ချစ်ကောင်း(ဗိုလ်မှူး)
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်သော ကာနယ်ချစ်ကောင်း (ခေါ်) ဗိုလ်မှူးချစ်ကောင်း (ခေါ်) ရဲဘော်စိုးမောင်အား ၁၉၂၀-ခုနှစ်၊ မြင်းခြံခရိုင် လယ်သစ်ရွာတွင် မြေတိုင်းစာရေးကြီး ဦးအုန်းဖေ၊ အမိ ဒေါ်အိတို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မြင်းခြံမြို့ အေဘီအမ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပြီး ၁၉၃၆ ခုနှစ်၊ မန္တလေးဥပစာကောလိပ်မှ ဥပစာ (သိပ္ပံ) အောင်သည်အထိ ပညာသင်ကြားခဲ့သည်။
ဗိုလ်မှူးချစ်ကောင်းသည် ဒုတိယကမ္ဘာစစ် မတိုင်မီခေတ် ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်၍ မြင်းခြံခရိုင်၊ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌနှင့် မြေအောက် တော်လှန်ရေး အင်အားစု ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဘီအိုင်အေ၊ ဘီဒီအေတပ်များမှာ ပါဝင်၍ မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်း အပါတ်စဉ် (၂) သို့ တက်ရောက်ခဲ့သည်။
ဖက်ဆစ် တော်လှန်ရေး
[ပြင်ဆင်ရန်]ထို့နောက် ၁၉၄၄ ခုနှစ်တွင် စစ်ဦးစီး ဌာနချုပ်ရုံးတွင် အမှုထမ်းဆောင်နေစဉ် အိန္ဒိယသို့ လျှို့ဝှက်စေလွှတ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၎င်းနှင့်အတူ သွားရောက်ခဲ့သူများမှာ သခင်ဗိုလ် (ဂျပန် တော်လှန်ရေး အတွက် အိန္ဒိယမှ မြန်မာနိုင်ငံသို့ လေထီးဆင်းရန် လေယာဉ်ပျံအတက်တွင် ပျက်ကျကာ သေဆုံး)၊ မန်းဝင်းမောင် (နောင် နိုင်ငံတော် သမ္မတကြီး)၊ ကိုကျော်ရင် (ကထိက ဦးကျော်ရင်)၊ ကိုအုန်းမောင် (လေထီးဦးအုန်းမောင်) တို့ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့ရှိ အင်္ဂလိပ်တို့ ဖွင့်လှစ်ထားသော ဗမာပြည် ဌာနခွဲ (B.C.S.) တွင် ဂျပန် တိုက်ခိုက်ရေးနှင့် ပတ်သက်သည့် စည်းရုံးရေးနည်း၊ စာလုံးမပေါ်အောင် ရေးနည်း၊ ဖတ်နည်း၊ ပြောက်ကျားတပ် ဖွဲ့နည်း၊ ဖောက်ခွဲ ဖျက်ဆီးနည်း၊ လက်နက်ငယ်များ ကိုင်စွဲပစ်ခတ်နည်း စသည်တို့ကို သင်ကြားခဲ့ရသည်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သင်တန်းဆင်းပြီးသော အခါ စစ်ဘက်ဆိုင်ရာတို့၏ စီစဉ်ချက်အရ မြန်မာနိုင်ငံတွင် ဂျပန်တို့ သိမ်းပိုက်ထားသော နယ်မြေများ အတွင်းသို့ လေထီးဖြင့် ဆင်း၍ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ကြီးနှင့် ပူးပေါင်းကာ ဖက်ဆစ် တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားခဲ့သည်။
ပြည်သူ့အာဏာ ဂျာနယ်
[ပြင်ဆင်ရန်]ထို့နောက် ကန္နီစာချုပ်အရ ဗမာ့တပ်မတော်ကို မြန်မာနိုင်ငံ စစ်တပ် (ဘားမားရိုင်ဖယ်) အဖြစ် ပြောင်းလဲဖွဲ့ စည်းသောအခါ ဗိုလ်မှူးချစ်ကောင်းသည် တပ်မတော်တွင် အမှုမထမ်းတော့ဘဲ ကွန်မြူနစ်ပါတီ၏ ကြွေးကြော်သံ အာဘော်ဖြစ်သော ပြည်သူ့အာဏာ ဂျာနယ် ထုတ်ဝေရေး အတွက် ကိုဗဟိန်းနှင့် အတူ စိုင်းပြင်းခဲ့သည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြည်သူ့အာဏာ ဂျာနယ် စတင် ထုတ်ဝေနိုင်ခဲ့သည်။
၁၉၄၆ ခုနှစ်၊ မေလတွင် အင်းစိန်ခရိုင်၊ ထန်းတပင်မြို့၌ လူထုတန်းစီ လှည့်လည် အင်အားပြပွဲကို ပုလိပ်များက သေနတ်နှင့်ပစ်ရာ လယ်သမားကြီး လေးဦး ထိမှန် သေဆုံးခဲ့ရသောကြောင့် 'ထန်းတပင် သေနတ်ပစ်မှုကြီး' အုံ့ကြွ ဖြစ်ပေါ်လာသည်။ ဗိုလ်မှူးချစ်ကောင်းသည် အဆိုပါ သေနတ်ပစ်မှုကြီးနှင့် ပတ်သက်၍ ပြည်သူ့အာဏာဂျာနယ်မှနေ၍ ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားခဲ့သည်။ ထို့ပြင် ရမည်းသင်း အရှေ့ဘက်တွင် ရှိသော နန်းစွဲရွာတောင်ပေါ်မှ ရေကို ရမည်းသင်းအထိ ဖောက်ယူနိုင်ရေး စီမံကိန်းတွင် ဒေသဆိုင်ရာပါတီ အဖွဲ့အစည်းပေါင်းစုံနှင့် ပူးပေါင်း၍ တက်တက်ကြွကြွဆောင်ရွက်ခဲ့သည်။
တောခို
[ပြင်ဆင်ရန်]၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဗမာ ကွန်မြူနစ် ပါတီ တောခိုသော အခါ ဗိုလ်မှူးချစ်ကောင်းသည် ပျဉ်းမနားမှ တဆင့် လိုက်ပါသွားခဲ့သည်။ ထို့နောက် မကြာမီမှာပင် ဗမာပြည် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီဝင် တဦး ဖြစ်လာခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပြည်သူ့ တပ်မတော်တွင် နိုင်ငံရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရသည် ဗိုလ်မှူးချစ်ကောင်းအား အရှင် သို့မဟုတ် အသေ ဖမ်းဆီးမိပါက ဆုငွေ ငါးသောင်း ချီးမြှင့်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ဖမ်းဆီးခံရ
[ပြင်ဆင်ရန်]၁၉၅၇ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ရန်ကုန်ပုလိပ်အဖွဲ့၏ ဖမ်းဆီးခြင်းခံရကာ ပုဒ်မ ၅ ဖြင့် ထိန်းသိမ်းခံရသည်။ ထိန်းသိမ်းခံရစဉ် အတွင်း ခရိုင် တရားသူကြီး ဦးသန်းနွဲ့ရုံးမှ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ရာဇသက်ကြီး ပုဒ်မ ၁၂၂ (၁) အရ သေဒဏ် ကျခံစေရန် အမိန့် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၁၉၆ဝ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်၊ တနင်္လာနေ့တွင် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမောင် (မန်းဝင်းမောင်) ၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် ကြိုးဒဏ်မှ လွတ်မြောက်ကာ ထောင်မှ လွတ်မြောက် သွားခဲ့သည်။
ဗိုလ်မှူးချစ်ကောင်းသည် ထောင်ထဲ၌ စုစုပေါင်း ၃ နှစ်နှင့် ၅ လတိတိ ကြာခဲ့သည်။ (ဘားလမ်း အချုပ်ခန်း၌ ၁ နှစ်နီးပါးနှင့် ကြိုးတိုက်ထဲတွင် ၈ လနီးပါး အပါအဝင်) ထို့နောက် ၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ပုဒ်မ ၅ ဖြင့် ထပ်မံ အဖမ်းခံရပြန်သည်။
၁၉၆၄ ခုနှစ်၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားသော အခါ ဗိုလ်မှူးချစ်ကောင်းသည် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြန်လည် ဆက်သွယ်ကာ တောခို သွားခဲ့သည်။ ထို့နောက် ဗိုလ်မှူးချစ်ကောင်း (ခေါ်) ရဲဘော်စိုးမောင်သည် ၁၉၆၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဟင်္သာတခရိုင်၊ လေးမျက်နှာနယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတနေရာတွင် ကျဆုံး သွားခဲ့သည်။
မိသားစုဘဝ
[ပြင်ဆင်ရန်]ဗိုလ်မှူးချစ်ကောင်းသည် သာယာဝတီခရိုင်၊ စစ်ကွင်းမြို့နေ ဦးသာဖေ၊ ဒေါ်ယုတို့၏ သမီးဖြစ်သူ ဒေါ်ခင်မျိုးညွန့် (မြန်မာပြည် ကွန်မြူနစ် ပါတီဝင်) နှင့် ၁၉၄၈ ခုနှစ်တွင် လက်ထပ်ကာ သားသမီး သုံးဦး ထွန်းကားခဲ့သည်။ သားသမီးများမှာ စိုးချစ်ထွန်း၊ ခင်မာအေးချစ်၊ ခင်မေထွန်းချစ်တို့ ဖြစ်သည်။
ရေးသားခဲ့သောစာများ
[ပြင်ဆင်ရန်]ဗိုလ်မှူး ချစ်ကောင်းသည် ပြည်သူ့အာဏာ ဂျာနယ်၊ အလင်းရောင် သတင်းစဉ်၊ ဒဂုန်မဂ္ဂဇင်းနှင့် အခြား စာနယ်ဇင်းများ၌
- 'သိန်းဖေစခန်းမှ သိန်းဖေစခန်းသို့' (၁၈၄၅)၊
- 'လေးဆယ်တစ်' (၁၉၅၈)၊
- 'အနှစ်နှစ်ဆယ်' (၁၆ဝ)၊ (၁၉၄၀ ခုနှစ် မြင်းခြံမြို့ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် နယ်ချဲ့ကို ဆန့်ကျင်ခဲ့သည် မှ ၇-၈-၆၀ နေ့ ကြိုးတိုက်မှ လွတ်လာသည် အထိ ဗိုလ်မှူးချစ်ကောင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ )
- 'နိုင်ငံရေးအဘိဓာန်' (၁၉၆၃)၊
- 'လူ၏ မူလအစ' (၁၈၆၃) (ချားလ်ဒါဝင်၏ On the Origin of Species နှင့် ပတ်သက်သည့် စာအုပ်)တို့ ဖြစ်သည်။
၁၉၆၈ ခုနှစ်က Pelican စာအုပ်တိုက်ထုတ် ဂျမန်စစ်ဗိုလ်ချုပ်ကြီး ကလော့စ်ဝစ် (Carl Von Clausewitg) (၁၇၈ဝ-၁၈၃၁) ၏ On War စာအုပ်ကို 'စစ်၏ အခြေခံဥပဒေသ' အမည်ဖြင့် ဘာသာပြန်ဆိုသော်လည်း စာအုပ်အဖြစ် မထုတ်ဝေဖြစ်ခဲ့ချေ။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ်