ကိုကို (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
ဒေါက်တာ ဦးကိုကို
မွေးဖွား(1929-02-05)ဖေဖော်ဝါရီ ၅၊ ၁၉၂၉
ပခုက္ကူမြို့
ကွယ်လွန်၂၀၁၈
အိမ်ထောင်ဖက်(များ)ဒေါ်ခင်ညွန့်ညွန့်
သားသမီး၆ ဦး
ရရှိသည့်ဆုများအမျိုးသား စာပေဆု (၁၉၉၉)

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ဒေါက်တာ ဦးကိုကိုကို အဘ ဦးဘိုကြီး၊ အမိ ဒေါ်တင်တင်တို့မှ ပုဂံမြို့တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်က ပခုက္ကူမြို့တွင် နေထိုင်ခဲ့ပြီး ဝက်စလီကျောင်း၌ ပညာ သင်ကြားခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ပခုက္ကူ အစိုးရ အထက်တန်းကျောင်းမှ ၁ဝ တန်း အောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ဆေးသိပ္ပံမှ M.B.B.S. ဘွဲ့ ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အီဒင်ဘာရာ တက္ကသိုလ် DPH (Edin), DTM & H (Eng:) နှင့် FRCP (Edin) ဘွဲ့များ ရရှိခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးလက်ထောက်ဆရာဝန်အင်းစိန်ခရိုင်၌ လက်ထောက် ကျန်းမာရေး ဆရာဝန်၊ ခရိုင် ကျန်းမာရေး ဆရာဝန်ကြီး အဖြစ် အမှုထမ်းခဲ့သည်။ ကျန်းမာရေး ဦးစီး ဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် အဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့သည်။ ဆေးဝါးဗေဒ ဆိုင်ရာ လေ့ကျင့် သင်ကြားရေး တာဝန်ကို ရန်ကုန် ဆေးတက္ကသိုလ် (၁) နှင့် (၂) တို့တွင် သရုပ်ပြ အချိန်ပိုင်း ကထိက၊ ပါမောက္ခ တာဝန်များဖြင့် ပို့ချခဲ့သည်။ ကျန်းမာရေး ဦးစီး ဌာနတွင် ညွှန်ကြားရေးမှူး (ရောဂါ နှိမ်နင်းရေး) အဖြစ် နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နယူးဒေလီမြို့ရှိ အရှေ့တောင်အာရှဒေသကြီး၏ ရုံးချုပ်တွင် လူမှုရေး ကျန်းမာရေး အကြံပေးအဖြစ် ပြောင်းရွှေ့ အမှုထမ်း ခဲ့သည်။ ၁၉၈၁ ခုနှစ်မှ စ၍ ၁၉၉၄ ခုနှစ် အထိ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အရှေ့တောင် အာရှ ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် ထိုတာဝန်မှ အငြိမ်းစား ယူခဲ့ပြီး ၁၉၉၆ ခုနှစ် အထိ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ နိုင်ငံတကာ ဆေးပညာ နှီးနှော ဖလှယ်ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ညီလာခံများသို့ အကြိမ်ကြိမ် တက်ရောက်ခဲ့သည်။ ဒေါက်တာဦးကိုကိုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ဂုဏ်ထူးဆောင် ညွှန်ကြားရေးမှူး ဖြစ်သည့်အပြင် မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ တာဝန်လည်းထမ်းဆောင်ခဲ့သည်။

ဒေါက်တာ ဦးကိုကို၏ ဇနီးသည်မှာ ဒေါ်ခင်ညွန့်ညွန့် ဖြစ်ပြီး သားသမီး ၆ ဦး ရှိသည်။ ၂၀၁၈ ခုနှစ်တွင် ကွယ်လွန်သည်။[၁]


စာပေရေးသားခြင်း[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ် တွင် ပညာသင်ကြားနေစဉ် တက္ကသိုလ်မဂ္ဂဇင်းဆေးသိပ္ပံမဂ္ဂဇင်း များတွင် ကဗျာ ဆောင်းပါး၊ ဝတ္ထုတိုများ ရေးသားခဲ့ပြီး ဆေးသိပ္ပံမဂ္ဂဇင်း ကို တည်းဖြတ်ထုတ်ဝေခဲ့သည်။ ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို လက်တွေ့ ဆောင်ရွက်ခဲ့ပြီး၊ သိပ္ပံနှင့် သုတေသန ဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများကို ဆေးပညာဂျာနယ်များတွင် အင်္ဂလိပ်ဘာသာဖြင့် ပုဒ်ရေ ၁၂ဝ ရေးသား ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာသည် မြဝတီငွေတာရီ၊ ဆေးပညာမဂ္ဂဇင်း၊ ကျန်းမာရေးပညာမဂ္ဂဇင်းများနှင့် အကောက်ခွန်ဂျာနယ်၊ မြန်မာနိုင်ငံဆေးဂျာနယ်၊ ဇီဝကဆေးကျန်းမာရေးတို့တွင် ဆောင်းပါးများရေးသားခဲ့သည်။ ကလောင်အမည်ခွဲမှာ ကမ္ဘာလှည့်မောင်အောင် ဖြစ်သည်။

၁၉၉၉ ခုနှစ် အမျိုးသားစာပေဆု (သုတပဒေသာ၊ အသုံးချသိပ္ပံ) ကို စာပေလောက စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည့် "ရောဂါကင်းဝေး သက်ရှည်ရေး" စာအုပ်ဖြင့် ရရှိခဲ့သည်။[၂][၃]


ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာ ဦးကိုကို ကွယ်လွန်| ဘီဘီစီ မြန်မာ ၉ ဇန်နဝါရီ ၂၀၁၈
  2. အမျိုးသားစာပေဆုရစာအုပ်စာရင်း
  3. နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)၊ ရွှေဟင်္သာ စာအုပ်တိုက်၊ ၂၀၀၆ နိုဝင်ဘာ