ကျော်ရင်၊ ဦး (လေထီး)

ဝီကီပီးဒီးယား မှ
လေထီး ဦးကျော်ရင်
{{{သက်တမ်း}}}
မွေးသက္ကရာဇ် ၇ ဒီဇင်ဘာ ၁၉၁၆ ခုနှစ်
အမည်ရင်း ဦးကျော်ရင်
မိဘအမည် ဦးဖိုးဦး + ဒေါ်မြရင်
မွေးဖွားရာဒေသ ရခိုင်ပြည်နယ်၊ သံတွဲမြို့
နိုင်ငံသား မြန်မာ
လူမျိုး ရခိုင်လူမျိုး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် ပါမောက္ခချုပ်
ကြင်ဖော် ဒေါ်ဖြူဖြူ
သားသမီး ၂ ဦး
ထင်ပေါ်ကျော်ကြားမှု
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် ၃၀ မတ် ၁၉၆၆ ခုနှစ်
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်


ဤဆောင်းပါးသည် မီးပုံးပျံ ဦးကျော်ရင် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဤ ဦးကျော်ရင်၏ မိဘများနှင့် မွေးသက္ကရာဇ်အားလုံးမှာ မီးပုံးပျံ ဦးကျော်ရင်နှင့် လုံးဝ ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။

လေထီး ဦးကျော်ရင် (အေဒီ ၁၉၁၆ - ၁၉၆၆)[ပြင်ဆင်ရန်]

ဦးကျော်ရင် သည် ၁၉၁၆ ခု၊ ဒီဇင်ဘာလ ၇ ရက် ကြာသပတေးနေ့တွင် အဖ ခရိုင်ဝန်ရုံးစာရေးကြီး ဦးဖိုးဦး၊ အမိ ဒေါ်မြရင်တို့က ရခိုင်ပြည်နယ် သံတွဲမြို့၌ မွေးဖွားခဲ့သည်။ တဦးတည်းသော သားဖြစ်ပြီး ငယ်မည်မှာ မောင်ကျော်ရင် ပင်ဖြစ်သည်။ ၅ နှစ်အရွယ်တွင် ဖခင်ကွယ်လွန်သဖြင့် အဘိုးပန်းတိမ်ဆရာကြီး ဦးဖိုး နှင့်အဘွား ဒေါ်ရွှေဥတို့လက်တွင် ကြီးပြင်းခဲ့ရသည်။

သံတွဲ အေဘီအမ်ကျောင်းတွင် စတင်ပညာသင်ကြားပြီး၊ အစိုးရ အထက်တန်းကျောင်းသို့ ကျောင်းပြောင်း၍သင်ကာ ၁၉၃၄ ခုနှစ်တွင် ၁၀ တန်းအောင်မြင်ခဲ့သည်။ ဘာသာတွဲမှား၍ တက္ကသိုလ်ဝင်ခွင့်မရဘဲ ၁၉၃၅-၃၆ ခုနှစ်တွင် ရန်ကုန်ဆရာဖြစ်သင် တီတီစီတွင် ပညာသင်၍ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ တီတီစီတွင် ပညာသင်ကြားနေစဉ် တစ်ပြည်လုံးဆယ်တန်းကျောင်းသားများ စာစီကုံးပြိုင်ပွဲတွင် ပထမရရှိသည်။ ၁၉၃၆-၄၀ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး ဘီအေ( ဝိဇ္ဇာ ) စာမေးပွဲ အောင်ခဲ့သည်။

တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ) အလုပ်အမှုဆောင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ပြန်ကြားရေးနှင့်ဝါဒဖြန့်ချိရေးတာဝန်ခံ အဖြစ်ဆောင်ရွက်သည်။ ၁၉၃၈ ကုလားမြန်မာ အဓိကရုဏ်းတွင် သံတွဲမြို့အေးချမ်းသာယာရေးအတွက် ရခိုင်လူငယ်များကိုဦးဆောင်ပြီး မူဆလင်လူငယ်များနှင့်လည်းပူးပေါင်းဆောင်ရွက်သည်။ ၁၉၄၁ တွင် ကျောင်းသားခေါင်းဆောင်၊ တို့ဗမာအစည်းအရုံးဝင် တစ်ဦးအဖြစ် သံတွဲပြန်၍ နယ်ချဲ့ဆန့်ကျင်ရေး လက်ရုံးတပ်များ ဦးဆောင်ဖွဲ့စည်းသည်။ စစ်ရေး နိုင်ငံရေး သင်တန်းများအတွက် စည်းရုံးပြင်ဆင်ခဲ့သည်။ ၁၉၄၂ ခုနှစ် အင်္ဂလိပ်တပ်များဆုတ်ခွာစဉ် သံတွဲခရိုင် မြေအောက်တော်လှန်ရေးခေါင်းဆောင် အဖြစ်တာဝန်ယူခဲ့သည်။ သံတွဲခရိုင်အုပ်ချု ပ်ရေးအတွက် ဘီအိုင်အေ တပ်မှူး ဗိုလ်ရန်အောင်(ရဲဘော်သုံးကျိပ်ဝင်) နှင့်အတူစီစဉ်၍ ခရိုင်အုပ်ချု ပ်အဖွဲ့ ဥက္ကဋ္ဌတာဝန်ကို ယာယီထမ်းဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ် စက်တင်ဘာလတွင် သခင်တင်နှင့်အတူ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် တရုတ် နိုင်ငံသွားရန် ကြိုးစားခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် မြစ်ဝကျွန်းပေါ်တွင် လျှို့ ဝှက်ဆောင်ရွက်နေသော သခင်စိုး၏ နိုင်ငံရေးသင်တန်းကို သခင်ဗဟိန်း( ကိုထွန်းလှိုင်)၊ မခင်ကြီး ( မသန်းမြင့်)၊ ကိုစံတင် (ရခိုင်ကိုထွန်းဦး) တို့နှင့်အတူ ကိုဘကွန်းအမည်ဖြင့်တက်ရောက်ခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် သခင်သန်းထွန်းတို့ဦးဆောင်သော အုပ်စုနှင့်အတူ ဆောင်ရွက်သည်။ ၁၉၄၄ ဖေဖော်ဝါရီလတွင် ဖက်ဆစ်တော်လှန်ရေးအတွက် သခင်တင်ရွှေ၊ မမြရီ(ကျောက်ဆည်)နှင့် ကိုညိုထွန်း ( ဝန်ကြီးဟောင်း၊သံအမတ်ဟောင်း) တို့ကို ဂွမြို့ကိုဖြတ်၍ အင်္ဂလိပ်စစ်သင်္ဘောဖြင့် အိန္ဒိယရှိ ဖက်ဆစ်ဆန့်ကျင်ရေးပြည်ပတာဝန်ခံ ကိုသိန်းဖေ(သိန်းဖေမြင့်) ထံ တာဝန်ယူဦးဆောင်ခဲ့သည်။ ထိုနှစ် ဇူလိုင်လတွင်(ဒုတိယကမ္ဘာစစ်အတွင်း) သခင်သန်းထွန်း၏ အစီအစဉ်ဖြင့် ခင်ဗို (အဖွဲ့ခေါင်းဆောင်)၊ မန်းဝင်းမောင် (နောင်တွင်တတိယမြောက် သမ္မတကြီး ဖြစ်လာခဲ့သူ)၊ လေထီး ဦးအုန်းမောင်၊ကိုစိုးမောင် (ဗိုလ်မှူးချစ်ကောင်း) တို့နှင့်အတူ လေထီးသင်တန်းနှင့်စစ်သင်တန်းတက်ရန် အိန္ဒိယသို့ ခြေကျင် သွားရောက်ခဲ့သည်။ လေထီးသင်တန်းနှင့်စစ်သင်တန်းကို သီရိလင်္ကာနှင့်အိန္ဒိယတွင်တက်ရောက်ကာဖက်ဆစ် တော်လှန်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ကာလကတ္တားရှိ ဘုံဘေရိပ်သာခေါ် ဆန်းဒေးဗီလာ၌ ကိုသိန်းဖေ(သိန်းဖေမြင့်) ခေါင်းဆောင်၍ ဖက်ဆစ်တော်လှန်ရေးအတွက် သင်တန်းများပေးရာ ကိုကျော်ရင်သည် နိုင်ငံရေး သင်တန်းတာဝန်ခံအဖြစ် နယ်ချဲ့စစ်ပွဲမှ ပြည်သူ့စစ်ပွဲများ အဖြစ်သို့ပြောင်းလဲလာပုံ၊ပြည်သူ့စစ် သဘောတရားကို ပို့ချသည်။ စစ်အပြီး ယင်းပို့ချချက်ကို အခြေခံ၍ နယ်ချဲ့စစ်မှ လူထုစစ်သို့ အမည်ဖြင့် မန္တလေးမြို့ ကြီးပွားရေး(လူထု) စာအုပ်တိုက်က ပုံနှိပ်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဧပြီလတွင် လေထီးအစမ်းခုန် လေ့ကျင့်စဉ် ခြေခုံရိုးကျိုးသွား၍ ဆေးရုံတက်ရောက်ကုသရာ ကိုသိန်းဖေနှင့်အတူ ကာလကတ္တားတွင် ကျန်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေးကာလတွင် မြန်မာပြည်တွင်းသို့ လေထီးဖြင့် ခုန်ဆင်းကာ ပါဝင် ဆင်နွှဲခဲ့သည်။ ဖက်ဆစ်ဂျပန်များဆုတ်ခွာ သွားပြီးနောက် မန္တလေးမြို့ တွင် ကြီးပွားရေး ဦးလှ(လူထု) ၊ ဆရာကြီး ဦးရာဇတ်တို့နှင့် အတူ အထက်ဗမာပြည် ဖက်ဆစ်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ) ကိုဖွဲ့စည်းသည်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့ စမ်းချောင်းရပ်၊ ဗားကရာလမ်း ၊ အမှတ် ၁၃၈ ဗမာပြည်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံရသည်။ ဖတပလ(ဖဆပလ) ဗဟိုဦးစီး အဖွဲ့ဝင်ဖြစ်သည်။

၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင် သံတွဲနယ် တောင်သူလယ်သမား သမဂ္ဂညီလာခံကို ဦးဆောင်ကျင်းပ၍ တောင်သူလယ်သမားဘဝ သရုပ်ဖော် ပြဇတ်ကို ဦးစီးတင်ဆက်ခဲ့သည်။ ၁၉၄၆ ခုနှစ် ကွန်မြူ နစ်ပါတီ နှစ်ခြမ်းကွဲရာ သခင်သန်းထွန်းနှင့်ဦးသိန်းဖေ ဦးဆောင်သော ဗမာပြည် ကွန်မြူ နစ်ပါတီ(အလံဖြူ) ဗဟိုကော်မတီဝင်ဖြစ်ခဲ့သည်။ ကွန်မြူ နစ်ပါတီ အကွဲအပြဲ ၊ ရခိုင်ပြည် သံတွဲခရိုင် နိုင်ငံရေး အခြေအနေများကြောင့် ဗိုလ်ချု ပ်အောင်ဆန်း၏ သံတွဲခရိုင် တိုင်းပြုပြည်ပြု လွှတ်တော်အမတ် လျာထားမှုကို တောင်းပန်၍ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြအဖြစ် ဆောင်ရွက်သည်။

ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာန ကထိက (၁၉၅ဝ - ၁၉၆၃)၊ ပဲခူးဆောင် အဆောင်မှူး၊ မော်စကို တက္ကသိုလ် မြန်မာစာ ဧည့်ပါမောက္ခ (၁၉၆၃ - ၆၅)၊ ရန်ကုန် တက္ကသိုလ် အုပ်ချုပ်ရေးမှူး၊ တက္ကသိုလ်များ အုပ်ချုပ်ရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး၊ မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ် (၁၉၆၅ နိုဝင်ဘာ - ၁၉၆၆ မတ်) အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၅ (မြန်မာ သက္ကရာဇ် ၁၃၂၇) ခု၊ မန္တလေး ဓမ္မဗိမာန် စာဆိုတော်နေ့ အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်ရင်း၊ "ဆင်သွားရင် လမ်းဖြစ်တယ်" ဟု ဆိုကာ စကားပြောဟန်ဖြင့် စာရေးနည်းသစ်ကို ထောက်ခံခဲ့သည်။

ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် တိုင်ပင်ကာ မန္တလေး တက္ကသိုလ်တွင် သမိုင်းနှင့် မြန်မာစာ ပါရဂူဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆဲ ရန်ကုန် ပညာရေး သုတေသန ဆွေးနွေးပွဲကို တက်ရောက်နေခိုက် ၁၉၆၆ ခု၊ မတ်လ ၃ဝ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဖြူဖြူနှင့် သားသမီး ၂ ယောက် ကျန်ရစ်ခဲ့သည်။

ပါမောက္ခ ဦးကျော်ရင်သည် 'နယ်ချဲ့စစ်မှ လူထုစစ်သို့' (၁၉၄၆) ဘာသာပြန် စာအုပ်နှင့် 'သာသနာတဝက် ငရဲခန်း'၊ 'ဝိသာခါလေ မယ်ခါလော' နှင့် 'မိဘဂုဏော အနန္တော' ပြဇာတ်များတို့ကို ရေးသားခဲ့ပြီး၊ 'ရခိုင်မင်းသမီး ဧချင်း' နှင့် 'နေမိငရဲခန်းပျို့' တို့ကို တည်းဖြတ်ခဲ့သည်။

[၁]

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲများတွင် လေထီး တပ်သား တဦးအဖြစ် စွန့်လွတ်စွန့်စား ပါဝင် ဆောင်ရွက်ခဲ့သူ မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း "လေထီး ဦးကျော်ရင် (အေဒီ ၁၉၁၆ - ၁၉၆၆)" အကြောင်းကို The Dream Crystals Publishing House က ၁၉၉၉ ခုနှစ်မှာ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ နေထွတ်ရဲ့ 'မန္တလေး အဘိဓာန်' ကနေ ပြန်လည် ကူးယူဖော်ပြတာ ဖြစ်ပါတယ်။
  2. မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ ပါမောက္ခ ဦးကျော်ရင် ဆောင်းပါး