ကြံတိုင်းမအောင်လောကဘောင်

ဝီကီပီးဒီးယား မှ

ကြံတိုင်းမအောင်လောကဘောင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဦးကျော်လှသည် မိမိ၏ သားများ၊ ညီတပည့်များ အနိစ္စရောက်ရာတွင် ဖွဲ့ဆိုထားသည်။

ကြံတိုင်းမအောင်လောကဘောင်[ပြင်ဆင်ရန်]

ကလာပ်မျှ အတ္တဆိုသမုတ်ကြ၊ ထိုရုပ်သွင်ဝိညာဉ်စဲသည်ဟု၊ ထင်မိသည်ငါ့ကိုယ်ဆွဲရယ်လို့၊ အတ္ထနာ ပရမတ္တဓမ္မာ မခွဲနိုင်ဘု၊ ဖောက်လွှဲကာကိုယ်ကာယ၊ ဇာတိဇရာနဲ့၊ ဗျာဓိမရဏာ၊ လွတ်မငြိမ်းနိုင်ဘု၊ ဒွတ္တိံသာမြတ်ကမ္မဋ္ဌာန်းတွင်မှ ရပ်တန်းတွင် ရပ်ချိန်ဖြင့်သင့်ချေပေါ့၊ ကျမ်းဂန်နှင့် မှန်းချင့်သော်။

လောဘမူ ဒေါသမူ၊ ဤနှစ်ဝငယ်နှင့်၊ မောဟပါဂဟေစပ်တော့၊ သေတတ်တယ်မထင်သေးပြီဘု၊ ရင်သွေးမောင်သတို့၊ မောင်စိုးအစ်ကိုကြီးနှင့်၊ သဘင်တစင်စီးမယ်လို့၊ ယှဉ်မှီးကာဘယ်သူဖျက်မလဲ၊ ကြားမန်ဆောင် အားအန်တက်မိမှ၊ မှားချက်ကချော်။

ခါဝဿန် ယမန်နှစ်ဆီက၊ ရင်နှစ်မောင်သတိုးကြောင့်၊ စိတ်ညိုးကာ မကြည်နောက်ခဲ့၊ မောင်ကောက်ညီတပဲ့က၊ လာတဲ့ခါသတိကောင်းစေဘို့၊ မိကျောင်းရေကင်းပြသည့်နှယ်၊ သနားစရာအာပါးမျာ တရားခမြာက ဟောရှာရဲ့၊ မာကြောစွာပြန်လို့သွားတော့၊ မယားပါလင်ပါဆုံးရှာကြ၊ စာကုံးလို့လွမ်းစပေါ်၊ မင်းလှကျော်ဗျာများ။

ကျွန်ုပ်မှာ၊ ပုတ္တာသားတွေက၊ ရုပ်သေးတွင်တစ်ခေါ်လောက်ခါမှ၊ မရဏာခန္ဓာပျောက်သည့်ပြင်၊ မောင်ကောက်ဝိညာဉ်စဲသူကြောင့်၊ လွမ်းပါတယ်ဝမ်းသာနဲမိတော့၊ လက်စွဲကိုင်ပညာရှိရဲ့၊ ဟာနိယံ အရွယ်ရင့်ပြီမို့၊ ပယ်သင့်ပြီဒီအတတ်ကိုဖြင့်၊ မပြတ်နိုင် အမျှင်ရှုပ်သောကြောင့်၊ ခင်ပုဂ္ဂိုလ်သင်္ဂြိုဟ်ရေးတွင်းမှ၊ ရုပ်သေးနှစ်ချီပြန်ပြရ၊ ဇီဝနံကြွေကာပျက်သူကြောင့်၊ ကျမျက်ရေထွေထွေယိုမိ၊ ကိုယ့်ကိုသေမယ့်ဘေးတောင်မှ၊ ဆုံးသူမှာနှလုံးပူလို့ ဆွေးရတယ်၊ ဝေးတဲ့တရား။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ကလာပ် = ခန္ဓာကိုယ်တွင် ဖွဲ့စည်းထားသော ရုပ်အစု။

၂။ အတ္တ = ခန္ဓာကိုယ်ကို ငါဟု စွဲလမ်းခြင်းတရား။

၃။ ပရမတ်ဓမ္မာ = ပရမတ္တဓမ္မ၊ မှန်ကန်သောတရား။

၄။ ဇာတိ = ဘဝဖြစ်ရခြင်း။

၅။ ဇရာ =အိုမင်းရခြင်း။

၆။ ဗျာဓိ = ရောဂါဖြစ်ရခြင်း။

၇။ မရဏာ = သေရခြင်း။

၈။ ဒွတ္တိံသာ = ၃၂ ပါးသော ရုပ်တရားစု။

၉။ လောဘမူ = လောဘအရင်းခံသောစိတ်။

၁၀။ ဒေါသမူ = ဒေါသအရင်းခံသောစိတ်။

၁၁။ ဟာနိ = ဆုတ်ယုတ်ခြင်း၊ ဆုတ်ယုတ်သောအရွယ်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။