ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဂေါတမ ဘုရားအလောင်းတော်သည်ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည် ရှိသော် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ဖြစ်ခဲ့လေသည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား[[]] ခြေတော်ရင်း၌ မိမိတစ်ကိုယ်တည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း ဩဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါးကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မှုလှသဖြင့် ယူတော်မမူခဲ့ပေ။ သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌ - (၁) ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်တို့ကို လှူခြင်း ဒါနပါရမီ၊ (၂) ခြေ၊ လက်၊ နား၊ နှခေါင်းအစရှိသည်တို့ကိုလှူခြင်းဒါနဥပပါရမီ (၃) မိမိအသက်ကို လှူခြင်းဒါနပရမတ္တပါရမီ အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

ထို့ပြင် အလွန်စွန့်နိုင်ခဲ့စွာသော - (၁) ပဒေသရာဇ်၊ ဧကရာဇ်‌၊ စကြာမင်းတို့၏ စည်းစိမ်ရတနာကို စွန့်ခြင်း ဓနပရိစ္စဂ၊ (၂) သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊ (၃) မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊ (၄) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့်အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊ (၅) မိမိအသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ - ဟုဆိုအပ်သော စွန့်ခြင်းကြီးငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။

ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုတိသာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်၊ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က "ဘုရာဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ" ဟု ဘုရားအလောင်းတော်ကိုတောင်းပန်ကြလေသည်။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် - (၁) ကာလ - ဘုရားဖြစ်ရာ အချိန်ကာလ၊ (၂) ဒီပ - ဘုရားဖြစ်ရာ ကျွန်းအရပ်၊ (၃) ဒေသ - ဘုရားဖြစ်ရာ အရပ်ဒေသ၊ (၄) ကုလ - ဘုရားဖြစ်ရာ အမျိုးအနွယ်၊ (၅) မာတုအာယုပရိစ္ဆေဒ - ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား - ဟူသော ကြည့်ခြင်းကြီးငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။

ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇ ခု၊ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဘုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသနန္ဓေတည်နေလေသည်။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြောနေ့( ဘီစီ ၆၂၃)ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှုးသန့်စင် ဖွားမြင်တော်မူလေသည်။ သိဒ္ဓတ္ထမင်းသားအား လုမ္ဗိနီဥယျာဉ်တော်(နီပေါနိုင်ငံ)တွင်မွေးဖွားတော်မူခဲ့သည်။ ဘုရားအလောင်းတော်သည် ၁၆ နှစ်အရွယ် ရောက်သောအခါ ယသောဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကိုခံစားလေသည်။ ၂၉ နှစ်အရွယ် ရောက်သောအခါသူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။

ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲလှစွာသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပါတ်လုံးကျင့်တော်မူခဲ့သည်‌။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူ‌ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ကြွသွားတော်မူလေသည်။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့် လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်။) ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်‌၌ ထက်ဝယ်ဖွယ်ခွေနေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ် သိတတ်သော "ပုဗ္ဗေနိဝါသနုဿတိဉာဏ်"ကို ရတော်မူလေသည်။

သန်းခေါင်ယံ၌နတ်တို့၏မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တတ်သော "ဒိဗ္ဗစက္ခုဉာဏ်"ကိုရတော်မူလေသည်။ မိုးသောက်ယံ၌ အာသဝေါတရားလေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော "အာသဝက္ခယဉာဏ်"ကိုရတော်မူ၍ သက်တော် ၃၅ နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတူမရှိ၊ အတုမရှိသော သဗ္ဗညုတ ဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ သုံးလူ့သခင်သဗ္ဗညု ဘုရားရှင်သည် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တ‌ရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုမြတ်စွာဘုရားရှင်သည် သက်တော် ၈၀ အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. https://archive.is/20130617061846/impermanences.blogspot.com/2011/07/blog-post.html