ကျောင်းအပ်တဲ့ပွဲ
ကျောင်းအပ်တဲ့ပွဲ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]ကျောင်းအပ်တဲ့ပွဲ
[ပြင်ဆင်ရန်]ထောင်သေလာ အောင်ရွှေမောင်းတွင်မှ၊ ဖေကောင်း မယ်တော်တို့၊ တသောင်းကျော်အကဲတန်ထားလောက်ကဲ့၊ လှည်းနွား လယ်ယာမြေနှင့်၊ စပါးတွေ များပေစွမို့၊ အားအခြေက လွန်ပြည့်စုံ။
ကိုဖိုးအို ပုတ္တံသားနှင့်၊ နှံထားကာဂဟေဆုံကြ၊ မယ်ဖွားအုံဓမ္မတာမို့၊ မရဏာသွေရှောင်တိမ်းခဲ့ရင်၊ မောင်သိန်းကို မငိုစည်ရအောင်၊ အချိုရည် လဘို့ပျားကဲ့သို့၊ နို့ငှားကာ သနားရှာတဲ့အရေးနှင့်၊ ရတနာမြေးကို၊ လွန်ခင်မင်သောကြောင့်၊ ဇာဧယာဉ် လေးပင်ပုခက်ကယ်နှင့်၊ ထွေးရှက်လို့ခြုံ။
တဆယ်ကျော် အရွယ်စွန်းပြီမို့၊ သင်္ကန်းဝါဆင်ရှာပေမဲ့၊ ရှင်သာမဏေကိုရင်အကြောင်းတွင်မှ၊ ဖေကောင်းသူ့အဖိုးက၊ ထောင်ကိုးရာပြူလို့စွန်းပေလိမ့်၊ လှူဒါန်းရန်၊ ရဟန်းတာပသံနှင့်၊ အပ်သမျှ၊ မဏ္ဍပ်နှင့်အပြည့်ပုံ၊ ကြည့်မကုန်နိုင်ဘဲ။
စုတိကာခန္ဓာကြွေလို့၊ သူ့အမေ လူ့ပြေကသွားတော့၊ ရှုစားကာပုံသေမျှော်ရစ်တဲ့၊ ဖွားမယ်တော်အမေကြီးနှင့်၊ အရီးမှာညီအမတို့၊ ချီသကာပုံသေထိန်းရစ်တဲ့၊ မောင်သိန်းသာသနာထမ်းတွင်မှ၊ သင်္ကန်းဝါစိဝရိတ်ကဲ့ပြင်၊ သဒိဿံရည်ရော်လို့၊ နှစ်ကျိပ်ကျော်သံဃာများတို့၊ တပါးလျှင်တဆယ်လောက်ကဲ့၊ စေတနံသုံးတန် ပြတ်သောကြောင့်၊ နှောင်းဟေမာ၊ ပေါင်းနွေဇာတ်တွင်မှ၊ ကောင်းအဖေ၊ သောင်းငွေရတတ်သူက၊ ကျောင်းအပ်တဲ့ပွဲ။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ ပုတ္တံ = ပုတ္တ (ပါ)၊ သား။
၂။ ဂဟေ = ဆက်စပ်သည်။
၃။ ဓမ္မတာ = မလွန်ဆန်နိုင်သောတရား။
၄။ တာပသံ = ရသေ့၊ ရဟန်း။
၅။ စီဝရိတ် = တိစီဝရိတ်သင်္ကန်း။
၆။ သဒိဿံ = ရည်ရွယ်၍ လှူဒါန်းသောအလှူ။
၇။ နှောင်းဟေမာ = ဆောင်းနှောင်းရာသီ (ဆောင်းအကုန်)။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။