ခြေနီငှက်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ခြေထောက်နီသည်ကို အစွဲပြု၍ ဤငှက်ကို ခြေနီငှက်ဟု ခေါ်သည်။ မြန်မာနိုင်ငံသို့ ဆောင်းရာသီတွင်သာ လာရောက် ကျက်စားတတ်သော ငှက်မျိုးဖြစ်သည်။ ရေတွင်သွားလာ ကျက်စားသော ငှက်မျိုးများ တွင် အလှဆုံးဖြစ်သည်ဟု ဆိုကြ သည်။

ဗြိတိသျှကျွန်းစုတွင် ပေါက်ပွား၍ ဆောင်းရာသီတွင် အာဖရိကတိုက်တောင်ပိုင်းမှ ဖိလစ်ပိုင်ကျွန်းစုအထိ ပျံ့နှံ့စွာ နေသည်။

အလျား ၁၁ လက်မခန့်မျှ ရှိသည်။ ခြေထောက်ရှည်၍ နီသည်။ နှုတ်သီးလည်း ရှည်သည်။ ပျံသန်း သည့်အခါ ဖြူဖွေး သောဖင်ပိုင်းနှင့် မြီးတောင်များကို မြင်ရသည်။ တောင်ပံမှာ တစ်ပိုင်းဖြူ၍ တပိုင်းညိုမည်း နေသည်။ နွေဥတု၌ ကိုယ် အပေါ်ပိုင်း မည်းနက်၍ အောက်ပိုင်းညိုသည်။ ခြေနီငှက်သည် ချောင်းနှင့်လဟာပြင်ရှိရာ အရပ်များတွင် ကျက်စားသည် ရေလွှမ်းသည့်အခါ လယ်ကွင်းများတွင်လည်း ကျက်စားတတ်သည်။ ပျံသန်းရာတွင် လျင်မြန်သည်။ ဘယ် ယိမ်း ညာနွဲ့ ပျံတတ်သည်။ တောင်ပံအနည်းငယ် ရိုက်တတ် သည်။ စိတ်ယနမကင်းသည့်အခါ လည်တညိတ်ညိတ်နှင့် နေတတ်သည်။ မြေသို့ သက်သည့်အခါ အတောင်ကို ကျော ပေါ်၌ ထောင်၍ တစ်ခဏမျှ တင်ထားတတ်သည်။ ခြေနီငှက် ၏ အစာမှာ ရေပိုးရေမွှားနှင့် ပိုးကောင်မွှားကောင်များ ဖြစ်၍၊ နှစ်ကောင်သုံးကောင် စသည်ဖြင့် အုပ်သင်းကလေးများဖွဲ့ကာ နေလေ့ရှိကြသည်။

ခြေနီငှက်၏အသံမှာ နားထောင်ကောင်းသော လေချွန် သံမျိုး ဖြစ်သည်။ သို့သော် ကြောက်လန့်တကြား ဖြစ်သည့် အခါ ဆူညံစွာအော်၍ တစ်ဟုန်ထိုး ပျံတတ်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)