ကိုကိုမောင် (စာရေးဆရာ)
ကိုကိုမောင် | |
---|---|
မွေးဖွား | ချစ်လှိုင် ၁၅ မတ် ၁၉၂၆ ကသာခရိုင်၊ မော်လူးမြို့ |
ကွယ်လွန် | မတ် ၂၄၊ ၂၀၁၈[၁] ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | (အသက် ၉၂)
ကလောင်အမည် | မိုးကုတ်မောင်၊ မောင်သစ္စာ၊ မောင်ချစ်ကြည်၊ မောင်ချစ်လှိုင်၊ ရွှေမိုး၊ မောင်ပျော့ပျောင်း၊ ကိုကိုမောင်ကြီး |
နိုင်ငံလူမျိုး | မြန်မာ |
လူမျိုး | ဗမာ |
မိဘ | ဦးညို + ဒေါ်တင် |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
စာရေးဆရာ ကိုကိုမောင်ကို ကသာခရိုင်၊ မော်လူးမြို့တွင် ၁၉၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၌ အဖ စာတိုက်ဗိုလ် ဦးညိုနှင့် အမိ ဒေါ်တင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ချစ်လှိုင် ဖြစ်သည်။ ရွှေကူနှင့် မန္တလေးမြို့များတွင် မူလတန်းပညာ သင်ကြားခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ကသာမြို့ အစိုးရ အထက်တန်းကျောင်းတွင် ရှစ်တန်း အောင်မြင်သည် အထိ ပညာ သင်ကြားခဲ့သည်။
၁၉၄၂ ခုနှစ်၊ မတ်လ အကုန်တွင် ဘီအိုင်အေ တပ်မတော်သို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ ဩဂုတ်လတွင် ဘီအိုင်အေတပ် ဖျက်သောအခါ မိဘများ ရှိရာ မိုးကုတ်သို့ ပြန်ပြီး ကိုးတန်း၊ ဆယ်တန်း နှစ်တန်းပေါင်း သင်တန်းကို တက်ရောက် သင်ကြားခဲ့သည်။ ၁၉၄၃ ခုနှစ်၊ မတ်လတွင် စာမေးပွဲ ဖြေပြီးနောက် ဘီဒီအေသို့ ပြန်ဝင်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဗိုလ်စန်းငွေ အမည်ဖြင့် ပြလိုမြို့နယ် နိုင်ငံရေး တာဝန်ခံ အဖြစ် ထမ်းဆောင်ခဲ့သည်။ ထိုအချိန်က စစ်ရေး တာဝန်ခံမှာ ဗိုလ်စန်းယု (ကွယ်လွန်၊ နောင်ဗိုလ်ချုပ်ကြီးနှင့် မဆလ သမ္မတ ဖြစ်လာသူ) ဖြစ်သည်။ ၁၉၄၅ ခုနှစ်၊ တော်လှန်ရေး အပြီးတွင် မျိုးချစ် ဗမာ့ တပ်မတော်ကို ဖျက်သိမ်းသော အခါ ဒုတိယဗိုလ် အဆင့်ဖြင့် တပ်မှ နုတ်ထွက်ခဲ့သည်။ စာရေးဆရာ ကိုကိုမောင် (ခေါ်) ကိုချစ်လှိုင်သည် သူ၏ နိုင်ငံရေး လှုပ်ရှားမှု အစောပိုင်း ကာလတွင် သခင်စိုး၏ နောက်လိုက်တဦး အဖြစ် ကွန်မြူနစ် ပါတီ (အလံနီ) တွင် တက့်ကြွစွာ ပါဝင် ဆောင်ရွက် ခဲ့သေးသော်လည်း၊ နောက်ပိုင်းတွင် ပြည်သူ့ အရေးတော်ပုံ ပါတီ (ခေါ်) ဆိုရှယ်လစ် ပါတီသို့ ကူးပြောင်းခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် အရှေ့ဘာလင်၌ ကျင်းပသော ကမ္ဘာ့ လူထုပွဲတော်သို့ တက်ရောက်ခဲ့ပြီး၊ ထို့မှတဆင့် မော်စကိုတွင် ကျင်းပမည် ဖြစ်သော 'နိုင်ငံတကာ ကွန်မြူနစ် လူငယ်များ' ညီလာခံသို့ တက်ရောက်ရန် ကြိုးစားခဲ့သော်လည်း နိုင်ငံတကာ ကွန်မြူနစ်များက ကိုချစ်လှိုင်အား ယုံကြည်မှု မရှိသဖြင့် တက်ရောက်ခွင့် မပေးခဲ့ချေ။ ထို့ကြောင့် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် သောင်တင်ပြီးနောက် ပြင်သစ်၌ ပညာ ဆက်သင်ခဲ့သည်။ ပြင်သစ်ပြည် တက္ကသိုလ်ဝင် စာမေးပွဲ (ဝိဇ္ဇာပိုင်း) ကို ဖြေဆိုပြီးနောက် ပါရီမြို့ ဆော်ဗွန်း တက္ကသိုလ် ပြင်သစ်စာပေနှင့် အတွေးအခေါ် သမိုင်းဘာသာရပ်ကို ဆရာ အတတ်သင် အင်တီကျူတွင် ၂ နှစ် သင်ခဲ့သည်။
ဆိုက်ကိုတွင် ဝင်ရောက် အမှုထမ်းခြင်း
[ပြင်ဆင်ရန်]၁၉၅၅ ခုနှစ်တွင် ပြင်သစ်နဲ့ ပညာသင်ကြားရေး မပြီးစီးမီ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ထိုသို့ ပါရီမှ ပြန်လာပြီးနောက် ကိုချစ်လှိုင်သည် ဆိုဗီယက် ယူနီယံ ဆန့်ကျင်ရေး၊ ကွန်မြူနစ် ဆန့်ကျင်ရေး အလံကို ဆွဲကိုင် လှုပ်ရှားလာခဲ့သည်ဟု မြန်မာ့ နိုင်ငံရေး လောကတွင် ပြောစမှတ် ပြုခဲ့ရသူ ဖြစ်သည်။ ထို့နောက် တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ဌာနသို့ ဒု-ဗိုလ်မှူးကြီး အဆင့်နှင့် တန်းတူသော အရပ်သား စစ်မှုထမ်း အရာရှိ အဖြစ် ဝင်ရောက် အမှုထမ်းသည်။ ထို ဆိုက်ကို (ခေါ်) တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ဌာနမှ အခြား အရပ်သား စစ်မှုထမ်း လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ဂျာနယ်ကျော် စောဦးနှင့် ပေါင်းပြီး တချိန်က လုပ်ဖော်ကိုင်ဖက်ဟောင်း လက်ဝဲသမားများအား 'ဓမ္မန္တရာယ်' ဟု ပြည်သူ အကြားမှာ တံဆိပ်ခတ်နှိပ် ဝါဒဖြန့်မှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ထို့အပြင် လက်အောက် ငယ်သားများနှင့် လူထု အပေါ်မှာ မောက်မာရာ၌လည်း တော်လှန်ရေး ကောင်စီဝင် တဦး ဖြစ်သူ ဗိုလ်မှူးချုပ် တင်ဖေနှင့် အပြိုင် နာမည်ကြီးသူ ဖြစ်သည်။
ထိုသို့ အလံဖြူ ကွန်မြူနစ် အဖြစ် တောခိုသွားပြီးမှ စစ်တပ်နှင့် ပြန်ပေါင်းကာ ကွန်မြူနစ် ဆန့်ကျင်ရေး စာများကို ရေးနေသော သတင်းစာဆရာ ဂျာနယ်ကျော် စောဦးနှင့် အလံနီ လူထွက် ချစ်လှိုင်တို့ကို သူတို့နှင့် များစွာ ရင်းနှီးသူ တည်မြဲ ပြန်ကြားရေး ဝန်ကြီးဟောင်း သခင်ချစ်မောင်က၊ "မင်းတို့ နှစ်ယောက်က ဗိုလ်ချပ်ဈေးက အိမ်သာတွေမှာ 'မိန်းမသွားရန်'၊ 'ယောက်ျားသွားရန်' ဆိုင်းဘုတ်ရေးပေးတဲ့ လူနဲ့ အတူတူပါပဲကွာ" ဟု မျက်နှာကို စေ့စေ့ကြည့်ပြီး နောက်ပြောင် ဝေဖန်ခဲ့သည်ဟု ဆိုသည်။
မဆလ ခေါင်းကိုင် ဖခင်ကြီး
[ပြင်ဆင်ရန်]၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က 'တော်လှန်ရေး ကောင်စီ' အမည်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လက်နက် အားကိုးဖြင့် သိမ်းပိုက်ပြီးနောက် တော်လှန်ရေး ကောင်စီနှင့် နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ) အတွက် လမ်းစဉ် (၂၁) ချက်ကို ရေးဆွဲ လမ်းညွှန်ပေးခဲ့သည်။
ထို့နောက် ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အမည်ခံ အာဏာသိမ်း စစ်အုပ်စုနဲ့ မဆလ ပါတီအား ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရားရဲ့ ဗုဒ္ဓဘာသာ သဘောတရား အချို့နဲ့ ကွန်မြူနစ် ဝါဒက သဘောတရား အချို့တို့ကို ရောကြော်လုပ်ပြီး 'အညမည သဘောတရား' လို့ အမည် ပေးထားသည့် နိုင်ငံရေး သဘောတရား လက်နက်ကို တပ်ဆင် ပေးခဲ့သူ ဖြစ်သည်။ ထို့အပြင် ပြည်သူလူထုအားလည်း စစ်ကျွန်အဖြစ် နွံနစ်သွားစေမည့် 'အညမည သဘောတရား' နိုင်ငံရေး အတွေးအခေါ်တွေကို မဆလ ဗဟို နိုင်ငံရေး သိပ္ပံ (မင်္ဂလာဒုံ) သင်တန်းကျောင်းနဲ့ တက္ကသိုလ် ကောလိပ်တွေမှာ သင်ကြားနေတဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှ တဆင့် လူထုအကြား ပြန်နှံ့ စိမ့်ဝင်အောင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင် ပါဝင်ပြီး လက်တွေ့ လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် စာရေးဆရာ ကိုကိုမောင်အား ငြိမ်းချမ်းရေး မြတ်နိုးသူ၊ နိုင်ငံရေးမှာ ရန်သူမရှိ မိတ်ဆွေသာ ရှိဟု အယူအဆရှိသူ၊ ဆရာကြီး ဒဂုန်တာရာက "ယနေ့ခေတ်၏ တရားခံ" ဟု လက်ညှိုး တဲ့တဲ့ထိုးပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ဦးချစ်လှိုင်သည် ဗိုလ်နေဝင်းရဲ့ ခွင့်ပြုချက်ဖြင့် မဆလ ပါတီ အတွက် ထမ်းဆောင်နေသော တာဝန်များမှ အနားယူခဲ့သော်လည်း မဆလ တပါတီ ဆိုရှယ်လစ် ဖွဲ့စည်းပုံ ဥပဒေ (၁၉၇၄) ရေးဆွဲရာတွင် အဓိက အခန်းက ပါဝင်ခဲ့သည်ဟု သိရသည်။
စာပေ ရေးသားမှုနှင့် စာရေးဆရာ ဘဝ
[ပြင်ဆင်ရန်]ကသာတွင် ဒုတိယကမ္ဘာစစ် မတိုင်မီ အစိုးရ ဟိုက်စကူး ကျောင်းသားဘဝ၌ စနေ နဂါးနီ ဂျာနယ်၊ ဒို့ကျောင်းသား စာစောင်တွင် 'မိုးကုတ်မောင်' အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျာနယ်ကျော်၌ 'မောင်သစ္စာ' အမည်ဖြင့် ဆောင်းပါး ရေးခဲ့သည်။ ထို့နောက် ပြည်သူ့စာပေ ထုတ်ဝေရေးတွင် ကော်မတီ အတွင်းရေးမှူး လုပ်ရင်း ၁၉၄၈-၅၀ နှစ်များတွင် မာ့က်စ်လီနင်ဝါဒ၊ ဒီမိုကရေစီသစ်၊ မာ့က်စ် လေ့လာနည်း စာအုပ်များနှင့် မာ့က်စ်ဝါဒနှင့် ဆိုဗီယက် (၁၉၅၃-၅၄) စာအုပ်များကို 'မောင်ချစ်ကြည်' အမည်ဖြင့် ရေးခဲ့သည်။
၁၉၅၅ ခုနှစ်၊ ဧပြီလမှ စ၍ 'ကိုကိုမောင်' အမည်ဖြင့် 'ပါရီတွင် သောင်တင်ခဲ့စဉ်က' အခန်းဆက် ဆောင်းပါးရှည်ကြီးကို မြဝတီ မဂ္ဂဇင်း၌ ရေးခဲ့သည်။ ရှုမဝ ရုပ်စုံ မဂ္ဂဇင်းတွင် 'ဒေစီရေး' ကို မြန်မာ ပြန်ဆိုခဲ့သည်။ ပေဖူးလွှာ မဂ္ဂဇင်းနှင့် နဝဒေး မဂ္ဂဇင်းများတွင် ဝတ္ထုတိုနှင့် အခန်းဆက် ဝတ္ထုရှည်များကို 'ကိုကိုမောင်'၊ 'ရွှေမိုး' အမည်များဖြင့် ရေးသားခဲ့သည်။ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်တွင် 'ကိုကိုမောင်'၊ 'ရွှေမိုး' အမည်များဖြင့်ပင် ပုထုဇဉ်လောက အမြင် (ခေါ်) ဆိုရှယ်လစ် အတွေးအခေါ် ကျမ်းများကို ပြုစု ရေးသားခဲ့သည်။
ယခုအခါ 'မောင်ပျော့ပျောင်း' ကလောင် အမည်ဖြင့် သူရဇ္ဇ မဂ္ဂဇင်းတွင် ဘာသာရေး ဆောင်းပါးများ ရေးသားလျက် ရှိသည်။ ကလောင် အမည် 'ကိုကိုမောင်' အပြင် မိုးကုတ်မောင်၊ မောင်သစ္စာ၊ မောင်ချစ်ကြည်၊ မောင်ချစ်လှိုင်၊ ရွှေမိုး၊ မောင်ပျော့ပျောင်း၊ ကိုကိုမောင်ကြီး စသည့် ကလောင် အမည်များကိုလည်း အသုံးပြုပြီး စာများ ရေးသားသည်။[၂]
ရေးသား ပြုစု ထုတ်ဝေခဲ့သော စာအုပ်များ
[ပြင်ဆင်ရန်]စဉ် | အမည် | ထုတ်ဝေနှစ် | မှတ်ချက် |
---|---|---|---|
၁ | မိုးပြာရောင် (ဝတ္ထုတိုများ) | ၁၉၅၆ | (အာကာကိုလွှာ ပုံပြုပါလို့ ဝတ္ထုရှည် (ပထမတွဲ) နှင့် ဝတ္ထုတိုများ စုပေါင်းထားသော စာအုပ်) |
၂ | မဟာ အချစ်ခရီးသည် | ၁၉၇၆ | |
၃ | အာကာကိုလွှာပုံပြုပါလို့ (ပတွဲ) (ဒုတွဲ) | ||
၄ | ကျွန်တော်သိသော တရံရောအခါများ | ၂၀၁၂ | |
၅ | ပြောမဆုံးနိုင်သော နိုင်ငံရေးအကြောင်း |
ကိုးကား
[ပြင်ဆင်ရန်]- ↑ အညမည ဦးချစ်လှိုင် ကွယ်လွန်။
- ↑ အနှစ် ၃ဝ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ။
- ↑ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ (နိုဝင်ဘာ ၂၀၀၆)။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း။ ဒုတိယတွဲ (ပထမအကြိမ် ed.)။ ရွှေဟင်္သာ စာအုပ်တိုက်။