ကွန်ဂိုမြစ်

ဝီကီပီးဒီးယား မှ
မိုဆာကာ အနီးတွင် တွေ့ရသော ကွန်ဂိုမြစ်

ကွန်ဂိုမြစ်ကို ဇိုင်ရီမြစ်ဟုလည်း ခေါပြီး အာဖရိကတွင် ရှိသော မြစ်တစ်စင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် အနက်ဆုံးမြစ်ဖြစ်ပြီး ၇၅၀ပေ( ၂၃၀ မီတာ) ကျော်မျှ နက်ရှိုင်းသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးမြစ်ဖြစ်သော အမေဇုံမြစ်၏ ထုထည် ၅ပုံ၁ပုံ မျှသာ ရှိသော်လည်း ကမ္ဘာပေါ်ရှိ မြစ်များတွင် ဒုတိယမြောက် ရေစီးထွက်မှု အများဆုံး မြစ်ဖြစ်သည်။ အရှည်အားဖြင့် ၂၉၂၀ (၄၆၇၂မိုင်) ကီလိုမီတာ ရှိသဖြင့် ကမ္ဘာပေါ်တွင် နဝမမြောက် အရှည်ဆုံးမြစ် ဖြစ်သည်။

ကွန်ဂိုမြစ် မြစ်ဝှမ်းဒေသမှာ ၁,၅၅၀,၀၀၀ စတုရန်းမိုင် (၄,၀၁၄,၅၀၀ စတုရန်း ကီလိုမီတာ) မျှ ရှိသည်။ ကွန်ဂိုမြစ်သည် မြစ်ဝ၌ တစက္ကန့်လျှင် ၂၃,၀၀၀ ကုဗမီတာ (တစက္ကန့်လျှင် ၈၁၀,၀၀၀ ကုဗ ပေ) မှ တစက္ကန့်လျှင် ၇၅,၀၀၀ ကုဗမီတာ (တစက္ကန့်လျှင် ၂,၆၀၀,၀၀၀ ကုဗပေ) နှုန်းအထိ ရေထုတ်လွှတ်မှုနှုန်း ရှိပြီး ပျမ်းမျှ ရေထုတ်လွှတ်မှုနှုန်းမှာ တစက္ကန့်လျှင် ၄၁၀,၀၀၀ ကုဗမီတာ (တစက္ကန့်လျှင် ၁,၄၀၀,၀၀၀ ကုဗပေ) မျှ ဖြစ်သည်။

ကွန်ဂိုမြစ်နှင့် ၎င်း၏ မြစ်ခွဲများသည် ကမ္ဘာပေါ်တွင် တောင်အမေရိကရှိ အမေဇုံတောအုပ်ပြီးလျှင် ဒုတိယအကြီးဆုံး မိုးသစ်တော ဖြစ်သည် ကွန်ဂိုတောအုပ် အတွင်းတွင် ဖြတ်သန်း၍ စီးဆင်းကြသည်။ ကမ္ဘာပေါ်တွင် အမေဇုံမြစ်ပြီးလျှင် ဒုတိယမြောက် အများဆုံး ရေစီးဆင်းမှုရှိပြီး မြစ်ဝှမ်းဒေသမှာ အမေဇုံမြစ်နှင့် ရိုင်ယိုဒီ ပလာတာ မြစ်တို့ပြီးလျှင် တတိယမြောက် အကြီးဆုံး ဖြစ်သည်။ မြစ်ဝှမ်းဒေသသည် အီကွေတာ၏ အထက်နှင့်အောက်တွင် တည်ရှိသဖြင့် မြစ်၏ အစိတ်အပိုင်း တစ်ခုခုသည် မိုးရာသီနှင့် အမြဲတမ်း တွေ့ကြုံနေရသည်။

ကွန်ဂိုဆိုသော အမည်မှာ ယခင်က မြစ်ဝ တည်ရှိခဲ့သော ရှေးခေတ် ကွန်ဂိုတိုင်းပြည်၏ အမည်ကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ကွန်ဂိုသမ္မတနိုင်ငံ နှစ်ခုစလုံးသည် ကွန်ဂိုမြစ်၏ ကမ်းပါးပေါ်တွင် တည်ရှိကြပြီး ကွန်ဂိုမြစ်ကို အစွဲပြု၍ နိုင်ငံနာမည်ကို မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ၁၉၇၁ ခုနှစ်နှင့် ၁၉၉၇ ခုနှစ် အကြားက ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကို ဇိုင်ရီနိုင်ငံ ဟု ခေါ်သဖြင့် ကွန်ဂိုမြစ်ကိုလည်း ဇိုင်ရီမြစ်ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

ကင်ရှာဆာမြို့တော် မာလူကူ အနီးတွင် တွေ့ရသော ကွန်ဂိုမြစ်
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် တွေ့ရသော ကွန်ဂိုမြစ်ကို သရုပ်ဖော်ထားသည့် ရုပ်တု။ ကွန်ဂိုသည် ဘယ်လ်ဂျီယမ်၏ ကိုလိုနီ အဖြစ် ၁၉၀၈ မှ ၁၉၆၀ အထိ တည်ရှိခဲ့သည်။