ်ဘရယ်ပါတီ၏ လူငယ်ရေးရာနှင့် ယဉ်ကျေးမှုစုံကိစ္စတို့အတွက် တရားဝင်အတိုက်အခံပြောဆိုရေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူရ၏။ နောက် ၂၀၁၀ ခုတွင် နိုင်ငံသားဖြစ်ရေးနှင့် လူဝင်မှုကိစ္စတို့အတွက် ပြောင်းလဲတာဝန်ယူသည်။ ၂၀၁၂ ရောက်သော် ပညာရေးနှင့် အားကစားကိစ္စများကို ခေါင်းစဉ်လွှဲယူ၏။ ၂၀၁၃ ခု၊ ဧပြီလတွင် လစ်ဘရယ်ပါတီဦးဆောင်သူရွေးပွဲကို အနိုင်ရကာ ပါတီခေါင်းဆောင် ဖြစ်လာသည်။ ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲတွင် ၃၈ နေရာဖြင့် တတိယနေရာရောက်နေသည့် လစ်ဘရယ်ပါတီကို ၁၈၄ နေရာရအောင် စီမံနိုင်ခဲ့သည်။ ယင်းအရေအတွက်မှာ ကနေဒါ၏ အထွေထွေရွေးကောက်ပွဲသမိုင်းတွင် တပါတီတည်းမှရသော အများဆုံးအရေအတွက် ဖြစ်ခဲ့၏။

နိုင်ငံခြားရေးမူဝါဒအဖြစ် ၂၀၂၀ ပြည့်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင်အဖြစ် အဆိုသွင်းသော်လည်း မအောင်မြင်ခဲ့။

ကိုးကား[ပြင်ဆင်ရန်]