ပီးရာ့ ထရူးဒိုး

ဝီကီပီးဒီးယား မှ
နယ်သာလန်ဘုရင်မ ဂျူလီယာနာ၏ ဧည့်ခံပွဲတွင် တွေ့ရသော ထရူးဒိုး (၁၉၇၅ ဖေဖော်ဝါရီ)

ဂျိုးဆက် ဖိလစ် ပီးရာ့ အိဗါ အီးလီးယော့ ထရူးဒိုး (အင်္ဂလိပ်: Joseph Philippe Pierre Yves Elliott Trudeau ၁၉၁၉ အောက်တိုဘာ ၁၈ - ၂၀၀၀ စက်တင်ဘာ ၂၈) သည် ကနေဒါနိုင်ငံသား နိုင်ငံရေးသမားဖြစ်သည်။ လစ်ဘရယ်ပါတီမှ ဝင်ပြိုင်ကာ ကနေဒါ၏ (၁၅) ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ၁၉၆၈-၈၄ ကာလများတွင် ဝန်ကြီးချုပ်သက်တမ်း ၂ ဆက် တာဝန်ထမ်းဆောင်၏။

ခူဘက်နိုင်ငံရေးလောကတွင် ရှေ့နေ၊ ပညာတတ်နှင့် တက်ကြွလှုပ်ရှားသူအဖြစ် သူ့နိုင်ငံရေးလမ်းကြောင်းကို စသည်။ ကနဦးတွင် ဆိုရှယ်ဒီမိုကရစ်တစ်ဖြစ်သည့် နယူးဒီမိုကရက်တစ်ပါတီသို့ ဝင်သည်။ သို့သော် ထိုပါတီမှာ လိုလားသောအခြေအနေသို့ မရောက်နိုင်မှန်း သိသည်နောက် လစ်ဘရယ်ပါတီသို့ ပြောင်း၏။ ၁၉၆၅ ခုတွင် ပါလီမန်အမတ် ဖြစ်လာပြီး မကြာမီပင် ဝန်ကြီးချုပ် လက်စတာ ပီယာဆန်၏ ပါလီမန်အတွင်းဝန်အဖြစ် ရွေးချယ်ခံရသည်။ ၁၉၆၇ ခုတွင် တရားရေးဝန်ကြီးနှင့်အစိုးရရှေ့နေချုပ် ရာထူးကို လက်ခံရ၏။ ထရူးဒိုး၏ ထိုးထွက်နေသောကိုယ်ရည်ကိုယ်သွေးနှင့် လူချစ်လူခင်များရန် နေထိုင်တတ်မှုကြောင့် မီဒီယာတို့က သူ့သတင်းကို အထူးတလည် ဖော်ပြကြသည်။ ယင်းသည်ပင် ၁၉၆၈ ခု၌ ပါတီခေါင်းဆောင်ရွေးပွဲကို အနိုင်ရစေရန် အထောက်အကူဖြစ်ခဲ့၏။ နောက် ဝန်ကြီးချုပ် ဖြစ်လာသည်။ ထရူးဒိုး၏ ကိုယ်ရည်ကိုယ်သွေးကြောင့် နိုင်ငံရေးအမြင်ကို လွှမ်းမိုးခြင်းမှာ ကနေဒါရှိ မည်သည့်နိုင်ငံရေးသမားမျှ ဤသို့ မဖြစ်ဖူးခဲ့။ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ၁၉၆၈၊ ၁၉၇၂၊ ၁၉၇၄ ရွေးကောက်ပွဲများကို တောက်လျှောက်နိုင်လာသည်။ ၁၉၇၉ ရွေးကောက်ပွဲတွင် မဲအနည်းငယ်ဖြင့်သာ ရှုံး၏။ ၁၉၈၀ ပြည့်တွင် ထပ်နိုင်ပြန်ရာ ၁၉၈၄ ခု ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးလောကမှ အနားယူသည်အထိပင်။ ထရူးဒိုးသည် သူ့ဝန်ကြီးချုပ်သက်တမ်းအတွင်း လူများစုအစိုးရဖွဲ့ရန် ၃ ကြိမ်၊ လူနည်းစုအစိုးရဖွဲ့ရန် ၁ ကြိမ် အခွင့်ရသည်။ သက်တမ်း ၃ ကြိမ်ထက်ပို၍ နေရာရသည့် နောက်ဆုံးဝန်ကြီးချုပ် ဖြစ်၏။

သူ၏ အကြီးဆုံးသား ဂျက်စတင်ထရူးဒိုးသည်လည်း ၂၀၁၅၊ ၂၀၁၉ နှင့် ၂၀၂၁ ရွေးကောက်ပွဲများတွင် အနိုင်ရကာ ဝန်ကြီးချုပ်ဖြစ်သည်။ ဂျက်စတင်သည် ဝန်ကြီးချုပ်ဟောင်း အမျိုးအနွယ်ထဲမှ ဝန်ကြီးချုပ်ထပ်ဖြစ်သည့် ပထမဆုံးသူ ဖြစ်၏။

ကိုးကား[ပြင်ဆင်ရန်]