ဂိုအင်ကာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
S. N. Goenka
Gji-sittingBW.jpg
ဦးဂိုအင်ကာ
မွေးဖွားSatya Narayan Goenka
၃၀ ဇန်နဝါရီ ၁၉၂၄
မန္တလေးမြို့မြန်မာနိုင်ငံ
ကွယ်လွန်၂၉ စက်တင်ဘာ၊ ၂၀၁၃(2013-09-29) (အသက် ၈၉)
မွန်ဘိုင်းမြို့၊ အိန္ဒိယနိုင်ငံ။
အလုပ်အကိုင်ဝိပဿနာတရားထိုင်နည်းများအား လေ့ကျင့်သင်ကြားပေးသူ
အိမ်ထောင်ဖက်(များ)Elaichi Devi Goenka
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်ဘွဲ့
Padma Bhushan Award
ဝက်ဘ်ဆိုဒ်dhamma.org/en/

ဦးဂိုအင်ကာ (အင်္ဂလိပ်: Satya Narayan Goenka) သည် မြန်မာနိုင်ငံဖွား၊ အိန္ဒိယလူမျိုး ဝိပဿနာတရားပြဆရာတစ်ဦးဖြစ်သည်။ ဦးဂိုအင်ကာသည် ဆရာကြီး ဦးဘခင်၏ ဝိပဿနာတရားထိုင်နည်းများအား လေ့ကျင့်သင်ကြားပေးသူ ဖြစ်ပြီး၊ ၎င်း၏သင်ကြားမှုမှတစ်ဆင့် လက်ထောက်တရားပြဆရာပေါင်း ၈၀၀ အား မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂိုအင်ကာနည်းလမ်းဖြင့် ဝိပဿနာတရားအားထုတ်သည့် သင်တန်းများသို့ နှစ်စဉ် လူတစ်သိန်းကျော် တက်ရောက်လေ့ရှိသည်။ ဆယ်ရက်ကြာ ဝိပဿနာတရားထိုင်နည်းသင်တန်းများကို ကမ္ဘာ့အနှံ့ဖွင့်လှစ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ဆရာကြီး ဂိုအင်ကာ၏ နည်းလမ်းများမှာ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နည်းလမ်းတစ်ခုအား အသုံးပြုထားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် “ဗုဒ္ဓသည် ဂိုဏ်းဂဏဆိုင်ရာ ဘာသာရေးအား မည်သည့်အချိန်အခါကမျှ မသင်ကြားပေ။ ဗုဒ္ဓက ကမ္ဘာ့အမှန်တရားဖြစ်သည့် လွတ်မြောက်ရာနည်းလမ်းဖြစ်သော တရားဓမ္မကိုသာ သင်ကြားသည်” ဟူသော အယူအဆပေါ်တွင် အဓိကအခြေခံသည်။ ဆရာကြီး ဂိုအင်ကာ ဆိုလိုသည့် “လွတ်မြောက်မှု” ဆိုသည်မှာ သန့်ရှင်းသည့် စိတ်ဓာတ်အား ပြုစုပျိုးထောင်ခြင်း၏ အကျိုးဆက်တစ်ခုဖြစ်သော ညစ်ညမ်းသည့် စိတ်ဓာတ်မှ လွတ်ကင်းရေးနှင့် ဝမ်းနည်းကြေကွဲမှုများမှ လွတ်ကင်းရေးတို့အား ဆိုလိုခြင်းဖြစ်သည်။

စက်မှုလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေစဉ် ဆရာကြီး ဦးဘခင်နှင့် ဆုံတွေ့ခဲ့ပြီး ၎င်းထံမှ ဝိပဿနာ တရားအားထုတ်သည့် နည်းလမ်းများအား သင်ယူခဲ့သည်။ ၁၄ နှစ်ကြာ လေ့လာဆည်းပူးပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဝိပဿနာတရားများ အား သင်ကြားပြသပေးခဲ့သည်။ လူတန်းစားခွဲခြားသော စနစ်များနှင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံဖြင့် အုပ်စုခွဲနေသည့် အိန္ဒိယနိုင်ငံတစ်ဝန်းလုံးမှ ထောင်နှင့်ချီသော လူသားများအား ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့အနှံ့အပြားမှ လူပုဂ္ဂိုလ်များမှာလည်း ဆရာကြီးဂိုအင်ကာ၏ ဝိပဿနာတရားသင်တန်းများတွင် လာရောက်လေ့ကျင့်ခဲ့ကြသည်။


ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ကျူရုမျိုးဆက်ဖြစ်၍ ရှရီ ဆတ္တရနာရယန် ဂိုအင်ကာကို မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ ၂၇ လမ်း ဘာဘူတန်းတွင် ခရစ်နှစ် ၁၉၂၄ ဖေဖော်ဝါရီလ ၁၆ ရက် စနေနေ့ (ကောဇာသက္ကရာဇ် ၁၂၈၅ ခု၊ တပို့တွဲ လဆန်း ၁၂) တွင် ဂိုပီရပ်ဂိုအင်ကာနှင့် ကမာလာဒေဝီတို့မှ ဖွားမြင်ခဲ့သည်။ မွေးစားမိဘများမှာ ဒွါရကဒါးစ် ဂိုအင်ကာနှင့် ရာမိဒေဝီတို့ဖြစ်ကြ၏။ မွေးချင်း ၁၄ ဦးရှိသည်။

ဂိုအင်ကာသည် ပင်ကိုဉာဏ်ထက်မြက်သူဖြစ်သည်။ ၁၉၃၇ တွင် မန္တလေးမြို့၌ ပညာသင်ကြားခဲ့ပြီး ၁ဝ တန်းစာမေးပွဲကို အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့၍ အစိုးရပညာတော်သင် ထောက်ပံ့ကြေးဆုကို ရရှိခဲ့သည်။ ဂိုအင်ကာသည် တက္ကသိုလ်ပညာကို ဆက်လက်မဆည်းပူးနိုင်ခဲ့သော်လည်း ထိုမတိုင်မီကပင် ဗြိတိသျှဘုရင်ခံက ချီးမြှင့်သော ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။[၁]

၁၉၄၂ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်တွင် မာတာကြီး (အီလာချီဒေဝီ) နှင့်အိမ်ထောင်ကျ၍ သား ၆ ယောက်ထွန်းကားသည်။ ၁၉၄၆ ခုနှစ်တွင် ဂိုအင်ကာသည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ်-၂၃၊ ၂၉ လမ်းတွင် စတင်အခြေချနေထိုင်ခဲ့သည်။

အသက် ၃၀ အရွယ်တွင် ရန်ကုန်မြို့ ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်ကြီးများအသင်းချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး လူမှုရေး၊ ယဉ်ကျေးမှု အသင်းအဖွဲ့ပေါင်း များစွာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဗုဒ္ဓဘာသာနှင့်ထိတွေ့ခြင်း[ပြင်ဆင်ရန်]

"အိန္ဒိယနိုင်ငံကလာတဲ့ အမြင့်မြတ်ဆုံးအကျင့်ကို ကျွန်တော် သင်ပေးနေတာ။ ဒါကို တန်ဖိုးမချပါနဲ့။ ရောဂါတစ်ခု ပျောက်ဖို့တင်ပဲ မသုံးပါနဲ့။ ဒီအကျင့်က ဒုက္ခကနေ ခင်ဗျားကို လွတ်မြောက်စေမှာပါ၊ ခေါင်းကိုက်တဲ့ ဒုက္ခလေးကတင်တော့ မဟုတ်ဘူး"ဦးဘခင်

ဂိုအင်ကာသည် အသက် ၃၁ နှစ်အရွယ် ၁၉၅၅ ခုနှစ်တွင် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ စွဲကပ်ခဲ့သောကြောင့် နှစ်ပေါင်းများစွာ ဒုက္ခရောက်ရှိခဲ့ရသည်။ ဤရောဂါကို ဆွစ်ဇာလန်၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ ဂျာမန်စသော နိုင်ငံတို့မှ ပါရဂူကြီးများနှင့် ကုသခဲ့သော်လည်း မပျောက်ကင်းခဲ့ပေ။

ဤသို့ဖြင့် ဂိုအင်ကာသည် ၁၉၅၅ ခု၊ ဇူလိုင်လကုန်လောက်တွင် မိတ်ဆွေဖြစ်သူတရားရုံးချုပ် တရားသူ ကြီးဦးချန်ထွန်း၏ အကူအညီဖြင့် တရားပြဆရာ ဦးဘခင်ထံသို့ ရောက်ရှိခဲ့သည်။ အစပိုင်း၌ ဗုဒ္ခဘာသာတရား၏ အဆီအနှစ်များကို သိရှိလိုသူတစ်ဦးအဖြစ် ရောက်လာခဲ့ခြင်းမဟုတ်ဘဲ ငယ်စဉ်ကပင် စွဲကပ်ခဲ့သော ၁၂ ရက်တစ်ကြိမ် ရောဂါခံစားနေရသော ခေါင်းခဲနာ ကို ပျောက်ကင်းချင်သောကြောင့်ဖြစ်သည်။ ဆရာကြီး ဦးဘခင်ထံသို့ ရောက်သောအခါ ဆရာကြီးဤသို့ဆို၏။

ဤအပြည်ပြည်ဆိုင်ရာဝိပဿနာလုပ်ငန်းဌာနသည် ရောဂါအမျိုးမျိုးကုသ နေသော ဆေးကုဌာနမဟုတ်။ ရောဂါပျောက်လိုသော စိတ်ဆန္ဒဖြင့်သာ ကမ္မဋ္ဌာန်းထိုင်၍ ရောဂါ ပျောက်နိုင်မည်မဟုတ်။ ဗုဒ္ဓလမ်း စဉ်အတိုင်း ယုံကြည်သဒ္ဓါစိတ်ဖြင့်အားထုတ်ပါက ကိုယ်တွင်းအညစ် အကြေးများ ကင်းစင်လာ၍သာ ရောဂါပျောက်ကင်းတတ်သည်။

ထို့ကြောင့် ၁၉၅၅ ခု စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည့် တရားရက်ပတ်တွင်လာရောက်ပါမည်ဟု ဆရာကြီးအား ကတိပေးခဲ့သည်။ သို့သော် စေတီရိပ်သာမှ ပြန်လာပြီးနောက် ၁၂ ရက်တစ်ကြိမ် ပေါ်ပေါက်သောခေါင်းခဲနာမှာ ဖြစ်ပေါ်မလာတော့။ တရားထိုင်ရန်ပေးခဲ့သော ကတိကိုလည်း မေ့လျော့နေ၍ အလုပ်များဖြင့် ရှုပ်နေခဲ့သည်။ ၁၉၅၆ ဩဂုတ်လ ၁ ရက်နေ့တွင် ဦးခေါင်းခဲနာ ပြင်းပြင်းထန်ထန် ပြန်ပေါ်လာခဲ့ပြန်သဖြင့် ကတိပေးထားသည့်အတိုင်း ကမ္မဋ္ဌာန်းတရားထိုင်တော့မည်ဟု ဆုံးဖြတ်၍ ဦးဘခင်ဆီသို့ ထပ်မံရောက်ရှိခဲ့သည်။

ဂိုအင်ကာသည် ပါရမီရင့်သန်သူဖြစ်သောကြောင့် ဦးဘခင် တရားပြပေးသည်ကို ကြိုးစားမှတ်ရှုခဲ့သည်။ ဤသို့ဖြင့် ထိုက်သင့်သော ငြိမ်းချမ်းမှုကို ရသွား၍ ၎င်း၏ဦးခေါင်းခဲဝေဒနာသည်လည်း လုံးဝမပေါ်ပေါက်တော့ပေ။

ဦးဂိုအင်ကာသည် ၎င်း၏ မိသားစုဝင်များကိုလည်း ကမ္မဋ္ဌာန်းတရားအား ထုတ်စေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များဖြစ်သွားကြသည်။ ဂိုအင်ကာ၏ ထူးခြားသော ပြောင်းလဲချက်ကို ကြားရပြီးနောက် ဓမ္မစေတီရိပ်သာသို့ အိန္ဒိယနွယ်ဖွားများစွာ ရောက်ရှိလာခဲ့ကြသည်။ ထိုသူများအတွက် ရိပ်သာမှဆရာများ တရားဟောရာတွင် စကားပြန်အဖြစ် ဆောင်ရွက်ရုံသာ မဟုတ်တော့ဘဲ၊ ၎င်းကိုယ်တိုင် တရားအရည်အသွေး အတော်အတန်ပြည့်စုံနေပြီဖြစ်သောကြောင့် ဦးဂိုအင်ကာအား ၎င်းတို့၏သာသနာပြုလုပ်ငန်းအစီအစဉ်တို့တွင် ထည့်သွင်းစဉ်းစားလာသည်။ နေ့ရောညပါ ၎င်းအား သွန်သင်ပြသပေး၍ များမကြာမီ ဦးဘခင်၏ ယုံကြည်စိတ်ချရသော တပည့်တစ်ဦး ဖြစ်လာခဲ့သည်။

တရားပြခြင်း[ပြင်ဆင်ရန်]

၁၉၆၇ ဇန်နဝါရီလတွင် မန္တလေးပရိသတ်အား တရားပြပေးရာတွင် ဂိုအင်ကာအား စကားပြန်အဖြစ်သာမက ဦးဘခင်တရားပေးပြီး နောက်ပိုင်း၌ တရားစစ်ဆေးခြင်းလုပ်ငန်းများ၊ အခက်အခဲများအား ကူညီဖြေရှင်းပေးသည့်လုပ်ငန်းများကို ဂိုအင်ကာအားယုံကြည်စွာ လွှဲအပ်ခဲ့သည်။ ဤသို့ဖြင့် ဦးဘခင်၏ နယ်လှည့်တရားပြပေးသော လုပ်ငန်းကြီး ချောမောအောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

ဦးဘခင်သည် လွတ်လပ်ရေးမရမီကနေ လွတ်လပ်ရေးရပြီး ၁၉၆၅ အထိ နိုင်ငံခြားသားယောဂီများစွာကို ဗုဒ္ဓ၏ဝိပဿနာတရားတော်ကို ပြသပေးခဲ့သည်။ ထိုယောဂီများကိုအခြေခံ၍ ဦးဘခင်သည် နိုင်ငံခြား၌ သာသနာပြုရန် အားထုတ်ခဲ့သည်။ သို့သော် နိုင်ငံခြားသာသနာပြုလုပ်ငန်းမှာ အကြောင်းကြောင်းကြောင့် ဆက်လက် ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ပေ။ ၁၉၆၂ ဆိုရှယ်လစ်စနစ်သို့ အကူးအပြောင်းတွင် ဦးဂိုအင်ကာ ပိုင်ဆိုင်သော လုပ်ငန်းများသည် ပြည်သူပိုင်သိမ်းသည့်အထဲတွင် ပါသွားသည်။

အိန္ဒိယသို့ ထွက်ခွာခြင်း[ပြင်ဆင်ရန်]

၁၉၆၉ တွင် ၎င်း၏ ဖခင်နှင့်မိခင်တို့သည် မြန်မာပြည်မှ ထွက်ခွာပြီးနောက် အိန္ဒိယပြည် ဘုံဘေမြို့တွင် နေထိုင်ခဲ့ကြသည်။ ၁၉၆၉ ဇွန်လတွင် ၎င်း၏မိခင် ပြင်းထန်စွာနာမကျန်းဖြစ်နေကြောင်း ကြေးနန်းရရှိသဖြင့် ဘုံဘေမြို့သို့ သွားရောက်ခဲ့၏။

အိန္ဒိယတွင် သာသနာပြုခြင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ရှိစဉ် အသိအကျွမ်းဖြစ်သော မစ္စတာဘာခ်ချန်က ဦးဂိုအင်ကာ ဦးစီး၍ ဘုံဘေမြို့တွင် ဝိပဿနာတရား တစ်ပတ်ပြပေးပါရန် အဆိုပြုသည်။ ထို့ကြောင့် တရားနေရာများ စီစဉ်ပြီး လူ ၁၅ ဦးနှင့် စတင်ခဲ့သည်။ ထိုအကြောင်းကို ဦးဘခင်ထံ သတင်းပေးပို့ပြီး ဦးဘခင်ထံမှဖုန်းဖြင့်လမ်းညွှန်မှုကို ခံယူသည်။ ထိုတရားပြသစဉ် ကြုံတွေ့ရသော အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည်။

ထို့နောက် မဒရပ်မြို့၌လည်း တရားချီးမြှင့်ခဲ့သည်။ ဘုံဘေနှင့် မဒရပ်တွင် တရားပြသပြီးနောက် တရားစခန်းဝင်ခဲ့ကြသော ပုဂ္ဂိုလ်တို့မှတစ်ဆင့် ဦးဂိုအင်ကာ၏ တရားပြပုံသတင်း ပျံ့နှံ့သွားခဲ့၏။ အိန္ဒိယပြည်ရှိအခြားမြို့များ၊ ဒေသများမှလည်း မိမိတို့မြို့ရွာအသီးသီးသို့ လာရောက်တရားပြသပေးပါရန် ဖိမန္တကပြုခဲ့ကြသည်။ ၁၉၇၁ ခု ဇန်နဝါရီလအထိ ဘုံဘေမြို့တွင် တရားပတ်လေးကြိမ်၊ မဒရပ်တွင် တရားပတ် ၃ ကြိမ်၊ နယူးဒေလီမြို့တွင် တရားပတ် ၂ ကြိမ်နှင့် စုစုပေါင်း တရားပတ် ၂၇ ကြိမ်၊ လူဦးရေ ၈၇၉ ဦး တရားထိုင်ခဲ့ကြသည်။ ၂၇ ကြိမ်မြောက် တရားပတ်ကို ဗုဒ္ဓဂယာ၌ ကျင်းပနိုင်ခဲ့၏။ ထို့နောက် အိန္ဒိယပြည်အနှံ့၌ ဗုဒ္ဓဘာသာ ဝိပဿနာတရားစခန်းများကို ဖွင့်လှစ်ပြသပေးနိုင်ခဲ့လေသည်။

နိုင်ငံတကာတွင် သာသနာပြုခြင်း[ပြင်ဆင်ရန်]

ထို့နောက် တစ်ဆင့်တက်၍ သာသနာပြုရန်စီစဉ်သည်။ သို့သော် မြန်မာနိုင်ငံသားဖြစ်နေ၍ ကမ္ဘာသို့ သွားခွင့်မရသောကြောင့် ထိုအခက်အခဲကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီမူရာဂျီဒေဆိုင်း၏ ကူညီမှုကြောင့် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံသားဖြစ်ကာ နိုင်ငံကူးလက်မှတ်လည်း ရရှိခဲ့သည်။ ပြင်သစ်နိုင်ငံသို့သွားရောက်ရန် ဗီဇာလည်း ရရှိခဲ့သည်။

ဤသို့ဖြင့် ဂိုအင်ကာ၏ ကမ္ဘာ့သာသနာပြုအစီအစဉ် စတင်နိုင်ခဲ့လေသည်။ ထို့နောက် ဥရောပ၊ အမေရိကနှင့် အခြားနိုင်ငံများစွာကို လှည့်လည်ကာ ဝိပဿနာတရားစခန်းများစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ နိုင်ငံပေါင်း ၈ဝ ကျော်မှ လူများသည် ဝိပဿနာတရားပွားများအားထုတ်ရသည့်အတွက် အကျိုးဖြစ်ထွန်းမှုရရှိကြသည်။ တစ်ကမ္ဘာလုံး၌ ဝိပဿနာရိပ်သာ ၁၃၅ ရိပ်သာနှင့် ယာယီရိပ်သာ ၂ဝဝ ခန့်၌ ဝိပဿနာပွားများအား ထုတ်နည်းကို သင်ကြားပြသပေးခဲ့ကာ ဝိပဿနာတရားပြဆရာ ၉ဝဝ ကျော်ကိုလည်း သင်ကြားပေးခဲ့ပြီး တရားပြဆရာများအဖြစ် ခန့်အပ်ထားသည်။

ထို့ပြင် သုတေသနလုပ်ဆောင်ရန်အတွက် အီဂယ်ပူရီအနီးတွင် ဝိပဿနာသုတေသန အကယ်ဒမီ ဌာနဖွင့်လှစ်တည်ထောင်ထားသည်။ ထို့နောက် မိုဘိုင်း၌ ငွေကုဋေ ၁ဝဝဝ ကျော်အကုန်ကျခံပြီး ဉာဏ်တော် အမြင့် ၃၂၅ ပေရှိသော စေတီတစ်ဆူတည်ထား၍ ယင်းစေတီအတွင်းရှိ အခန်းကြီးထဲတွင် ယောဂီပေါင်း ၈ဝဝဝ နှင့် ရင်ပြင်တော်တွင် ယော ဂီပေါင်း ၂ဝဝဝဝ တစ်ပြိုင်တည်း တရားထိုင်နိုင်သည်။

နောက်ဆုံးနေ့ရက်များ[ပြင်ဆင်ရန်]

၂ဝ၁၃၊ စက်တင်ဘာလ ၂၉ ရက်၊ စနေနေ့ ၁၁ နာရီခန့်တွင် နေအိမ်၌ ကွယ်လွန်ခဲ့၍ အောက်တိုဘာ ၁ တွင် အိန္ဒိယနိုင်ငံ ဘုံဘေမြို့၌ ဈာပနာအခမ်းအနကျင်းပခဲ့သည်။

လုပ်ဆောင်မှုများ[ပြင်ဆင်ရန်]

ကုလသမဂ္ဂအထွေထွေညီလာခံ၊ အိန္ဒိယပါလီမန်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်နှင့် ဆီလီကွန်တောင်ကြား အိန္ဒိယပညာသည်များ အစည်းအရုံး စသည်တို့တွင် ဝိပဿနာသင်တန်းများကို ပို့ချခဲ့သည်။ ဒလိုင်းလားမားက အကူအညီ တောင်းသောကြောင့် တိဗက်ဘုန်းတော်ကြီးများကိုလည်း ဦးဂိုအင်ကာ သွားရောက်၍ ဝိပဿနာပို့ချသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဖြိုးထိန် (9 October 2013)။ ဆရာကြီးဂိုအင်ကာနှင့် သူ့ဘဝ၊ သူ့ဓမ္မခရီး။ ပဲ့တင်သံဂျာနယ်။[လင့်ခ်သေ]