ချစ်ပမန့်ရှဉ့်

ဝီကီပီးဒီးယား မှ
ချစ်ပမန့် (Chipmunks)
Eastern chipmunk (Tamias striatus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Rodentia
မျိုးရင်း: Sciuridae
မျိုးဇာတ်: Marmotini
မျိုးစု: Tamias
Illiger, 1811
မျိုးစိတ်

မျိုးစိတ်များ

ချစ်ပမန့် (Chipmunks) ခေါ် ချစ်စရာကောင်းသော ရှဉ့်ကလေးတစ်မျိုးကို မြောက်အမေရိကတိုက်၌ တွေ့ရသည်။ ယင်း၏အရွယ်မှာ နှာဖျားမှ အမြီးဖျားအထိ ၉ ၁/၂ လက်မ ၁ဝ လက်မခန့် ရှည်၍၊ ကြွက်ပူးတို့ကဲ့သို့ ကိုက်ဖြတ်သတ္တဝါမျိုးပင် ဖြစ် သည်။ နှုတ်သီးချွန်၍ အမြီးစုတ်ဖွား ဖြစ်သည်။ အရောင်မှာ အညို သို့မဟုတ် နီညိုရောင်ဖြစ်၍၊ ကျောနှင့် ကိုယ်နံဘေး တွင်၎င်း၊ ပါးတွင်၎င်း၊ အဖြူစင်းများပါရှိသဖြင့် အလွန် လှပသည်။ ပါးစောင်နှစ်ဘက်၌ အသီးအနှံ စသောအစာများကို သိုလှောင်သယ်ဆောင်ရန် အိတ်များပါရှိခြင်းကြောင့် ထူးဆန်းသည်။

ဤရှဉ့်ကလေးမျိုးသည် ရှဉ့်အစစ်တို့ကဲ့သို့ သစ်ပင်ထက်တွင် မနေဘဲ မြေပေါ်၌သာ အနေများသည်။ အလွန်သိတတ်၍၊ မနေမနား အလုပ်လုပ်လေ့ရှိ၏။ နေထိုင်ရန် တွင်းတူးရသည်။ ရန်သူအသိခက်အောင် တူးဆွပြီးသောမြေကြီးများကို တွင်းဝမှ ခပ်ဝေးဝေးနေရာ၌ ထားတတ်သည်။ တွင်းမှာ ပေ ၂ဝ ခန့် နက်၍ တွင်း၌ ရေညိ|၊ သစ်ရွက်၊ မြက်တို့ဖြင့် အိပ်ရာနေရာ တို့ကို ပြုလုပ်သည်။ အစာလှောင်ခန်းများ ပြုလုပ်၍၊ ဆောင်းရာသီ ခိုအောင်းချိန်၌ စားသုံးရန်အစာ ရေစာတို့ကို လိုသည်ထက် ပို၍ မြောက်မြားစွာ စုဆောင်းတတ်သည်။ ရန်သူနှင့်တွေ့က ထွက်ပြေးနိုင်ရန် အပေါက်ဖောက်လုပ်ထားသည်။

ယင်းတို့သည် တစ်ကောင်နှင့်တစ်ကောင် ရင်းနှီးခင်မင်စွာ နေထိုင်တတ်သည့်အလျောက် များသောအားဖြင့် နေရာကောင်း တစ်ခုကို ရွေးချယ်ပြီးနောက် ကိုယ်စီကိုယ်ငှ တွင်းတူးကာ အုပ်ဖွဲ့၍ နေထိုင်လေ့ရှိကြသည်။ နွေရာသီ နေသာသောအခါ များတွင်၊ တွင်းအပြင်ဘက်၍ နေပူစာလုံယင်း တစ်ကောင်နှင့် တစ်ကောင် ဆူညံစွာ အသံပြု၍ နေတတ်သည်။ ထိုသို့သော အချိန်တွင် တစ်ကောင်ကောင်က အချက်ပေးလိုက်လျှင် ရန်သူ ဖြစ်သော မြေခွေးများလာ၍လော၊ စွန်များဝဲ၍လောဟု တွေးတော မနေတော့ဘဲ တစ်ခါတည်း တွင်းထဲအရောက် ဝင်ပြေးလေ့ ရှိကြသည်။ တစ်ကိုယ်ကောင်းစိတ် မရှိသည့်အတိုင်း တစ်ကောင် နှစ်ကောင်က ရန်သူကို အမြဲစောင့်ကြည့်၍ နေတတ်သည်။ ရန်သူလာလျှင်လည်း မိမိတစ်ကိုယ်တည်း လွတ်ရုံမပြေးဘဲ အခြားအဖော်များကိုပါ အချက်ပေးလေ့ရှိသည်။

ချစ်ပမန့်ရှဉ့်ကလေးတို့သည် နွေနှင့် ဆောင်းဦးရာသီတွင် သစ်သီးသစ်ဥများကို စား၍၎င်း၊ ငှက်သိုက်ထဲက ဥများကို ခိုး၍၎င်း၊ ပိုးကောင်များကို ဖမ်း၍၎င်း၊ ပျော်ပျော်ပါးပါး စားသောက်လျက် အချိန်ကို ကုန်စေသည်။ ထို့နောက် ဆောင်းဥတု အေးမြသောရာသီ ရောက်လာသောအခါ စုဆောင်းထားသော အစာကို စားသောက်၍ တွင်းအောင်းကာ ဆောင်းခိုလေ့ရှိသည်။ ဤရှဉ့်ကလေးမျိုးသည် မေလ၊ ဇွန်လလောက်တွင် သားတစ်ခါမွေး၍ ဩဂုတ်လလောက်တွင်လည်း တစ်ခါတစ်ရံ တစ်သားထပ်မွေးတတ်သည်။ တစ်ကြိမ်လျှင် လေးငါးကောင်ခန့် မွေးတတ်၏။ အနောက်နိုင်ငံများတွင် ချစ်ပမန့်ရှဉ့်ကို အချို့က အိမ်တွင်အလှမွေး၍ ယုယကြသော်လည်း၊ တောင်သူလယ်သမားများကမူ မိမိတို့၏ ယာခင်းစိုက်ခင်းများကို ဖျက်ဆီးသော ရန်သူဟူ၍ ယူဆကြကာ ထိုရှဉ့်ကလေးများ မလာရောက်နိုင်ရန် ကာကွယ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)