ကျော်ရင်၊ ဦး (မီးပုံးပျံ)
မီးပုံးပျံ ဦးကျော်ရင် | |
---|---|
ဦးကျော်ရင်၏ ဓာတ်ပုံပါ သတင်းစာတစ်ခု |
|
အမည်ရင်း | ဦးကျော်ရင် |
မွေးသက္ကရာဇ် | ၁၅ ဇန်နဝါရီ ၁၈၇၃ ခုနှစ် |
ကွယ်လွန် | ၃ ဧပြီ ၁၉၃၉ ခုနှစ် |
နိုင်ငံသား | မြန်မာနိုင်ငံ |
လူမျိုး | ထားဝယ်လူမျိုး |
ပညာရေး | ထားဝယ် အထက (၁) ၌ ပုံဆွဲဆရာ |
အလုပ်အကိုင် | ကျောင်းဆရာ၊ ပထမဦးဆုံး မီးပုံးပျံစီးသော သူရဲကောင်း |
မွေးရပ်ဇာတိ | ပန်းဒလဲကျေးရွာအုပ်စု၊လောင်းလုံမြို့နယ်၊ထားဝယ်ခရိုင် |
ကြင်ဖော် | ဒေါ်မမ |
သားသမီး | မောင်ကျော်ဆန်း၊ မောင်ကျော်လင်း |
မိဘ | ဦးရွှေဘွား၊ ဒေါ်မင်းရယ် |
မီးပုံးပျံ ဦးကျော်ရင်သည် မြန်မာနိုင်ငံ၏ ပထမဆုံး လေသူရဲ ဖြစ်ပေသည်။ တချိန်က မြန်မာတစ်ပြည်လုံးတွင် ဟိုးလေးတကျော် ထင်ရှားခဲ့၍ တစ်ဦးတည်း ပေါ်ထွန်းခဲ့ဘူးသော သူတစ်ဦး ဖြစ်ပေသည်။ မြန်မာစာမျှသာ တတ်သော ပုံဆွဲဆရာဘဝမှ နေ၍ မီးပုံးပျံကို ကြံစည်ပြုလုပ်ပြီးလျှင် ၁၉၂၉-ခုနှစ်မှ ၁၉၃၉-ခုနှစ်အထိ (အသက် ၅၆နှစ်မှ ၆၆နှစ်အထိ) ၁၀-နှစ်အတွင်း မီးပုံးပျံ ၅-လုံးဖြင့် အကြိမ်ပေါင်း ၅၅-ကြိမ်မျှ မြန်မာပြည် အနှံ့အပြား လှည့်လည်စီးပြခဲ့လေသည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ဦးကျော်ရင်ကို ၁၅ ဇန်နဝါရီ ၁၈၇၃ တွင် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ပန်းဒလဲရွာ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ လယ်သမားကြီး ဦးရွှေဘွားနှင့် ဒေါ်မင်းရယ်တို့ ဖြစ်ကြသည်။ မွေးချင်း ခုနစ်ဦးအနက် ပဉ္စမမြောက် ဖြစ်၏။ ငယ်စဉ်က အောက်ရေဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပညာ ဆည်းပူးခဲ့ပြီး အစိုးရစစ် လေးတန်း ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့သည်။ ဉာဏ်ပညာ ထက်မြက်သော မောင်ကျော်ရင်ကို နယ်လှည့် ပညာဝန် ဦးထွန်းအုန်းက တွေ့ရှိသွားရာမှာ ပညာ ဆက်လက် သင်ယူနိုင်ရန် ဆရာတော်နှင့် မိဘများကို ခွင့်ပန်လျက် ခေါ်ဆောင် သွား၏။ မောင်ကျော်ရင်သည် သတ္တမတန်းကို ပျဉ်းမနားမြို့မှ အောင်မြင်ခဲ့ပြီး အလယ်တန်း ဆရာအဖြစ် အမှုထမ်းခဲ့သည်။ ထိုစဉ်အတွင်း အင်္ဂလိပ်စာကို ကြိုးစား လေ့လာကာ ဝါသနာ ပါသော ပုံဆွဲဆရာ ရာထူးအတွက် စာမေးပွဲ ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့သည်။ ဤသို့ဖြင့် ဦးကျော်ရင်သည် ထားဝယ် အထက (၁) ၌ ပုံဆွဲဆရာ ဖြစ်လာခဲ့သည်။
အသက် ၃၁ နှစ် အရွယ်တွင် ဦးကျော်ရင်၊ ဒေါ်မမနှင့် အိမ်ထောင်ကျကာ ထားဝယ်မြို့၌ အခြေစိုက် နေထိုင် ခဲ့သည်။ ထိုစဉ်က သတင်းစာများတွင် နိုင်ငံခြား လေယာဉ် ပျက်ကျမှု သတင်းများ မကြာခဏ ပါရှိရာ ဦးကျော်ရင်က စက်ပျက်၍ လေယာဉ် ထိုးကျသည့်တိုင် အကျကောင်း၍ အသေအပျောက် နည်းမည့် နည်းလမ်းများကို ကြံဆခဲ့သည်။ ထို့နောက် လေယာဉ် ပုံစံငယ်များ ထုတ်လုပ် စမ်းသပ်ကြည့်၏။ ဤသတင်း သူရိယ သတင်းစာ၌ ပါလာပြီးနောက် မြန်မာပြည် ဘုရင်ခံရုံးမှ တဆင့် အင်္ဂလန် လေကြောင်း ကုမ္ပဏီ တခုက လေယာဉ်ပုံစံ ရေးဆွဲ ပေးရန် ဆက်သွယ် လာခဲ့သည်။
မခံချင်စိတ်
[ပြင်ဆင်ရန်]လေယာဉ် ကုမ္ပဏီနှင့် ဦးကျော်ရင်တို့ အကြား စာအဆက်အသွယ် ပြုနေကြစဉ် ပထမ ကမ္ဘာစစ်ကြီး ဖြစ်လာခဲ့သည်။ စစ်ပြီးဆုံး သွားသော အခါ လေကြောင်း ကုမ္ပဏီနှင့် အဆက်အသွယ် ပြတ်သွား၏။ လေကြောင်း ကုမ္ပဏီ ဖျက်သိမ်းလိုက်၍ ဖြစ်မည် ထင်ပါသည်။ ထိုစဉ်အတွင်း ပုဂ္ဂိုလ်တဦးက မြန်မာ့အလင်း သတင်းစာ၌ ဆောင်းပါး တပုဒ် ရေးသားခဲ့သည်။ ယင်းဆောင်းပါးတွင် "ထားဝယ်မှ မောင်ကျော်ရင် ဆိုသူ တဦးသည် လေယာဉ်ပျံ လုပ်တတ်သည်ဟုကား ကြားခဲ့ဖူးသော်လည်း ယခုအခါ သေသလား၊ ရှင်သလား မသိ တိမ်မြုပ် သွားလေပြီ" ဟု ချိုးနှိမ်စွာ ရေးသား ဖော်ပြခဲ့လေသည်။
ဦးကျော်ရင်က သူရိယ သတင်းစာမှပင် ဆောင်းပါးဖြင့် ပြန်လည် ချေပ ရေးသားခဲ့၏။ ဦးကျော်ရင်၏ ဆောင်းပါး၌ "မိမိသည် လေယာဉ်ပျံ လုပ်တတ်သည်ဟု မကြွားဝါခဲ့ကြောင်း၊ ကောင်းကင်၌ လေယာဉ်ပျံများ စက်ပျက်သွားသော အခါတွင် ထိုးကျ ပျက်စီးခြင်း မရှိရအောင် ပြုလုပ်နိုင်သော နည်းကို စာရေးသားခဲ့ကြောင်း၊ မြန်မာ မြန်မာချင်း အထင်သေးသည်မှာ ဝမ်းနည်းဖွယ်ရာ ကောင်းကြောင်း၊ ယခု မိမိ မသေသေး၍ မိမိ အစွမ်းကို စောင့်ကြည့် စေလိုကြောင်း" စသဖြင့် ပြန်လည် ချေပ စိန်ခေါ်ခဲ့သည်။
မီးပုံးပျံ စီးပြခြင်း
[ပြင်ဆင်ရန်]ဦးကျော်ရင်သည် မိမိ၏ အစွမ်းကို ပြသနိုင်ရေး အတွက် အဘက်ဘက်မှ စဉ်းစားသည်။ အသက် ၅၅ နှစ်တွင် ပင်စင် ယူလိုက်ပြီးနောက် သူ၏ စိတ်ထဲ၌ စွဲလန်းနေသော မီးပုံးပျံ စီး၍ စွန့်စားရန် အကြံအစည်ကို စတင် အကောင်အထည် ဖော်တော့သည်။ ဦးကျော်ရင်က ဦးစွာ မီးပုံးပျံ ပုံစံ ထုတ်လုပ်သည်။ ထို့နောက် တပည့် လက်သားများနှင့်အတူ ဇာတိ ပန်းတလဲရွာသို့ သွားရောက်ကာ အတောင် ၈ဝ ရှိ ပိတ်အုပ် ၂၄ အုပ်ကို အသုံးပြုပြီး မီးပုံးပျံကြီး ချုပ်လုပ်သည်။
မီးပုံးပျံကြီး ပြီးစီးသွားသောအခါ မီးခိုးမှိုင်းသွင်းကြည့်ရာ အမြင့် အတောင် ၃၀၊ လုံးပတ် အတောင် ၁၀ဝ ရှိပြီး ထန်းပင် ထိပ်ဖျားခန့် မြင့်၍ ရုန်းကန်မှု ကောင်းကြောင်း တွေ့ရသည်။ သို့သော် သတင်းက ပေါက်ကြားသွား သဖြင့် ထားဝယ် အရေးပိုင်က ဦးကျော်ရင်ကို မီးပုံးပျံ မစီးရန် တားမြစ်ခဲ့သည်။ ဦးကျော်ရင်က ထပ်မံ ခွင့်တောင်းသော်လည်း မရရှိ သို့ဖြင့် တနင်္သာရီတိုင်း မင်းကြီးထံသို့ ခွင့်တောင်းပြန်ရာ မရရှိခဲ့ပေ။ နောက်ဆုံးတွင် မြန်မာပြည် ဘုရင်ခံသို့ အကျိုးအကြောင်း ပြ၍ ခွင့်တောင်းသည်။ ဘုရင်ခံက ခွင့်ပြုသဖြင့် ၁၉၂၉ ခုနှစ်၊ မတ်လတွင် ထားဝယ်မြို့ ကြက်စားပြင်ရပ် လယ်ကွင်း အတွင်း၌ မီးပုံးပျံ စီးရန် ပြင်ဆင်တော့သည်။ အရေးပိုင် ကိုယ်တိုင် ဦးကျော်ရင်အား မီးပုံးပျံ စီးမည့် နေရာသို့ မော်တော်ကားဖြင့် ခေါ်ဆောင် လာပေးပါသည်။
မီးပုံးပျံ မှိုင်းဝလျှင် ဆိုင်းကြိုးကို ဖြုတ်ပေးလိုက်ရာ မီးပုံးပျံ အဝ သံချောင်းခွေ၌ ချည်နှောင်ထားသော ကြိုးတန်းဖြင့် ဆက်သွယ်ထားသည့် သံဘားတန်းကို ကိုင်လျက် ဦးကျော်ရင် မီးပုံးပျံနှင့် အတူ မိုးကောင်းကင်ထက်သို့ တစတစ မြင့်တက် သွားသည်။ ပရိသတ်များက လက်ခုပ်ဩဘာ တီး၍ အော်ဟစ် အားပေးကြသည်။ မီးပုံးပျံကြီးမှာ နှစ်မိုင်ခန့် အထိ မြင့်တက်သွားပြီး ကြက်စားပြင်ရပ်မှ တမိုင်ခန့် ကွာဝေးသော နေရာသို့ ပြန်ကျလာခဲ့သည်။
အန္တရာယ်
[ပြင်ဆင်ရန်]ဦးကျော်ရင်၏ သတင်းမှာ မြန်မာတပြည်လုံး ပျံ့နှံ့ သွားခဲ့ပြီးနောက် ၁၉၃ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့ National Sporting Club၏ ကြီးကြပ်မှုဖြင့် ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ စီးပြခဲ့သည်။ မီးပုံးပျံကြီး တက်ခါစတွင် ကြိုးမှာ ယမ်းလှုပ် နေရာ ဦးကျော်ရင်မှာ သစ်ပင်၊ သစ်ကိုင်းများနှင့် ရိုက်မိတော့သည်။ သစ်ပင် တပင်၏ အကိုင်းတွင် ဆွဲခို ကျန်ရစ်သဖြင့်သာ အသက်ဘေးမှ လွတ်မြောက် ခဲ့ရသော်လည်း သစ်ကိုင်း ပဲ့ကျသဖြင့် အောက်ခြေ ဂဝံ ကျောက်တုံးနှင့် ထိခိုက်မိကာ ဒဏ်ရာ အနည်းငယ် ရရှိသွားသည်။ ဤအဖြစ်အပျက်ကို သတင်းစာ၌ ဖော်ပြရာတွင် ဦးကျော်ရင်က အနာပျောက်လျှင် ထပ်ပြီး စီးပြပါမည်ဟု ကတိပြုကြောင်း ဖော်ပြ ပါရှိ၏။ ယင်းနောက် ရန်ကုန်မြို့တွင် သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့သည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။
၁၉၃၄ ခုနှစ်တွင် မြိတ်မြို့၌ မီးပုံးပျံ စီးနင်း ပြသခဲ့စဉ်ကလည်း ပင်လယ်တွင်းသို့ ကျရောက်ခဲ့ရသည်။ မီးပုံးပျံမှာ လိုသလို ထိန်းကျောင်း၍ ရနိုင်သည် မဟုတ်ဘဲ မြင့်လိုသမျှ မြင့်တက်ပြီး ကျချင်သည့် နေရာ၌ ကျသည်။ သို့ကြောင့်လည်း အလွန် အန္တရာယ်များလှသော လုပ်ငန်းဟု ဆိုနိုင်သည်။ မည်သို့ ဆိုစေကာမူ ဦးကျော်ရင်ကား အသက် ၆၆ နှစ် အရွယ် ကွယ်လွန်ချိန် အထိ မြန်မာပြည် အရပ်ရပ်၌ မီးပုံးပျံ (၅၅) ကြိမ် စီးနင်း ပြသခဲ့သည်။ ရရှိသမျှ ငွေကြေး အားလုံးကိုလည်း လူမှုရေး ရန်ပုံငွေ အဖြစ် လှူဒါန်းခဲ့၏။
အားကျသူများ
[ပြင်ဆင်ရန်]ဦးကျော်ရင် မီးပုံးပျံ စီးပြသော အခါ ဦးကျော်ရင်ကို အားကျကြသူများ အလျှိုလျှို ပေါ်ပေါက်လာခဲ့သည်။ ထင်ရှားခဲ့သူ တဦးမှာ စတန့်မင်းသား ချစ်ဆွေကြီးပင် ဖြစ်သည်။ အေဝမ်း ဖလင်မှ ဒါရိုက်တာ ဦးတင်မောင် ရိုက်ကူးသော မြဂနိုင် ရုပ်ရှင် ဇာတ်ကားတွင် မီးပုံးပျံ စီး၍ ထွက်ပြေးခန်း တခန်း ပါရှိ၏။ ပုလိပ်များ (ယခုခေတ် ရဲတပ်ဖွဲ့ဝင်များ) လိုက်လာသဖြင့် လူဆိုးဖြစ်သူ စတန့်မင်းသားက ရှေ့မှ ထွက်ပြေးရရာ စမ်းချောင်း ပဒုမ္မာကွင်း အရောက်တွင် မီးပုံးပျံ စီးရန် ဟန်ပြင်နေသော ဦးကျော်ရင်အား တွန်းဖယ်ကာ လူဆိုးက မီးပုံးပျံ စီး၍ ထွက်ပြေးသွားပုံ ဖြစ်သည်။ လူဆိုး၏ နေရာတွင် စတန့်မင်းသား ချစ်ဆွေကြီးက မီးပုံးပျံ စီး၍ ပါဝင် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီး လူစွမ်းကောင်း
[ပြင်ဆင်ရန်]မီးပုံးပျံ စီးပြမှုများ ဟိုးလေးတကျော် ဖြစ်လာချိန်တွင် အမျိုးသမီး လူစွမ်းကောင်း တဦး ပေါ်ပေါက် လာပြန်ပါသည်။ ထိုအမျိုးသမီးမှာ တာမွေ၊ ဗျိုင်းရေအိုးစင်ရပ်၊ ရတနာလမ်းနေ ဇာတ်ပို့ အမျိုးသမီး သရုပ်ဆောင် ဒေါ်မြကြီး၏ သမီး မတင်နု ဆိုသူ ဖြစ်သည်။ မတင်နုမှာ အသက် ၂ဝ နှစ် အရွယ်သာ ရှိသေးသော်လည်း ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူ ဖြစ်သည်။ မြန်မာ အမျိုးသမီး မတင်နုက မီးပုံးပျံ စီးနင်း ပြသမည် ဖြစ်ကြောင်း သတင်းများ ပျံ့လွင့်လာသော အခါ ဗြိတိသျှ အစိုးရကပင် စိုးရိမ်မကင်း ဖြစ်လာခဲ့သည်။ အမျိုးသားများပင်လျှင် အသက်အန္တရာယ် ကြီးမားလှသော မီးပုံးပျံ စီးနင်းခြင်း အမှုကို မြန်မာ အမျိုးသမီး မတင်နုအား ဗြိတိသျှတို့က ခွင့်မပြုခဲ့ပေ။ သို့သော် မတင်နုမှာ နောင်တွင် မီးပုံးပျံ မတင်နုဟု အမည် တွင်ခဲ့သည်။ [၁]
ဦးကျော်ရင်၏သား
[ပြင်ဆင်ရန်]မီးပုံးပျံ ဦးကျော်ရင်ကို အားကျသူများထဲတွင် ဦးကျော်ရင်၏သား ဦးကျော်လင်းလဲ အပါအဝင် ဖြစ်သည်။ ဦးကျော်လင်းသည် အသက် ၁၅ နှစ်သား အရွယ် ၆ နိုဝင်ဘာ၊ ၁၉၂၉ တွင် ဖခင်နှင့်အတူ ထားဝယ်မြို့၌ မီးပုံးပျံဖြင့် စီးနင်း လိုက်ပါခဲ့ဖူး၏။ ဦးကျော်ရင် ကွယ်လွန် သွားပြီးနောက် နှစ်အတန်ကြာ မီးပုံးပျံ စီးနင်းမည့်သူ မပေါ်ပေါက်လာခဲ့ပေ။ ဤသို့ဖြင့် ၁၉၅၉ ခုနှစ်မှ စ၍ နတ်တလင်းမြို့ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပရေး ကော်မတီက မီးပုံးပျံကို လူကိုယ်တိုင် စီးနင်း ပြသနိုင်လျှင် ဆုငွေ တထောင်ပေးမည် ဖြစ်ကြောင်း သတင်းစာများမှ ကြေညာခဲ့သည်။ သို့သော် မည်သူတဦး တယောက်မျှ ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။
နောက်ဆုံးတွင် တန်ဆောင်တိုင် မီးထွန်းပွဲ ကျင်းပရေး ကော်မတီသည် ရန်ကုန်မြို့တွင် နေထိုင်သည့် မီးပုံးပျံ ဦးကျော်ရင်၏ သားများ ဖြစ်ကြသော ဦးကျော်လင်းနှင့် ဦးကျော်ဆန်း (ကာတွန်း ကျော်ဆန်း) တို့အား သွားရောက် တွေ့ဆုံ မေတ္တာ ရပ်ခံခဲ့ရသည်။ ညီအစ်ကို နှစ်ဦးသည် မီးထွန်းပွဲ ကျင်းပရေး ကော်မတီ၏ မေတ္တာရပ်ခံချက်ကို လက်ခံခဲ့ပြီးနောက် ၂ နိုဝင်ဘာ၊ ၁၉၆ဝ (တန်ဆောင်မုန်း လပြည့်နေ့) တွင် နတ်တလင်းမြို့ အထက်တန်းကျောင်းဝင်း အတွင်း၌ ဦးကျော်လင်း ကိုယ်တိုင် မီးပုံးပျံ စီးနင်း ပြခဲ့သည်။
ဦးကျော်လင်းသည် ပြည်ထောင်စု အလံတော်ကို ဝှေ့ရမ်းလျက် မီးပုံးပျံ အောင်မြင်စွာ စီးနင်း ပြသခဲ့ရာ နတ်တလင်းမြို့နေ လူထုက တခဲနက် အားပေးခဲ့ကြသည်။ ဤသတင်း ကို ၄၊ ၁၀၊ ၁၉၆ဝ ထုတ် မြန်မာ့အလင်း သတင်းစာ၌လည်း အကျယ်တဝင့် ရေးသား ဖော်ပြခဲ့သည်။ ဦးကျော်လင်းက ဖခင်အား ကျေးဇူးဆပ်သည့် အနေဖြင့် မီးပုံးပျံ စီးပြရခြင်း ဖြစ်ကြောင်း၊ ယခုခေတ် လူငယ်များ မီးပုံးပျံ စီးခြင်းကို မြင်ဖူး ကြားဖူးသူပင် အလွန် နည်းပါးသွားပြီ ဖြစ်ကြောင်း၊ နောင်တွင် ဤကဲ့သို့ ထပ်မံ စီးနင်းပြသရန် မရည်ရွယ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့၏။ [၂]
ဆက်စပ်လေ့လာရန်
[ပြင်ဆင်ရန်]ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၉၃၉ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ဇာတိချက်မြှုပ်ဖြစ်သော ထားဝယ်မြို့တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ် အရွယ်ရှိပြီ ဖြစ်သည်။ [၃] ဦးကျော်လင်း၊ စာရေးဆရာ ထားဝယ်ကျော်မင်း၊ ကာတွန်းဆရာ ကာတွန်းကျော်ဆန်း(က.ဆ)နှင့် ကာတွန်းဆရာမ ဒေါ်သိန်းရှင် သည် မီးပုံးပျံ ဦးကျော်ရင်၏ သားသမီးများဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဦးကျော်ရင်၏သား ရေးသားသော စာများ
- ↑ Weekly Eleven News, No. 9, Vol. 4, December 10, Wednesday, 2008 နေ့ထုတ် ဂျာနယ်၊ 'ပုဂ္ဂိုလ်ထူးတို့၏ ဘဝတကွေ့' ကဏ္ဍမှာ ဖော်ပြပါရှိတဲ့ တင်နိုင်တိုးရဲ့ "မီးပုံးပျံ ဦးကျော်ရင်ကို အားကျကြသူများ" မှ
- ↑ (အထက်ပါ အကြောင်းအရာကို ဦးကျော်ရင်၏သား ကျော်လင်း ကိုယ်တိုင်ရေးပေးပါသည်။)
- ပထမ မြန်မာ လေသူရဲ (ဌေးမောင်) သိပ္ပံ မဂ္ဂဇင်း။
- မီးပုံးပျံစီး၍ စွန့်စားဝံ့သူ မြန်မာ သူရဲကောင်း ဦးကျော်ရင် (မြန်မာ့အလင်း သန်းညွန့်)၊ နွယ်နီ မဂ္ဂဇင်း၊ ၁၉၉၉ ဇူလိုင်။
- မြန်မာ့အလင်း သတင်းစာ (၄၊ ၁၀၊ ၁၉၆၀)။