ကြောင်ပန်းဆရာတော်
ကိုလိုနီခေတ်ဦး မြန်မာနိုင်ငံ ပဋိပတ္တိသာသနာတွင် ကြောင်ပန်း ဝိပဿနာ၊ ကြောင်ပန်းတရားနှင့်အတူ ကြောင်ပန်းဆရာတော် အမည် ဖြင့် ထင်ရှားသည်။ ကမ္ဘာကျော် လယ်တီဆရာတော်၏ လက်ရင်းတပည့်ကြီး ဖြစ်ရုံမျှမက လယ်တီဆရာတော်ကိုယ်တိုင် ရှင်ရဟန်း ဒါယကာခံ စောင့်ရှောက်ပျိုးထောင်ခဲ့သည့် ပဋိပတ္တိအမွေခံ တပည့်ရင်းဖြစ်သည်။ ပရိယတ္တိစာပေကို မန္တလေးမြောက်ပြင် စံကျောင်းတိုက်စာချရှင်ဉာဏ (လယ်တီဆရာတော်) နှင့် ရာဇဂုရုဘွဲ့ ၃ တန်ရ ဆီးဘန်နီဆရာတော်တို့ထံ သာမဏေ ၁ ဝါ၊ ရဟန်း ၁၀ ဝါရသည်တိုင် သင်ယူခဲ့သည်။ ပဋိပတ္တိကျင့်စဉ်ကို လယ်တီဆရာတော်၏ လမ်းညွှန်စောင့်ရှောက်မှုဖြင့် မဟာမြိုင် ဝက်ရဲတောတွင် ၆ နှစ် ကျင့်ကြံအားထုတ်ခဲ့သည်။ ကျင့်ကြံ အားထုတ်မှုတွင် လယ်တီဆရာတော်၏ ကျေနပ်အားရမှုခံရကာ ပဋိပတ္တိ သာသနာ ပြန့်ပွားရေးအတွက် တရားဟောပြောရန် တိုက်တွန်းခံရသည်။ ကြောင်ပန်းတရားတွင် တုံးနာမ် တိုင်နာမ်နှင့်ပတ်သက်၍ အငြင်းပွားရာ လယ်တီဆရာတော်က “ကြောင်ပန်း၏ဉာဏ် လူသာမန် မှီရန်ခဲယဉ်းပါ သကွာ' ဟု မိန့်ဆိုခဲ့သည်။ ကြောင်ပန်းဆရာတော်ကမူ ‘ပဏ္ဍိခေါ် တောင်ပံနီတို့က၊ မောင်ကြံစည် တုံးဟာရုပ်ပါလို့၊ ဟုတ်မလိုပြော။ ဝိညာဏံ၊ မာယူပမာဏံလို့၊ ပိဏ္ဍောပမံ၊ သုတ္တန်က လင်းရက်ကနှင့်၊ ဗုဒ္ဓံကိုရုပ်ခံလို့ ငြင်းကြလျှင် မင်းတို့သဘော” ဟု တုံ့ပြန်ခဲ့ပါသည်။
ဣန္ဒက၊ ရှင်၊ ကြောင်ပန်းဆရာတော်—
[ပြင်ဆင်ရန်]၁၈၆၀ ပြည့် စက်တင်ဘာလ ၁၇ ရက် တနင်္ဂနွေနေ့တွင် အလုံ စီရင်စု၊ ကျီးပင်ချောင်ရွာ (မုံရွာခရိုင်၊ ဘုတလင်မြို့နယ်) ၌ ဖွားသည်။ အဖ တောင်သူ ဦးမြ၊ အမိ ဒေါ်ဒွေးလှိုင် ဖြစ်သည်။ မွေးချင်းနှစ်ယောက် တွင် အကိုကြီး၊ အမည် မောင်သံတူ တွင်သည်။
၆ နှစ်အရွယ်တွင် ကျီးပင်ချောင် ရွာဦးကျောင်းဆရာတော် ရှင်မုနိန္ဒထံ စတင်ပညာသင်သည်။ ငယ်စဉ်ကပင် ဉာဏ်ထက်မြက်၊ စိတ်နေစိတ်ထား တည်ကြည်ငြိမ်သက်သည်။ ၁၄ နှစ်အရွယ်တွင် မိဘနှစ်ပါးက ရှင်ဒါယကာ၊ ငယ်ဆရာရင်း ရှင်မုနိန္ဒကို ဥပဇ္ဈာယ်ယူ၍ သာမဏေဖြစ်သည်။ ဘွဲ့ ရှင်ဣန္ဒက၊ သာမဏေဝတ်ဖြင့် ရွာဦးကျောင်းတွင် ပညာသင်နေစဉ် ၃ ဝါရ၌ ဥပဇ္ဈာယ်ဆရာ ပျံလွန်သည်။ ဆရာတော်ဈာပနအပြီး ကိုရင် ဣန္ဒက မကျန်းမာ၍ လူထွက်ခဲ့ရသည်။
လူဝတ်ကြောင်ဘဝတွင် မိဘတောင်ယာလုပ်ငန်းကို ကူညီလုပ် ကိုင်ပေးရသည်။ သာမဏေပြန်ဝတ်ရန် ရည်ရွယ်နေစဉ် ဖခင်ကွယ်လွန် သည်။ မိခင်နှင့် ညီငယ်ကိုငဲ့၍ တောင်သူလုပ်ငန်း ဦးစီးဆောင်ရွက်ရာ အသက် ၁၉ နှစ်တိုင် ဖြစ်သည်။
၁၉ နှစ်တွင် မိခင်၏ဆန္ဒကို ဆန့်ကျင်၍ စစ်ကိုင်းတောင် ညောင်ပင်သာချောင် ခေတ္တရောက်နေသော ရှင်ဉာဏထံ သာမဏေ ပြုသည်။ ရှင်ဉာဏက ပစ္စည်းလေးပါး ဒါယကာ၊ ဥပဇ္ဈာယ်ဆရာခံ၍ ချီးမြှောက်သည်။ သာမဏေဘွဲ့ ရှင်ဣန္ဒက ဖြစ်သည်။ ရှင်ဉာဏမှာ မန္တလေးမြောက်ပြင် စံကျောင်းစာချဖြစ်၍ နောင်အခါ လယ်တီဆရာတော် ရှင်ဉာဏ (၁၈၄၆-၁၉၂၃) အဖြစ် အလွန်ထင်ရှားသည်။ သာမဏေဖြစ်ပြီး ရှင်ဣန္ဒကသည် ဥပဇ္ဈာယ်ဆရာနှင့်အတူ မန္တလေး မြောက်ပြင် စံကျောင်းတိုက်လိုက်ပါ၍ ပရိယတ္တိစာပေ သင်ယူသည်။ သာမဏေ ၁ ဝါရ ၁၈၈ဝ ပြည့် ဝါကျွတ်ကာလ စာဝါနားချိန် တွင် ရှင်ဉာဏနှင့်အတူ စစ်ကိုင်းတောင် ညောင်ပင်သာချောင် လိုက်ပါ၍ ရဟန်းပြုသည်။ ရဟန်းဒါယကာ ရှင်ဉာဏ၊ ဥပဇ္ဈာယ်ဆရာ ညောင်ပင် သာချောင် ရေထွက်ဂူဆရာတော် ဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ဣန္ဒက၊ ဥပဇ္ဈာယ် ရေထွက်ဂူဆရာတော်မှာ မန္တလေးမြောက်ပြင် မဟာခေမိကာ ရာမခေါ် သစ်ဆိပ်တိုက် ဒုတိယသစ်ဆိမ့်ဆရာတော် ရှင်ပညာသီဟ ဖြစ်၍ မြောက်ပြင်ခြင်္သေ့အဖြစ် ပရိယတ် ထင်ရှားသည်။ ပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာတင် ကျောက်စာပြင်ဆရာတော် ဖြစ်သည်။
ရဟန်းဖြစ်ပြီး ရှင်ဉာဏနှင့်အတူ စံကျောင်းတိုက် ခရေပင်ကျောင်း ပြန်၍ ပရိယတ်စာပေများ ဆက်လက်ဆည်းပူးသည်။ ရဟန်း ၂ ဝါရတွင် စံကျောင်းတိုက် မီးသင့်ခြင်း၊ တိုင်းရေးပြည်ရေး ရှုပ်ထွေးလာခြင်းများကြောင့် ရှင်ဉာဏမှာ မုံရွာ ရွှေစည်းခုံကျောင်းတိုက် ပြောင်းရွှေ့သည်။ ရှင်ဣန္ဒကမှာ ဓမ္မာစရိယဆရာရင်း ရှင်ဉာဏ၏ လမ်းညွှန်မှုဖြင့် မန္တလေး မှာပင် ဆီးဘန်နီဆရာတော် ရှင်နရိန္ဒ (၁၈၁၁–၁၈၈၈) ထံ မှီခို၍ ပရိယတ္တိစာပေ ဆက်လက်သင်ယူသည်။
ရဟန်း ၁၀ ဝါရ ၁၈၉၁ ခု ဧပြီလတွင် မုံရွာ လယ်တီတော၌ ကျောင်းတိုက်တည် စာပေပို့ချနေသော ဆရာရင်း လယ်တီဆရာတော်၏ အမိန့်ဖြင့် လယ်တီတိုက်၌ ပရိယတ္တိစာပေ ပို့ချသည်။ မုံရွာ လယ်တီ တိုက်တွင် ရှင်တိလောက (သေချေတောင် ဦးတိလောက)၊ ရှင်ဉာဏောဘာသ (ဒုတိယလယ်တီ ဆရာတော်) တို့နှင့်အတူ လယ်တီစာချအဖြစ် ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၈၉၈ ခု မေလတွင် တောထွက် ပဋိယတ္တိ ကျင့်ကြံအားထုတ်သည်။ ပထမဦးစွာ ရေဦးမြို့ ငှက်ကျတောင် ဆရာတော်၊ ထို့နောက် ဘုတလင်နယ် ဝက်ရဲရွာအနီး မဟာမြိုင် တောတွင်းဝင်၍ ပဋိယတ္တိ ကျင့်ကြံအားထုတ်သည်။ သုံးနှစ်ခန့်အကြာ နာမ်တရားတို့၏ ဆန်းကြယ်မှုကို အဖြေရှာမရ၍ လယ်တီဆရာတော်ထံ “. . . နာမ်ရိပ်အစဉ် မှန်ရိပ်လို ပမာ တင်၍ ဉာဏ်ယှဉ်ကာ သမ္ပဇညရယ်နှင့် ဒဿနာဧကန္တကို မြင်ရမတုန်း” လေးချိုးဖြင့် အကူအညီ တောင်းခံသည်။ ထိုနှစ် ဝါတွင်းသုံးလ ကာလပတ်လုံး လယ်တီဆရာ တော်၏ အနီးကပ်စောင့်ရှောက်မှု ခံယူကာ ဝက်ရဲတောတွင်း၌ ကျင့်ကြံ အားထုတ်သည်။ ဝါကျွတ်လျှင် ဆရာတပည့်နှစ်ပါး အဖျားရောဂါကုသရန် ဘုတလင်ဗိုလ်တဲကြွ၍ ဆေးဝါးကုသမှု ခံယူသည်။ ထို့နောက် ဆရာနှင့် လမ်းခွဲ၍ ဝက်ရဲတောပြန်၍ ၃ နှစ်ခန့် ဆက်လက် ကျင့်ကြံအား ထုတ်သည်။
၁၉ဝ၃ ခုတွင် ဝက်ရဲတောမှခွာ၍ လေးမိုင်ခန့်အကွာ ကူတော၊ ရွာမွန်၊ ကတိုး၊ သုံးရွာကြား ကြောင်ပန်းတောရ ပြောင်းရွှေ့သီတင်း သုံးသည်။ ကိုယ်တိုင် ကျင့်ကြံအားထုတ်ရုံမျှမက ကိုယ်တွေ့ ဝိပဿနာ တရားကို စတင်ဟောပြောရာ ကြောင်ပန်းဆရာတော်ဟု အမည်တွင် လာသည်။ ကြောင်ပန်းတောရတွင် လေးဝါခန့် သီတင်းသုံး တရားဟော ပြောခဲ့ရာ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန် တို့ဖြင့် ကြောင်ပန်းတောရ သည် စည်ကားလာသည်။ ထိုစဉ်က ကြောင်ပန်းတောရ စည်ပင်ပုံကို သံချိုဆရာကြီး မောင်းထောင်ဦးကျော်လှက “ ... တစ်လုံးဂါတ်ကယ်နှင့်၊ ရုံးမှတ်ကာ ဌာနာထူတဲ့၊ ရွာရွှေကူ ရွှေမွန်ရှေ့တွင်မှ၊ လွန်မွေ့စွာ အဘိ ညာဉ်ရှုပေတဲ့၊ ရှင်သုမေဓာသို့၊ ဒေသနာဝေကာ ပွားကြရအောင်၊ တရား ဟောညွှန်တတ်ပေတဲ့၊ တောရမြတ်ထေပုဂ္ဂိုလ်...” ဟု ဖွဲ့ဆိုခဲ့သည်။ ၁၉ဝ၆ ခုတွင် ထင်ရှားလှသော ‘ဝိဝဋ္ဋဒီပနီ’ ကျမ်း ရေးသားခဲ့သည်။ ၁၉ဝ၉ ခုတွင် ကြောင်ပန်းတိုက်ကြီးကို ချောင်းမီးတိုဆရာတော် ရှင်ဣန္ဒဝံသကို လွှဲအပ်၍ တစ်ပါးတည်း အနယ်နယ်အရပ်ရပ် လှည့်လည် ကျင့်ကြံအားထုတ်သည်။ ဂျင်မယ်တောရတွင် ဝါကပ်နေရာမှ ၁၉၁၂ ခုတွင် ဘုတလင်မြို့ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာတွင် တောရ ပြောင်းရွှေ့ ဆောက်တည်ရာ နောင်အခါ ကြောင်ပန်းတောရဟု ထင်ရှား လာသည်။ ဘုတလင်မြို့ ကြောင်ပန်းတောရတိုက်ကို ဗဟိုပြု၍ ဘုတလင်၊ မုံရွာ၊ အလုံ၊ ဒီပဲယင်းမြို့နယ်အနှံ့ ကြောင်ပန်းဝိပဿနာတရားများ ဟောကြားခဲ့ရာ အချို့ပုဂ္ဂိုလ်များ၏ ဝေဖန်ဆန့်ကျင်မှုများနှင့် ကြုံတွေ့ ခဲ့ရသည်။ ကြောင်ပန်းတရားတွင် တုံးနာမ်၊ တိုင်နာမ်နှင့် ပတ်သက်၍ အငြင်းပွားကြရာ လယ်တီဆရာတော်က ‘ကြောင်ပန်း၏ဉာဏ် လူသာမန် မှီရန်ခဲယဉ်းပါသကွာ’ ဟု မိန့်ဆိုခဲ့သည်။ ကြောင်ပန်းဆရာတော်ကမူ ‘ပဏ္ဍိခေါ် တောင်ပံနီတို့က၊ မောင်ကြံစည် တုံးဟာ ရုပ်ပါလို့၊ ဟုတ်မလို ပြော။ ဝိညာဏံ၊ မာယုပမာဏံလို့၊ ပိဏ္ဍောပမံ၊ သုတ္တန်က လင်းရက်က နှင့်၊ ဗုဒ္ဓံကိုရုပ်ခံလို့ ငြင်းကြလျှင် မင်းတို့သဘော’ဟု တုန့်ပြန်ခဲ့သည်။
ကြောင်ပန်းဆရာတော်သည် လယ်တီဆရာတော်၊ ဆီးဘနီနီ ဆရာတော်တို့၏ တပည့်ပီသစွာ ကဗျာလင်္ကာ အဖွဲ့အနွဲ့ ကျွမ်းကျင် သည်။ ပြုစုခဲ့သော ဝိဋဒီပနီ (၁၉ဝ၇ -၉)၊ ဝိပဿနာဒီပနီ (၁၉၁ဝ)၊ သဘာဝဒီပနီ (၁၉၁၁)၊ သုံးလောကဒီပနီ (၁၉၁၆)၊ ရတနာဒီပနီ (၁၉၁၇)၊ ကြောင်ပန်းဟောစဉ်ကျမ်း (၁၉၂၅) များကို နောင်အခါ စုပေါင်းပုံနှိပ်၍ “ကြောင်ပန်း ၆ စောင်တွဲ” အမည်ဖြင့် ထင်ရှားသည်။
၁၉၂၃ ခု ဇွန်လ ၂၇ ရက်တွင် ပျဉ်းမနားမြို့၌ လယ်တီဆရာ တော်ဘုရားကြီး ခန္ဓာဝန်စွန့်ပြီး လယ်တီဆရာတော်၏ ဒီပနီကျမ်းစာ များ ကျောက်ထက်အက္ခရာတင်ရေးအတွက် အလှူငွေရှာဖွေရန် ဓမ္မကထိက ၅ ပါး ခန့်အပ်ရာ ကြောင်ပန်းဆရာတော်သည် တစ်ပါးအပါ အဝင် ဖြစ်သည်။
သက်တော် ၆၈ သိက္ခာ ၄၈ ဝါရ ၁၉၂၇ ခု ဇန်နဝါရီလ ၅ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၃းဝဝ နာရီတွင် ဘုတလင်မြို့ ကြောင်ပန်းတောရ တိုက်၌ ခန္ဓာဝန်ချခဲ့ပါသည်။ [၁]