ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့

ဝီကီပီးဒီးယား မှ

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့[ပြင်ဆင်ရန်]

ကမ္ဘာတစ်ဝန်းတွင် ဒေသဆိုင်ရာ ပဋိပက္ခများအကြား အန္တရာယ်ထူပြောလှသော တာဝန်ကိုနှစ်ပေါင်း ၄ဝ ကြာမျှ ထမ်းဆောင်ခဲ့မှုအတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့သည် ၁၉၈၈ ခုနှစ် ငြိမ်း ချမ်းရေး နိုဘယ်ဆုကြီးကို ဆွတ်ခူး ရရှိခဲ့သည်။


ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ရန်လျာထား သော လူ ရ၄ ဦးနှင့်အဖွဲ့အစည်း ၂၃ ဖွဲ့ထဲမှ ရွေးချယ်ခံရခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟာဗီးယား ပဲရက်ဒေကွေးလျား၊ ဖိလစ်ပိုင်သမ္မတ မစ္စက်ကိုရဇွန် အကွီနို၊ နော်ဝေး၊ ဝန်ကြီးချုပ် ဂရိုဟာလစ်ဘရန့်လန်း၊ တောင်အာဖရိက အသားအရောင် ခွဲခြားရေးဝါဒဆန့်ကျင်ရေးခေါင်းဆောင် နယ်လဆင် မန်ဒဲလား၊ အစ္စရေးနိုင်ငံ၏ နျူကလီးယားစွမ်းပကား ဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဖွင့်ချခဲ့၍ နိုင်ငံတော် သစ္စာဖောက်မှုဖြင့်ထောင်ဒဏ်ကျခံရသူ မော်ဒီချေး ဗာနူးနူး၊ နိုင်ငံ တကာ ဘောလုံးအဖွဲ့ချုပ် (အက်ဖ် အိုင် အက်ဖ် အေ) ဥက္ကဋ္ဌ ဗရာဇီးအမျိုးသားဂျိုး ဟာဗလန်ဂေး၊ သေဒဏ်ကို ပယ်ဖျက်ရန် တောင်းဆိုလှုပ်ရှားသည့် ဘုန်းတော်ကြီး ဂျိုးဇက် အင်ဂလီ၊ ဗြိတိသျှ အသံလွှင့်ကော်ပိုရေးရှင်း (ဘီဘီစီ)၊ ကမ္ဘာ့ ကျန်းမာ ရေးအဖွဲ့ချုပ် (ဒဗလျူအိပ်ချ်အို) စသည့် လျာထားချက်များကို ကျော်ဖြတ်၍ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့က ရွေးချယ်ခံရခြင်းဖြစ်သည်။

တပ်ဖွဲ့ခုနှစ်ဖွဲ့ ဖွဲ့စည်းထားသော စစ်သား ၁၀၀၀ဝဝဝ နီးပါးသည် ကမ္ဘာ့အရေးကိစ္စ ပြဿနာအရပ်ရပ်တွင် ဒိုင်ခံဖြေရှင်း ရာ၌ အရေးပါသည့် ကုလသမဂ္ဂကို ယုံကြည်အားထားမှု ရှိလာ စေရန် ဆောင်ရွက်ပေးခဲ့ သည်ဟု နော်ဝေးနိုင်ငံ နိုဘယ်ကော်မတီက ကြေညာခဲ့သည်။ ယင်းတပ်ဖွဲ့ဝင်များသည် အငြင်းပွားမှုများကို ငြိမ်း ချမ်းစွာ ဖြေရှင်းရန်ဟူသော ကမ္ဘာ့သန္ဒိဋ္ဌာန်ကို ပြသခဲ့ပြီး ထိုသို့ ပြသခြင်းဖြင့်ပင် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဖြေရှင်းမှုများကို ဦးတည်နိုင်စေရန် အကျိုးဆောင်ခဲ့သည် ဟုလည်း ကြေညာခဲ့သည်။

နိုင်ငံများအကြား ရန်လိုမှု ရပ်စဲသွားစေရန်လည်း ကောင်း၊ ပြန်လည်ဖြစ်ပွားခြင်း မရှိစေရေးအတွက် တားမြစ်သည့် အနေဖြင့်လည်းကောင်း၊ အခြေအနေများ ပြန်လည်ကောင်းမွန်လာ စေရန်လည်းကောင်း ဆောင်ကြဉ်းပေးရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (တစ်ခါတစ်ရံ ထူးခြား သောခြေလှမ်းအဖြစ် အထွေထွေ ညီလာခံ) သည် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများဟု သတ်မှတ်သည့် အရေးယူမှုများကို သက်ဆိုင်ရာနိုင်ငံများ၏ သဘောတူခွင့်ပြု ချက်ဖြင့် အမိန့်ထုတ်ပြန်သည်။ ဤကဲ့သို့အရေး ယူဆောင်ရွက် မှုမျိုးနှစ်မျိုး နှစ်စားရှိသည်။ တစ်မျိုးမှာ ကုလသမဂ္ဂ စစ်ဘက် ဆိုင်ရာ အကဲခတ် မစ်ရှင်များဖြစ် ပြီး ကျန်တစ်မျိုးသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်များ ဖြစ်သည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေတပ်ဖွဲ့များတွင် အဖွဲ့ဝင်နိုင်ငံ များမှ စေလွှတ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်သည်။ ယင်းတပ်ဖွဲ့များ ဆောင်ရွက်ရသည့်လုပ်ငန်းအမျိုးအစားသည် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွား စေရန်ဟန့်တားပေးခြင်း၊ တရားဥပဒေနှင့် ငြိမ်ဝပ်ပိပြားရေး ပြန်လည်ချမှတ် ထိန်းသိမ်းပေး ခြင်းနှင့် ပုံမှန်အ ခြေအနေမျိုး ပြန်လည်ရရှိစေရန် ဆောင်ကြဉ်း ပေးခြင်းတို့ ဖြစ်သည်။ ဤသည်ကို ရှေးရှုလျက် စေ့စပ်ခြင်း၊ ဖျောင်းဖျခြင်း၊ အချက်အလက်ရှာဖွေခြင်းတို့ကို လိုအပ်သလို ပြုလုပ်သွားရန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်အား အာဏာလွှဲအပ် ထားသည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်များသည် ဆန့်ကျင် ဘက် အုပ်စုတို့အကြား ကင်းစောင့်လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ကြားဖြတ်ဖျန်ဖြေခြင်းလုပ်ငန်းများကို ပြုလုပ်သည်။ သာမန်အား ဖြင့်မူ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များသည် အင်အားကို မလွှဲမရှောင်သာမှသာလျှင် ကာကွယ်ခုခံရန် အသုံးပြုနိုင်လေ သည်။ သို့ရာတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့များသည် ဘက်မလိုက် မှုကို အချိန်ပြည့် အပြည့်အဝ ကျင့်သုံးပြီး ဆန့်ကျင်ဘက် အုပ်စုများ၏ တောင်းဆိုချက်များနှင့် ရပ်တည်ချက်များကို ထိခိုက်စေမည့် အပြု အမူများကို လုံးဝရှောင်ကြဉ်ကြရသည်။

ကုလသမဂ္ဂ အဖွဲ့ကြီးသည် စတင်ဖွဲ့စည်းပြီးချိန်မှစ၍ အရှေ့အလယ်ပိုင်း ပြဿနာများနှင့် ပတ်သက်ခဲ့ သည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ပါလက်စတိုင်း ဒေသကို နှစ်ပိုင်း ခွဲရန်ဟူသော စီမံကိန်းကိုအ တည်ပြုလိုက်ပြီးနောက် ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံကို တည်ထောင်ခဲ့ရာမှ အာရပ်-အစ္စရေး စစ်ပွဲ ဖြစ်ပွားခဲ့သည်။ လုံခြုံရေးကောင်စီ၏ကြီး ကြပ်မှုအဖွဲ့ (ယူ အင် တီ အက်စ် အို) ၏ ဆောင်ရွက်ကွပ်ကဲမှု ဖြင့် စစ်ပွဲကို ရပ်စဲနိုင်ခဲ့သည်။ ဂျရူဆလမ်းမြို့ရှိ ယူအင်တီအက်စ် အိုသည် ပထမဆုံးဖွဲ့စည်းသော ကုလသမဂ္ဂ တပ်ဖွဲ့ဖြစ်သည်။

အခြားတပ်ဖွဲ့နှစ်ဖွဲ့သည်လည်း အစ္စရေးနိုင်ငံ၏ နယ်စပ်ဒေသများ တွင် ယနေ့တိုင် တာဝန်ထမ်းဆောင်လျက်ရှိပေသည်။ ယင်းတပ် ဖွဲ့နှစ်ဖွဲ့တွင် အင်အား ၅ယ၈ဝဝ ရှိ လက်ဗနွန်နိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ ကြားခံတပ်ဖွဲ့ (ယူနီဖီး) လည်းပါဝင်သည်။ ယူနီဖီးသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင်တပ်ဖွဲ့ဝင် ၂ဝဝ ခန့် တာဝန်ထမ်း ဆောင်ရင်း အသက်ပေးလှူခဲ့ကြရပြီး ဖြစ်သည်။

ဂျမူးနှင့် ကက်ရှမီးယားဒေသတို့ပါဝင်သည့် ယခင် ဗြိတိသျှ အိန္ဒိယပိုင်ပြည်နယ်ကို အပိုင်းနှစ်ပိုင်းခွဲ ခြားရေးစီမံကိန်း နှင့် ၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး အက်ဥပဒေတို့အရ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် အိန္ဒိယနှင့်သော်လည်းကောင်း ပါကစ္စတန်နှင့်သော်လည်းကောင်း၊ ယင်းပြည်နယ်သည် ပူးပေါင်း ပိုင်ခွင့်ရရှိခဲ့သည်။ ယင်းပြည်နယ်၏ မဟာရာဂျာက အိန္ဒိယ နိုင်ငံနှင့်ပူးပေါင်းရန် မေတ္တာရပ်ခံလာသည်ကို အိန္ဒိယနိုင်ငံက လက်ခံလိုက်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် တိုင်းတစ်ပါး လူမျိုးစုများ ကက်ရှမီးယားဒေ သအတွင်းသို့ ချဉ်းနင်းဝင်ရောက် နေသဖြင့် တိုက်ပွဲများကျယ်ပြန့်စွာဖြစ်နေကြောင်း အိန္ဒိယနိုင်ငံက တိုင်ချက် ဖွင့်လိုက်သောကြောင့် ယင်းကက်ရှမီးယားပြဿနာ သည် လုံခြုံရေးကောင်စီသို့ရောက်ရှိသည်။ ထိုသို့ ချဉ်းနင်း ဝင်ရောက်ကြခြင်းကို ပါကစ္စတန်နိုင်ငံက ပါဝင်ထောက်ကူ သည်ဟု အိန္ဒိယနိုင်ငံက စွပ်စွဲသည်။ အိန္ဒိယနိုင်ငံ၏ စွပ်စွဲချက် ကို ပါကစ္စတန်က ငြင်းဆိုလိုက်ပြီး ကက်ရှမီးယားဒေသ အိန္ဒိယ နိုင်ငံနှင့် ပူးပေါင်းခြင်းသည် တရားမဝင်ကြောင်းဖြင့် တိုင်တန်း လာပြန်သည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အိန္ဒိယ နှင့် ပါကစ္စတန်တို့သည် ကက်ရှမီးယားဒေသ၌ အပစ် အခတ်ရပ်စဲရေးကို လက်ခံသည်။ ထိုအချိန်မှစ၍ ယနေ့တိုင် ပင်အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန် ကုလသမဂ္ဂ စစ်ဘက်ဆိုင်ရာ အကဲခတ်အဖွဲ့ ချထားလျက်ရှိသည်။

၁၉၅၆ ခုနှစ်တွင် အစ္စရေး၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံ တို့က အီဂျစ်နိုင်ငံကို စစ်ရေးအရ ဝင်ရာက် တိုက်ခိုက်ကြရာမှ ပေါ်ပေါက်လာခဲ့သည့် စူးအက်တူးမြောင်းအရေးအခင်းကို ကုလသမဂ္ဂက အပြေအလည် ဖြေရှင်းပေးရာတွင် အီဂျစ်နယ်မြေ အတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းသွားရန်အတွက် ကုလသမဂ္ဂ အရေးပေါ် တပ်များကို ၁၉၆၇ ခုနှစ်အထိ ချထားပေးခဲ့သည်။

လက်ဗနွန် ဆီးရီးယားနယ်စပ်ဒေသတွင် မငြိမ်သက်မှု များ ပေါ်ပေါက်ခဲ့သည့် ၁၉၅၈ ခုနှစ်တွင် လက်နက်မှောင်ခိုမှုများ ကို ရပ်စဲသွားစေရန် ကုလသမဂ္ဂ အကဲခတ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ရသည်။

ယခင်ကဗဲလဂျီယမ်နိုင်ငံ၏ လက်အောက်ခံ ကိုလိုနီ ဖြစ်ခဲ့သော ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (ယခု ဇိုင်ယာ သမ္မတနိုင်ငံ) သည် ၁၉၆ဝ ပြည့်နှစ် ဇွန်လ ၃ဝ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ မကြာ မီနိုင်ငံအတွင်း မငြိမ်သက်မှုများ ပေါ်ပေါက်ရာ ဗဲလဂျီယမ် အစိုးရသည် ကွန်ဂိုအတွင်းရှိ ဥရောပ တိုက်သား များနှင့် အနွယ်များကို ကာကွယ်ရန်နှင့် နေရာရွှေ့ ပြောင်းပေရန် ဟူသောအကြောင်းပြချက်ဖြင့် ကွန်ဂိုသို့ စစ်တပ် များ စေလွှတ်ခဲ့သည်။ ဇူလိုင်လ ၁၂ ရက်နေ့တွင် ကွန်ဂိုအစိုးရ က မိမိတို့နိုင်ငံ နယ်နိမိတ် အတွင်းသို့ ပြင်ပမှကျူးကျော်နေခြင်း ကို ဟန့်တားပေးပါမည့်အကြောင်း ကုလသမဂ္ဂသို့ စစ်အ ထောက်အကူတောင်းခံလာသည်။ နှစ်ရက်အကြာတွင် လုံခြုံရေး ကောင်စီက ဗဲလဂျီယမ်တပ်များ ရုပ်သိမ်းပေးရန်တောင်းဆိုသည်။

အာရှ နှင့်အာဖရိကရှိ ဘက်မလိုက်နိုင်ငံများ အပါအဝင် အဖွဲ့ဝင် နိုင်ငံများမှ ပို့လိုက်သောကုလသမဂ္ဂ တပ်ဖွဲ့များသည် ၄၈ နာရီ အတွင်း ရောက်ရှိခဲ့သည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ၁၉၆၄ ခုနှစ်အထိ ထားရှိ ခဲ့သည်။

နယူးဂင်းနီ နိုင်ငံအနောက်ပိုင်းဒေသတွင်လည်း အင်ဒိုနီးရှားနှင့် နယ်သာလန် နိုင်ငံတို့အကြားငြိမ်းချမ်းရေး သဘောတူစာချုပ်အရ ၁၉၆၂ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ ချထားခဲ့ရသည်။

ယေမင်နိုင်ငံ ပြည်တွင်းစစ်တွင် အာရပ်တပ်ဖွဲ့များ ထိပ်တိုက်မတွေ့ရအောင် ခွဲခြားရေးတွင် ၁၉၆၃ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ ကုလသမဂ္ဂ တပ်ဖွဲ့များကပင် တာဝန်ယူပေးခဲ့ရသည်။

ဂရိအနွယ်ဖွား စိုက်ပရပ်များနှင့် တူရကီအနွယ်ဖွား စိုက်ပရပ်များကြား ပြန်လည် တိုက်ခိုက်ခြင်းကို တားဆီးရန်နှင့် တရားဥပဒေစိုးမိုးရေးကို ကူညီရန်၊ သာမန်အခြေအနေများ ပြန်ရောက်ရေးအတွက် တိုးတက်လာအောင် ဆောင်ရွက်ရန် ဟူသော ညွန်ကြားချက်ဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ များသည် စိုက်ပရပ် နိုင်ငံတွင် ၁၉၆၄ ခုနှစ်မှစ၍ တပ်စွဲခဲ့သည်။

၁၉၇၄ ခုနှစ် ဩဂုတ်လမှအစပြု၍ ယင်းတပ်ဖွဲ့များသည် စိုက် ပရပ် အမျိုးသားကာကွယ်ရေးတပ်နှင့် တူရကီတပ်များကြား အပစ်အခတ်ရပ်စဲထားသည်ကို ကူညီထိန်းသိမ်းရန် ဟူသော တာဝန်ကိုပါ ထမ်းဆောင်ရသည်။ ၁၉၇၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် စိုက်ပရပ်ကျွန်း ပေါ်၌ စစ်တပ်က အာဏာသိမ်း လိုက်ပြီးနောက် ယင်းတာဝန်သစ် ပေါ်လာရခြင်းဖြစ်သည်။

စစ်တပ်ကအာဏာ သိမ်းပြီးနောက် တူရကီတပ်များ စိုက်ပရပ် နိုင်ငံတွင်း ဝင်ရောက်လာကာကျွန်း၏ မြောက်ဘက်ပိုင်းရှိတူရကီ အနွယ်ဖွား စိုက်ပရပ်များ နေထိုင်ရာ အရပ်ဒေသများကိုသိမ်းပိုက် ထားလိုက်ခြင်းကြောင့်ဖြစ်သည်။ ထိုအချိန်မှစ၍ စိုက်ပရပ်ပြဿနာ ကို အကျေအလည် မဖြေရှင်းနိုင်သေးချေ။ ကုလသမဂ္ဂ ငြိမ်းချမ်း ရေး ထိန်းသိမ်းမှု တပ်ဖွဲ့များသည်လည်း နေ့စဉ် လုပ်ငန်းများ ဖြစ်သော အပစ်အခတ်ရပ်စဲရေးကို ကြီးကြပ်ကွပ်ကဲရန်နှင့် အပစ် အခတ်ရပ်စဲရေး လမ်းကြောင်းများအကြားရှိ ကြားခံဒေသကို ကွပ်ကဲရန် ဆောင်ရွက်နေကြရသည်။ မြောက်ပိုင်းရှိ ဂရိနွယ်ဖွား စိုက်ပရပ်တို့၏ လုံခြုံရေးနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်း များကိုလည်းဆက်လက် ပြုလုပ်နေရသည်။

ကက်ရှမီးယားဒေသရှိ အပစ်အခတ်ရပ်စဲရေး နယ်နိမိတ် တစ်လျှောက်၌ ၁၉၆၅ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှစ၍ အ ကြမ်းဖက်မှု အရေးအခင်းများ ပေါ်ပေါက်ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မေတ္တာရပ်ခံချက်အရ အထွေထွေအတွင်း ရေးမှူးချုပ်က ကက်ရှမီးယားရှိ ကုလသမဂ္ဂ စစ်ဘက်ဆိုင်ရာ အကဲခတ်အုပ်စု ကို တိုးချဲ့လိုက်ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံနယ်ခြားရှိ အပြည်ပြည်ဆိုင်ရာ နယ်ခြားဒေသ တွင် သီးသန့်အကဲခတ်အဖွဲ့တစ်ဖွဲ့ကို ထပ်မံနေရာချထားခဲ့ရ သည်။

၁၉၇၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စူးအက်တူးမြောင်းဒေသမှ အီဂျစ်တပ်များနှင့်ဂိုလန် ကုန်းမြင့်မှ ဆီးရီးယားတပ်များက အစ္စရေးစခန်းများကို တိုက်ခိုက်ခြင်းဖြင့် စစ်ဖြစ်ပွားခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဆုံးဖြတ်ချက် ၃၃၈ (၁၉၇၃)ကို ချမှတ်ကာအပစ် အခတ် ရပ်စဲကြရန်တိုက်တွန်း သည်။ တစ်ဆက်တည်းမှာပင် မိမိအာဏာကို သုံးစွဲလျက် ကုလသမဂ္ဂ အရေး ပေါ်တပ်များ အသစ်ချထားရန် ဆုံးဖြတ် သည်။ ယင်းတပ်ဖွဲ့ဝင်များသည် အီဂျစ်နှင့် အစ္စရေးတပ်တို့ အ ကြားကြားခံ အင်အားစုအဖြစ်လည်းကောင်း၊ အကဲခတ်များအဖြစ် လည်းကောင်း ဆောင်ရွက်သည်။ ဆန့်ကျင်ဘက် တပ်များကို ခွဲခြားထားခြင်းနှင့် တိုက်ခိုက်မှုရပ်စဲရန် ထိန်းချုပ်ခြင်းကိုလည်း ပြုလုပ်သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇုန်များသို့ ကင်းလှည့်ခြင်း နှင့် လက်နက်နှင့် စစ်တပ်ကန့်သတ်ထားသည့် ဇုန်များကို စစ်ဆေးခြင်းတို့ ကို တာဝန်ယူခဲ့သည်။ ထိုကာလတွင်ပင် အစ္စရေး-ဆီးရီးယားနယ်ခြား၌ ပစ်ခတ်မှုအရေးအခင်းဆက်လက် ပေါ်ပေါက်သည်။ ကုလသမဂ္ဂဆိုင်ရာ စစ်မဖြစ်ပွားရေးတပ်ဖွဲ့ (အန်ဒေါ့ဖ်) ကို ဖွဲ့စည်းစေလွတ်ခဲ့ရသည်။

အစ္စရေးနိုင်ငံအတွင်းသို့ ပါလက်စတိုင်း အသေခံတပ် သားများ ဝင်ရောက်တိုက်ခိုက်သည်ကိုလက်တုံ့ ပြန်သောအားဖြင့် အစ္စရေးတပ်များ လက်ဗနွန်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်သိမ်း ပိုက်သောကြောင့် ၁၉၇၈ ခုနှစ် မတ်လတွင် နောက်ထပ် ကုလ သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့တစ်ခု ထူထောင်ခဲ့ရပြန် သည်။ အစ္စရေးတပ်များ ပြန်လည်ရုပ်သိမ်းသွားရေးနှင့် ထိုဒေသ များအတွင်း လက်ဗနွန်အစိုးရ ဩဇာအာဏာပြန်လည်ထူထောင် ရေးတို့အတွက် ကုလသမဂ္ဂ ကြားခံတပ်ဖွဲ့တစ်ဖွဲ့က တာဝန်ယူ ပေးသည်။

၁၉၈၈ ခုနှစ် ဧပြီလတွင်လည်း အာဖဂနိစတန်နိုင်ငံမှ ဆိုဗီယက်တပ်များရုပ်သိမ်းမှုကို စောင့်ကြည့်ရန်နှင့် အာဖဂနိ စတန် ငြိမ်းချမ်းရေး စာချုပ်လိုက်နာမှု အခြေအနေကိုအကဲခတ် ရန် ကုလသမဂ္ဂ တပ်ဖွဲ့များ စေလွတ်ထားသည်။


၁၉၈၈ ခုနှစ် ဩဂုတ်လတွင်လည်း အီရန်-အီရတ် စစ်ပွဲ၏ အပစ်အခတ်ရပ်စဲမှုကို စောင့်ကြည့်သည့် ကုလသမဂ္ဂ ဆိုင်ရာ အကဲခတ်ရေးအဖွဲ့ကို စေလွတ်ထားပေသည်။

ကုလသမဂ္ဂ အဖွဲ့ကြီး၏ ၄၃ နှစ်တာ သမိုင်းစဉ် တစ်လျှောက်တွင် အခြေအနေဆိုးတစ်ရပ်ကိုစစ်မက် အသွင်သို့ ဖြစ်ပေါ်ပြောင်းလဲခြင်းမှ ဟန့်တားပေးရန်၊ ဆန့်ကျင့်ဘက် အုပ်စုများအား လက်နက်မသုံးဘဲဆွေး နွေးမှုနည်းလမ်းများ အသုံးပြုရေးအတွက် ဖျောင်းဖျပေးရန်၊ အချင်းဖြစ်ပွားခဲ့သော် ငြိမ်းချမ်းရေးပြန်လည်ရရှိ စေရေး သို့မဟုတ် အနည်းဆုံး အပစ်အခတ်ရပ်စဲရေး အတွက် အထောက်အကူပြုရန် ကြိမ်ဖန် များစွာဆောင် ရွက်ခဲ့ရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်များသည် သက်စွန့် ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ရသည်ဖြစ်၍ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခြင်း ဖြစ်ပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)