ကျောက်တော်ကြီးရှင် ရွှေထီးတင်

ဝီကီပီးဒီးယား မှ

ကျောက်တော်ကြီးရှင် ရွှေထီးတင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ရေးဖွဲထားသည်မှာ ၁၂၆၆ ခုနှစ်တွင် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးအား နတ်တို့ညွှန်ပြသဖြင့် စကျင်တောင်မှ အလွန်ကြီးမားလှသော ကျောက်တော်ကြီးကို ရ၍ တင်ပြန့်ခွေပုံတော် ထုလုပ်ကိုးကွယ်သည့် မဟာသကျမာရဇိန် ကျောက်တော်ကြီး ရုပ်ရှင်တော်မြတ်ကို ညောင်ရွှေစော်ဘွားကြီးသည် ဂန္ဓကုဋီတိုက် ကျော်တော်အသစ်ကို ပြင်ဆင်ဆောက်လုပ်ကာ ရွှေထီးအထွဋ် တင်လှူသည့် အကြောင်းကို ဖွဲ့ဆိုထားခြင်း ဖြစ်သည်။

ကျောက်တော်ကြီးရှင် ရွှေထီးတင်[ပြင်ဆင်ရန်]

နန်းရွှေမြေမန်းမေရုတွင်မှ၊ ဇေယျတု ပဝရံနှင့်၊ သမုခံ ဧကရာဇ်က ရင်နှစ်တော် နေညွန့်ဘွားတွေနှင့်၊ တပါးအဝင်ပ၊ ဇယားတွင် တင်ကာမှတ်ပါတဲ့၊ သားတော်မြတ်ကိတ္တိမံ။


စိုက်ထီးဖြူဆောင်ရွှေပလ္လင်နှင့်၊ အောင်မြေခွင် ညောင်ရွှေစခန်းက၊ ရွှေနန်းရာဇာဘသို့၊ မာသဝါတော်ကျွတ်ခဲ့လျှင်၊ ဖူးလာဝင် အထူးပဏာ အထွဋ်ကိုဖြင့် ဦးညွတ်ရပြန်။


အသူရာ ဗျူဟာလျှောလေသို့၊ သီပေါစံ လောကဓံမကင်းသူမို့၊ ကံယွင်းယို ဗဟိုရ်ပေါက်ခဲ့လျှင်၊ ဟိုအနောက်ပြည်ဣန္ဒိရယ်က၊ စိန္တိတာအကြံနှင့်၊ ဘိလပ်စံထပ်မံစိုးမိလျှင်၊ ကိုးချက်ဆင့်အမြောက်သံ၊ ရောက်ပြန်ကဖြစ်မြဲ။


နတ်ရွာစံဓာတ်သမ္ဘာကြီးပါတဲ့၊ ရာထီးပိုင်သီဟာပျော်၏၊ စိန္တေယျော် မဟိသေလော်ကျောက်ကိုဖြင့်၊ ထီးဆောက်တင်ဘုရင်ထူတော့၊ အရင်တဆူစင်ဖြူတဲ့ စိတ်ကယ်နှင့်၊ ဗူနိဗ္ဗာန်ဖိုလ်ထိလှမ်းရအောင်၊ အပူဇော်သူတော်ရဟန်းတွေနှင့်၊ သိန်းသန်းရေကုဋေတိအောင်ပ၊ မန်းရွှေမြေတောင်ဂီရိက၊ ကုလား မြန်မာများစွာ တရှိငဲ့ပြင်း၊ သိကြားပါအများဗြဟ္မာသို့ ထိလောက်အောင်၊ ကြားသိမဲ့ပွဲ။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မန်းမေရု = မေရုဟု ခေါ်သောမြင်းမိုရ်တောင်သည် ကျွန်းကြီးလေးကျွန်း၏ အလယ်ဗဟို ဖြစ်သကဲ့သို့ မန္တလေးရတနာပုံ မြို့တော်ကြီးသည်လည်း နေပြည်တော်၏ ဗဟိုဟု ဆိုလိုသည်။

၂။ ဇေယတု = အောင်ခြင်း။

၃။ ပဝရံ = မြတ်သော။

၄။ သမုခံ = သမုတိဘုရင်ဟု ဘွဲ့အမည်ခံယူသော။

၅။ မဟိံသေလော်ကျောက် = ဤတွင် မဟိန္ဒ + သေလပုဒ်နှစ်ခုကို ပေါင်း၍ ကြီးမြတ်သော ဘုရားထုရန် ကျောက်ဟု ဆိုလိုဟန်တူသည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။