မာတိကာသို့ ခုန်သွားရန်

ဘန်းယဉ်နယ်

ဝီကီပီးဒီးယား မှ

ဘန်းယဉ်နယ်[ပြင်ဆင်ရန်]

ဘန်းယဉ်နယ်သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတိုင်း၊ တောင်ကြီး ခရိုင် အတွင်း၌ ပါဝင်၏။ ဘန်းယဉ်နယ်သည် နယ်နိမိတ်အားဖြင့်မြောက်ဘက် တွင် နောင်မွန်နယ်၊ အရှေ့ဘက်တွင် မိုင်းပွန်နယ်၊တောင်ဘက် တွင် သထုံနယ်၊ အနောက်ဘက်တွင် ညောင်ရွှေနယ်တို့ဖြင့် ဝန်းပတ်လျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၂၁၄ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၁၄၉ ရွာ ပါဝင်၍ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ ၁ဝ၂၃၈ ယောက်ရှိသည်။ ရုံးစိုက်မြို့ဖြစ်သော ဘန်းယဉ်မြို့သည် နယ်၏မြောက်ဘက် စိုစွတ်သော ဒေသတွင် တည်ရှိသည်။

ဘန်းယဉ်နယ်၏ မြေမျက်နှာပြင်မှာ များသောအားဖြင့် သစ်ပင်ကင်းမဲ့သော ကုန်းမြင့်ပြန့်များသာ ဖြစ်သည်။ နယ်၏ အရှေ့ဘက်တွင် တောင်တန်းမြင့် တစ်ခု ဖီလာသန်းလျက်ရှိကာ အမြင့်ဆုံး တောင်ထွတ်ဖြစ်သော လွယ်မောတောင်သည် ၈ဝ၉၉ ပေမျှမြင့်သည်။ ဘန်းယဉ်နယ်အတွင်း တံဖက် ( တံပက် )၊ နမ့်လွတ်၊ နမ့်တံနှင့် နမ့် ဝန်ချောင်းများ စီးဆင်းသည်။ စင်စစ်သော်ကား ဘန်းယဉ်နယ်သည် တံဖတ်ချောင်း ချိုင့်ဝှမ်းအတွင်း၌ တည်ရှိသည်ဟု ဆိုနိုင်လေသည်။

ဘန်းယဉ်နယ်တွင် အဓိက စိုက်ပျိုးသော ကောက်သီး ကောက်နှံမှာ စပါးဖြစ်သည်။ ဆည်မြောင်းအားဖြင့် ရေသွယ် ယူစိုက်ပျိုးခြင်းဖြင့်လည်း တော်တော်များများပင် ထွက်သည်။ ကုန်းမြင့်တွင် တည်ရှိသော နေဆန်တိုက် နယ်တွင် တောင်စောင်းများကို လှေကားထစ်သဖွယ် ပြုလုပ်စိုက်ပျိုးသည်။ လွယ်ဟွမ်တွင် သနပ်ဖက် အများအပြား စိုက်ပျိုးသည်။ ရှေးအခါက မဲနယ် စိုက်ပျိုးခဲ့သော်လည်း ထိုလုပ်ငန်းကို ယခုခါ မလုပ်ကိုင်တော့ပြီ။ ဆန်စပါးအပြင် မည်သည့်ပစ္စည်းမျှ တင်ပို့ရောင်းချခြင်း မရှိချေ။ ဘန်းယဉ်နယ်တွင် သစ်တောဟူ၍ မရှိပေ။

ဘန်းယဉ်နယ်တွင် နေထိုင်သူအများစုမှာ တောင်သူ( ပအိုဝ်း ) များဖြစ်၏။ ရှမ်းလူမျိုးများနှင့် အင်းသားတို့လည်း နေထိုင်ကြ သည်။ တောင်သူ( ပအိုဝ်း )တို့သည် မြေနိမ့်ပိုင်းတွင် မနေကြပေ။ ရှမ်းများသည် အနောက်ဘက်နှင့် မြောက်ဘက် မြေပြန့် အရပ်များတွင် နေထိုင်ကြသည်။ အင်းသားများသည် ပြည်နယ် အတွင်း ချောင်းရိုးများတစ်လျှောက်တွင် နေထိုင်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)