ကာတွန်း ရုပ်ပြောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကာတွန်း ရုပ်ပြောင်

မြန်မာနိုင်ငံတွင် ကာတွန်း ခေါ် ရုပ်ပြောင် ရေးဆွဲသည့် အတတ်ပညာသည် နှစ်ပေါင်း(၁၀၀)ခန့် ရှိပြီဖြစ်သည်။ ပုံနှိပ်လုပ်ငန်းကို အကြောင်းပြု၍ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပေါ်ထွန်းလာသည့်နည်းတူ ကာတွန်းပညာ သည်လည်း တိုးတက်ထွန်းကား လာပေသည်။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကာတွန်းများ သူ့ကဏ္ဍနှင့်သူ ပါရှိကြသည့် နည်းတူ၊ ကာတွန်းဇာတ်လမ်းနှင့် ကာတွန်းညွန့်ပေါင်း သဘောမျိုး သီးခြားပုံနှိပ် ထုတ်ဝေသည့် ကာတွန်းစာအုပ်များ လည်း ရှိပေသည်။ သီးခြားပုံနှိပ် ထုတ်ဝေသည့် ကာတွန်းနှင့် စီးပွားရေးဆိုင်ရာ ကြော်ငြာကာတွန်းများကို ဖယ်ထုတ်လိုက်ပါက လူမှုရေးနှင့် နိုင်ငံရေးသရုပ်ဖော် ကာတွန်းနှစ်မျိုး ကွဲထွက်လာသည်ကို တွေ့ရပေမည်။ လူမှုရေးကာတွန်းများသည် မဂ္ဂဇင်း၊ ဂျာနယ်အတွက် ပညာရှင်များက သတ်မှတ်ပြီး နိုင်ငံရေးကာတွန်းများသည် နေ့စဉ်ထုတ် သတင်းစာအတွက် ဖော်ပြလေ့ရှိပေသည်။

စာနယ်ဇင်းတို့၏ လက်နက်ကောင်းတစ်ခု[ပြင်​ဆင်​ရန်​]

စာဖြင့်ရေး၍ ဝေဖန်လျှင် မခံနိုင် ဖြစ်မည့်ကိစ္စအတွက် အချက် အလက်တို့ကို သိလည်းသိ၊ ထိလည်း ထိအောင် စွမ်းဆောင် ပေးနိုင်သော နည်းမှာ ရုပ်ပြောင်ကာတွန်း ရေးဆွဲခြင်းပင် ဖြစ်သည်။ ယင်းသည် အချိန်တစ်ချိန်အတွင်း၌ လူတို့၏ ထုံးစံ ဓလေ့များ၊ အပြုအမူများနှင့် နိုင်ငံရေးအခြေအနေများကို ဖော်ပြ လေ့ ရှိသဖြင့် တန်ဖိုးရှိသော ပညာတစ်ရပ် ဖြစ်သည်။


ရုပ်ပြောင်ကာတွန်း[ပြင်​ဆင်​ရန်​]

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များတွင် လော လောဆယ် ဖြစ်ပေါ်နေသည့် အကြောင်းကိစ္စများတွင် လော လောဆယ် ဖြစ်ပေါ်နေသည့် အကြောင်းကိစ္စရပ်များကို ရုတ် တရက် သိမြင်ကြ စေရန် အရုပ်ပြောင်များနှင့် ပြောင်လှောင်၍ သရုပ်ဖော်ထားခြင်းများကို ရုပ်ပြောင်ကာတွန်းများဟုခေါ်သည်။ ရုပ်ပြောင်ကာတွန်းများကို တစ်ကားတည်းဖြင့်ဖြစ်စေ၊ တစ်ကား မကဘဲ ရုပ်ပုံအများဖြင့် ဖြစ်စေ လောလောဆယ် ဖြစ်ပေါ်နေ သည့်အကြောင်းရပ်ကို သရုပ်ဖော်လေ့ရှိကြသည်။ ဇာတ်ကြောင်း ဖော် ရုပ်ပြောင်ကာတွန်းများ ရှိသကဲ့သို့ တစ်စုံတစ်ရာသော စိတ်ကူးစိတ်သန်းကို ရိုးရိုးပင် သရုပ်ဖော်သည့် ကာတွန်းများ ရှိသည့်အပြင် ပိုမိုထိရောက်စေရန်အတွက် ထူးခြားထင်ရှားသည့် 'အလှည့်'ကလေးများဖြင့် သရုပ်ဖော်သည့် ကာတွန်းများရှိသည့် အပြင် ပိုမိုထိရောက်စေရန်အတွက် ထူးခြားထင်ရှားသည့် 'အလှည့်'ကလေးများဖြင့် သရုပ်ဖော်သည့် ကာတွန်းများလည်း ရှိသည်။ ထိုမှတစ်ပါး နိုင်ငံရေး ရုပ်ပြောင်ကာတွန်းများလည်း ရှိလေသည်။

ရုပ်ပြောင်ကာတွန်းများမှာ လူထုကို ဟဒယရွှင်ဆေး သက် သက်အဖြစ် ဖျော်ဖြေရုံသာမက၊ အစိုးရနှင့်လူထုကို ဆောင်ရွက် စေလိုသည့် ကိစ္စများကို ထိရောက်စွာ ရေလာမြောင်းပေး ပြု လုပ်နိုင်ခြင်း၊ စာဖြင့်ရေး၍ ဝေဖန်လျှင် မခံနိုင်ဖြစ်မည့် ကိစ္စ များကိုလည်း သိလည်းသိ၍ ထိလည်း ထိအောင် စောင်းချိတ် သရော်နိုင်ခြင်းကြောင့် သတင်းစာများ၏ လက်နက်ကောင်း တစ်ခုလည်း ဖြစ်လေသည်။

ရုပ်ပြောင်ကာတွန်းများမှာ လက်ရာကောင်းခြင်း၊ သရုပ် ပေါ်ခြင်း စသော ပန်းချီဂုဏ်မြောက်ရေးအတွက် သာမဟုတ်၊ ကာတွန်းပါ စာသားများမှာလည်း ပရိသတ်အကြိုက်ဖြစ်ရန် လိုပေသည်။

အမေရိကန်ပြည်ထောင်စု အတွင်း၌ ထုတ်ဝေကြသော သတင်းစာများတွင် နိုင်ငံရေးနှင့်ဆိုင်သော ရုပ်ပြောင်ကာတွန်း များကို ထည့်သွင်းပေးလေ့ ရှိကြသည်။ ဗြိတိန်နိုင်ငံတွင် ထုတ် ဝေသော သတင်းစာနှင့် မဂ္ဂဇင်းများတွင်လည်း နိုင်ငံရေး ရုပ်ပြောင် ကာတွန်းများကို ထည့်ပေးလေ့ရှိကြသည်။ သို့သော် နိုင်ငံရေးကာတွန်းများသည် အခြားနိုင်ငံများမှာထက် အမေရိ ကန်ပြည်ထောင်စုတွင် ပိုမိုခေတ်စားလေသည်။ အားကစား သတင်းများတွင်ပင် ကမ္ဘာ့သတင်းနှင့်ထင်မြင်ချက်များကို ရုပ်ပြောင်ကာတွန်းများနှင့် ဖော်ပြလေ့ ရှိကြသည်။ ကုန်ပစ္စည်း များကို ကြော်ငြာရာတွင်လည်း ရုပ်ပြောင်ကာတွန်းများဖြင့် သရုပ်ဖော်ပြလေ့ ရှိကြလေသည်။ ထိုပြင် ရုပ်ပြောင်ကာတွန်း များဖြင့်လည်း ပညာပေးလေ့ရှိသည်။

ရုပ်ပြောင်ကာတွန်းများသည် အချိန်တစ်ချိန်အတွင်း၌ လူတို့၏ ထုံးစံဓလေ့များ၊ အပြုအမူများနှင့် နိုင်ငံရေး အခြေ အနေများကို ဖော်ပြလေ့ရှိကြသဖြင့် ထိုရုပ်ပြောင်ကာတွန်းများ ကို အချို့က စုဆောင်းလေ့ရှိကြသော ဝါသနာများပင် ရှိကြ သည်။ ပန်းချီကျောင်းများတွင်လည်း ရုပ်ပြောင်ကာတွန်း ရေး ဆွဲခြင်းကို အထူးသင်တန်းများ ပေးလေ့ရှိကြလေသည်။ ဆေးရောင်ခြယ် နိုင်ငံရေးရုပ်ပြောင်ကာတွန်းများသည် ဥရောပတိုက်၌ ၁၈၇ဝ ပြည့်နှစ်မှ ၁၈၉ဝ ပြည့်နှစ်အထိ နှစ် များအတွင်းက ခေတ်စားခဲ့သည်။ အမေရိကန်ပြည်ထောင်စု တွင် ၁၈၇ဝ ပြည့်နှစ်လွန်နှစ်များမှ စတင်၍ ခေတ်စားခဲ့လေ သည်။

ရုပ်ပြောင်ကာတွန်းများကို အမှီပြု၍ ကာတွန်းရုပ်ရှင်များ လည်း ပေါ်ပေါက်ခဲ့သည်။ ကာတွန်းရုပ်ပြောင်များကို လူနှင့် မခြား လှုပ်ရှားလာအောင် ရုပ်ရှင်တွင် တင်ပြအသုံးခံသည့် အရာတွင် ဝေါ့ဒစ်စနေသည် ကမ္ဘာပေါ်၌ အကျော်ကြားဆုံး ဖြစ်၏။


သူ၏ မစ်ကီမောက် ကာတွန်းရုပ်ရှင်များကို ကလေးလူကြီးမဟူ နှစ်သက်ကြလေ သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စိတ်ဓာတ်စစ်ဆင်ရန် အတွက်၎င်း၊ ပညာပေးရန်အတွက်၎င်း တွင်ကျယ်စွာ အသုံးပြု ခဲ့၏။ လက်နက်ကိုင်တပ်ဖွဲ့များကလည်း လေ့ကျင့်ရေးရုပ်ရှင် ကားများအတွက် ရုပ်ပြောင်ကာတွန်းများကို အသုံးပြုခဲ့လေသည်။

မြန်မာနိုင်ငံ၌ထုတ်ဝေကြသော စာ၊ နယ်၊ ဇင်းများအနက် ၁၉၁၇ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည့် သူရိယမဂ္ဂဇင်း ၏ နောက်ပိုင်းမှာပါရှိသော ဘကြီးမေတ္တာတုံး၏ အာဒါသမုခ ဒီပနီအမည်ခံ ရုပ်ပြောင်ခန်း၌ မြန်မာနိုင်ငံတွင် လောလော ဆယ် ဖြစ်ပေါ်နေသော တိုင်းရေးပြည်ရေးနှင့် အခြားထင်ရှား သော အရေးအခင်းများကို ရုပ်ပြောင်များဖြင့် ဖော်ပြခဲ့လေ သည်။ ထိုအခန်းတွင် ရေးဆွဲသူများမှာ ပန်းချီဆရာ ဦးဘစိန် နှင့် ဦးဘထွန်းစသည့် ပန်းချီဆရာစုံဖြစ်၍ ထိုနောက်တွင် ရွှေ တလေး အမည်ခံ ဦးဘကလေးက ပင်တိုင် ရေးခဲ့လေသည်။


ဦးဘကလေးသည် ကာတွန်းရေးဆွဲရာတွင် ရုပ်ပုံကလည်း သရုပ်ပေါ်၊ စာသားကလည်း အချက်ကျကာ ရုပ်ပုံနှင့် စာသား ဟပ်မိအောင် ရေးဆွဲနိုင်သော နာမည်ကျော် မြန်မာကာတွန်းရေးဆရာတစ်ဦး ဖြစ်သည်။ ဦးဘကလေးသည် သူရိယတွင်သာမက ပညာ့အလင်း၊ ဒဂုန်၊ လန်ဒန်အတ်၊ မြန်မာ့အလင်း၊ ဗန္ဓုလ၊ ဒီးဒုတ်စသော စာနယ် ဇင်းများတွင်လည်း ကာတွန်းများ ရေးဆွဲခဲ့လေသည်။ ၁၉၃ဝ ပြည့်နှစ်တွင် ရန်ကုန်တိုင်း သတင်းစာ၌ ရေးဆွဲခဲ့သော နံငယ် ပိုင်းနှင့် ဂန္ဓီစတိုင် ကာတွန်းကို လန်ဒန်မြို့မှ ထုတ်ဝေသော ကမ္ဘာကျော် ရီဗျူးအော့ရီဗျူးမဂ္ဂဇင်းကြီးကပင် တစ်ဆင့် ကူးယူ ဖော်ပြခြင်းခံခဲ့ရလေသည်။ဦးဘကလေးသည် ကြော်ငြာကာတွန်း များလည်း ရေးဆွဲခဲ့၏။

ဦးဘကလေးသည် ၁၉၂၈ ခုနှစ်တွင် ကြင်စဦးဇာတ်ကား ထဲ၌ ဇာတ်ဆောင် ဦးဘကလေးက ဗလရှင် ဆေးပြားကြော်ငြာ ဆိုင်းဘုတ်မှ ဗလရှင်ဟူသော စာလုံးများကို ကျစ်ဆံမြီးနှစ်ခွ နှင့် မိန်းမပျိုတစ်ဦး၊ ယင်းအား ချော့မြူနေသော ယောက်ျား ပျိုနှင့် ယင်းတို့၏ဘေးမှ တုတ်ဖြင့် ရိုက်မည့်ဟန် ပြုနေသော အဖိုးကြီးတို့ပုံ ဖြစ်အောင် ဇာတ်ဆောင် ခင်မေကြီးအား ရေးဆွဲ ပြခန်း ပါရှိလေသည်။

၁၉၂၅ ခုနှစ်ခန့်က ရန်ကုန်အရှေ့ပိုင်း သဟာယဥဿ ဖယားတိုက်မှ ရယ်ရွှင်ဖွယ်အလင်း မဂ္ဂဇင်းဟူသော အမည် နှင့် ငါးမူးတန် ဟာသမဂ္ဂဇင်းတစ်စောင် ပေါ်ထွက်လာခဲ့ဖူး သည်။ ထိုမဂ္ဂဇင်းတွင် ရယ်ရွှင်ဖွယ်ကဏ္ဍပေါင်း များစွာပါရှိ ခဲ့ရာ ထိုကဏ္ဍများအတွက် တစ်ဦးတည်းလိုလို ဒိုင်ခံ၍ ရေးဆွဲ ပေးခဲ့သော ရုပ်ပြောင် ကာတွန်းဆရာမှာ ဦးဟိန်စွန်း ဖြစ်သည်။ ဦးဟိန်စွန်းသည် ကောလိပ်ကျောင်းသားဘဝကပင် ကောလိပ်မဂ္ဂဇင်း၊ ဘားမားဘွိုင် မဂ္ဂဇင်းတို့၌ ရုပ်ပြောင် ကာ တွန်းများ ရေးဆွဲခဲ့သည်။ ဦးဟိန်စွန်းသည် စာ၊ နယ်၊ ဇင်း အများအပြားတွင် ရုပ်ပြောင်ကာတွန်းများ ရေးဆွဲခဲ့ရာ မြန်မာ့ အလင်း သတင်းစာတွင် အကြံပိုင်သော ငခွေးစသော ရုပ်ပြောင်များနှင့် ဂျာနယ်ကျော်တွင် ခေါင်းမာသော ကာတွန်း ဆရာစသော ရုပ်ပြောင်ကာတွန်းများကိုလည်း ရေးဆွဲခဲ့သည်။ ရယ်ရွှင်ဖွယ်အလင်း မဂ္ဂဇင်းတွင် ဦးဟိန်စွန်း တွင်တွင် ကျယ်ကျယ် ရေးဆွဲနေချိန်တွင် ဦးဘဂျမ်း၏ လက်ရာများကို စတင်၍ မြင်ရသည်။


ဗန္ဓုလ၊ သူရိယ၊ မြန်မာ့အလင်း စသော စာ၊ နယ်၊ ဇင်း များတွင် နိုင်ငံရေးအကွက်များကို ကာတွန်း ရွှေတလေးကြီးက လက်ရာပြောင်ပြောင် စိတ်ကူးကောင်းကောင်းဖြင့် တွင်ကျယ်စွာ ရေးဆွဲနေချိန်တွင် ဦးဘဂျမ်းသည် သူ၏ ရုပ်ပြောင် ကာတွန်း များကို တစ်ပုံထက်တစ်ပုံတွင် တိုးတက်ကောင်းမွန်အောင် ကြိုး စား၍ သူရိယမဂ္ဂဇင်း၊ကြီးပွားရေးမဂ္ဂဇင်း စသည်တို့တွင် ရေးဆွဲ ခဲ့လေသည်။

မြန်မာ စာ၊ နယ်၊ ဇင်း လောက၌ ဒုတိယကမ္ဘာစစ် ဖြစ် ခါနီးလောက်တွင် ရုပ်ပြောင်ကာတွန်းများ ထည့်သွင်းထုတ်ဝေမှု ခေတ်စားလာသည်။ ထိုဒုတိယကမ္ဘာစစ်ကြိုခေတ်တွင် သူရိယ သတင်းစာမှ ဦးဘဂျမ်း၏ဦးဖျောက်ဆိပ်ကာတွန်းနှင့် စစ်ပြီး ခေတ် ဟံသာဝတီသတင်းစာမှ ချာရာဏသီကာတွန်းတို့ကို လူကြိုက်များခဲ့၏။ မြန်မာတို့၏ စိတ်နေ စိတ်ထား၊ မြန်မာ့ နိုင်ငံရေးအခြေအနေတို့ကို အထေ့အငေါ့ကလေးများဖြင့် သရော် ထားခြင်းဖြစ်ရာ အဓိပ္ပါယ်ပေါ်လွင်၍ ထိမိလှပြီးလျှင် အကွက် ဆိုက် ခွင်ကျသည်။ သူ၏ကာတွန်းရုပ်များကပင် အသက်ပါလှ ၍ ဦးဖျောက်ဆိပ်သည် သတင်းစာဖတ်ပရိသတ်၏ ပျော် တော်ဆက်အချစ်တော် ဖြစ်ခဲ့၏။ စစ်ကြိုခေတ် ကြီးပွားရေး မဂ္ဂဇင်းမှ ကိုပြူးနှင့်မပြုံး၊ စစ်ပြီးခေတ် ယုဝတီဂျာနယ်မှ ဂွက်ထော်၊ ရှုမဝမဂ္ဂဇင်းမှ လိပ်ကမ္ဘာမကြီးနှမမုံ့ရောင်း မောင်မုံ့ထောင်း နေကြာနန်းရှင် အစရှိသော ရောင်စုံ ကာတွန်း ပုံပြင်တို့သည် ကလေးပရိသတ်တို့၏ အသည်းစွဲ ဖြစ်ကြသည်။

ဦးဘဂျမ်းသည် ဟာသကာတွန်းများ၊ ပုံပြင် ကာတွန်း ရုပ်စုံများသာမက ကြော်ငြာ ကာတွန်းများလည်း ရေးဆွဲခဲ့၏။ ပဲရော့ရုပ်ရှင်တွင် ပထမဆုံးမြန်မာကာတွန်းရုပ်ရှင် အသူရာ နှင့် ကြက်တောင်ကွ ဇာတ်ကားများကို စီစဉ်ရေးသား ရိုက် ကူးခဲ့လေသည်။

၁၉၄၈-၄၉ ခုနှစ်များတွင် သောင်းကျန်းမှုများကြောင့် တိုင်းပြည်အလုံး ညှိုးချုံးနေကာ ကျီးလန့်စာစား ဖြစ်နေခိုက် ပြည်သူလူထု စိတ်ဓာတ်မကျဆင်းစေရန် ဦးဘဂျမ်းသည် ကာ တွန်းများ ရေးဆွဲ၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးခဲ့လေသည်။

စစ်ပြီးခေတ်တွင် မြန်မာ စာ၊ နယ်၊ ဇင်း လောက၌ ရုပ်ပြောင်ကာတွန်းများကို ယခင်ကထက် ပိုမို တွင်ကျယ်စွာ အသုံးပြုလာခဲ့ရာ ဦးဘဂျမ်း၊ ဦးဖေသိန်း၊ ဦးကျော်ဆန်း၊ ဦး အောင်ရှိန်၊ ဦးသန်းကြွယ်၊ ဦးစိန်၊ ဦးဗကလေး၊ ဦးဘထွေး စသည်တို့မှာ ထင်ရှားလာသော ကာတွန်းဆရာများ ဖြစ်ကြ လေသည်။[၁]

ကာတွန်း ရုပ်ပြောင်[ပြင်​ဆင်​ရန်​]

ရုပ်ပြောင်ဆိုသည့် စကားတွင်-

  • လူပြောင်ကယ်ရီကေးချား(Caricature)၊
  • သတင်းပြောင် (Cartoon)၊
  • ပုံပြောင် (Comic Strip)၊
  • ရုပ်ရှင်ပြောင် (Animated Film Cartoon) များပါသည်။

မြန်မာပြည်တွင် ရုပ်ရှင်ပြောင်ဆိုတာကတော့ နောက်ကျပါတယ်။ ဒါကြောင့် သူကလွဲရင် ကျန်သုံး မျိုးစလုံးကို ပေါ်စကဘဲ ရောနှောပြီး တွေ့ရပါသည်။

သတင်းကို အပြောင်အပျက်ချရေးတဲ့အခါ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပုံတူဆံဆံ တစ်ကြောင်းဆွဲပုံမျိုး ပါလာတတ်တာဖြစ်လို့ လူပြောင်နဲ့ သတင်းပြောင်ဟာ တွဲနေပါတယ်။ အနောက်တိုင်းတွေမှာတော့ ရုပ်ပြောင်သမိုင်းဟာ လူပြောင်ရေးတာက စပါတယ်။ အများ ပရိသတ်က ကြည်ညိုစရာမြင်နေရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဟာ သူလဲလူဘဲ၊ တိတ်တိတ်တော့ မဟုတ်တာလုပ်တာပါဘဲလို့ သိအောင် 'အပုပ်ချ' တဲ့ သဘောပါတယ်။ ဒီတော့ 'ရယ်စရာ' ဖြစ်ဖို့ထက် အမှန်ကိုဖော်တယ်။ တိုက်ခိုက်တယ်။ လက်ခံပြီးသား အထင်ကြီးပြီးသား ကိစ္စကို 'ကလော်တယ်' ဆိုတဲ့ တော်လှန်ရေးသဘော အပြည့်ပါ နေပါတယ်။ ဒါကြောင့် လူပြောင် ရေးဆွဲကြတာကို ဥရောပမှာ ၁၆ ရာစု နှစ်ပိုင်းလို အင်မတန် စောစောကာလကဘဲ တွေ့နေ ပါဘီ။ အရင် အနှစ် ၄၀၀ လောက်ကဘဲ ဒီသဘော ရေးဆွဲကြတာ ရှိတယ်လို့ ဆိုလိုပါတယ်။ ဒါပေမယ့် သတင်းစာလို အလွယ်နဲ့ အများဖတ်ဘို့ စာစောင်တွေ ပေါ်လာတော့မှဘဲ ဒါမျိုး ရေးသား ပုံနှိပ်တာဟာ တွင်ကျယ်လာပါတယ်။

အမှန်ကတော့ သတင်းစာတစ်စောင်ဟာ သတင်းကိုဘဲ ပေးတယ်။ ဒါပေမယ့် သတင်းစာတစောင်ရဲ့ ခေါင်းကြီးပိုင်းက 'စိတ်ကူး' ကို ပေးမယ်ပေါ့။ ရုပ်ပြောင်က စိတ်ကူးကို ရေးတဲ့ အယ်ဒီတာကို ကူညီပြီး သူ့ 'စိတ်ကူး' မျိုးကိုဘဲ အရုပ်နဲ့ ရေးပေးတယ်လို့ လွယ်လွယ် ပြောလဲ ဖြစ်နိုင်ပါတယ်။

ဥရောပမှာ ၁၉ ရာစု စတဲ့ နပိုလီယန်ခေတ်က လူပြောင်ရေးနည်း ခေတ်စားနေဘီ။ အင်္ဂလန်လို နေရာမှာဘဲ ၁၈၄၁ ဆိုရင် လူပြောင်နဲ့ သတင်းပြောင်ဟာ အင်မတန်ခေတ်စား နေဘီ။ အပေါ်ယံမျက်နှာဖုံးမှာ အကောင်းချည်းဘဲလို့ ထင်နေရတဲ့ လူမှုကိစ္စဆိုတာကို မျက်နှာဖုံးခွါပြတဲ့နေရာမှာ အယ်ဒီတာက ခေါင်းကြီးပိုင်းက ဝေဖန်အကဲဖြတ်သလို ရုပ်ပြောင် ဆရာကလဲ ဝင်ပြီး သူများမမြင်တာကို ကျုပ်မြင်ထားတယ်ဗျ၊ ဒီမှာကြည့်စမ်းလို့ တစ်တစ်ခွခွ ရှင်းရှင်းကြီး ရေးဆွဲပြတာဘဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အပြောင်ဆိုလို့ ပျော်စရာမထင်ကြနဲ့။ ရုပ်ပြောင်ဟာ ပေါ်စက အင်မတန် ပြောင်ပြောင်တင်းတင်း တဘက်သားကို ရှုတ်ချတိုက်ခိုက်တဲ့ လက်နက်ဖြစ်ခဲ့ပါတယ်။

အယ်ဒီတာရဲ့ သဘောထားဆိုလိုရင်းကို စာနဲ့ အတော်ကလေးရှည်ရှည် ရေးရတဲ့ အခါမှာ ဒီသဘောကိုဘဲ ကာတွန်းဆရာက သုံးလက်မပါတ်လည် အကွက်ထဲမှာ ရေးထည့် လိုက်တာကို အခု တွေ့နေကြရတယ် မဟုတ်လား။ ရောဂါတိုက်ဖျက်ဘို့ အယ်ဒီတာရဲ့ လက်ခုပ်တလုံးရှိတဲ့ ဆေးမှုန့်ကို ကာတွန်းဆရာက ဆေးကလေး သေးသေးလေးတတောင့် capsule လုပ်ပေးတာပါဘဲ။ ပီးတော့ ရုပ်ပြောင်လေးဟာ သမိုင်းသမားတွေအတွက် အလွန် တိကျပြတ်သားတဲ့ ခေတ်ပြိုင်ရုပ်ပြမှတ်တမ်းလဲ ဖြစ်နေပါတယ်။ အခုအခါ ဗမာ့လွတ်လပ်ရေးသမိုင်းကို ရေးချင်ရင် ရုပ်ပြောင်မှတ်တမ်းကိုဘဲ သုံးပီး ရေးလို့ရဘီ။ ရုပ်ပြောင်တွေ ပေါ်စ၊ သတင်းစာ ဂျာနယ်တွေမှာ၊ စရေးစ၊ ဗမာပြေကို ရုပ်ပြောင်ရောက်လာစက စပြီး ဒီသဘောတွေဟာ တခါထဲ ပါလာပါတယ်။

ရုပ်ပြောင်ခေတ်ဦးက ရွှေတလေးဟာ ထိထိမိမိဆော်တယ်။ ရုပ်ပြောင်ခေတ်လယ်ကြ တော့ ဘဂျမ်းက ထေ့တေ့တေ့လောက်ဘဲရေးတယ်လို့ ဝေဖန်သံကို ကြားဘူးမှာပေါ့။ အဲဒါ ဘာကြောင့်လဲဆိုရင် ခေတ်ဦးမှာ တိုက်ခိုက်ရေး လက်နက်ဖြစ်တယ်။ နောက်ပိုင်းမှာ ပျော်တော်ဆက်သာသာ အေးအေးရွှင်ရွှင် ဖြစ်လာတယ်ဆိုတဲ့ လက္ခဏာဘဲ။ ဒီလို အသွင်ပြောင်းတာကိုလဲ သတိထားသင့်ပါတယ်။ ဒါပေမယ့် အခုစာတန်းက ခေတ်ဦးအကြောင်း ဘဲ ရေးမှာဖြစ်လို့ ဒီလိုအသွင်ပုံသဏ္ဍာန် ဘာကြောင့်ပြောင်းတယ်၊ ဘယ်လိုပြောင်းတယ်ဆိုတာ မရေးတော့ပါဘူး။

ရုပ်ပြောင်ပေါ်စဆိုတဲ့ အချိန်ကာလကို ၁၉၁၅ က ၁၉၂၅ ထိ ပိုင်းဖြတ်ပါတယ်။ မှတ်တမ်းတွေ ရှောက်ရှာတော့ ဗမာပြည်မှာ ရုပ်ပြောင် စရေးတဲ့လူဟာ ရန်ကုန်ကောလိပ် ကျောင်းသား 'ဘဂလေး' ဖြစ်တယ်။ စပီး ပုံနှိပ်တဲ့ ဖြန့်ချိတဲ့ မဂ္ဂဇင်းက ၁၉၁၅ ရန်ကုန်ကောလိပ် နှစ်လည်မဂ္ဂဇင်း ဖြစ်တယ်လို့ ဆိုပါတယ်။ (ဒေါ်အမာ၊ 'ရွှေရိုး၊ဘကလေး' ပထမတွဲ စာမျက်နှာ ၂၄၁ မှာ ပထမဆုံးလို့ ဆိုတဲ့ ကာတွန်းကို ပြထားပါတယ်။) အဲဒီ ၁၉၁၅ ကနေ ၁၉၂၀ ထိ ရုပ်ပြောင်လောကမှာ ဘဂလေး ဘဲ ဦးစီးခေါင်းဆောင်လို့ ဆိုနိုင်ပါတယ်။ ဘဂလေး လုပ်တဲ့အလုပ်ဟာ ယောဂီဆရာ မစ္စတာမောင်မှိုင်းစကားနဲ့ ပြောရရင် 'ခေတ်အလိုက် ကပ်ဆုပ်ပုံကို ဇာတ်ရုပ်စုံရေးတဲ့ ဘုံခန်း' ဖြစ်တယ်။ ပတ်လည်မှာ ဖြစ်နေတာ အကောင်းမထင်နဲ့။ 'ဆုပ်ကပ်' ဖြစ်တယ်။ ဒါကို ဘဂလေးက ထင်ရှားစေတယ်လို့ မောင်မှိုင်းက ဝန်ခံခဲ့တယ်။


အဲဒိနောက် ၁၉၂၀ နဲ့ ၁၉၂၅ မှ ဘဂလေး ကာတွန်းသိတ်မဆွဲတော့ဘူး။ ကုန်ပစ္စည်း ကြော်ငြာနဲ့ ရုပ်ရှင်ကြော်ငြာလောက်ဘဲ သူက ရေးတော့တယ်။ သူ့နေရာ မဂ္ဂဇင်းထဲမှာ ရုပ်ပြောင်ရေးလာတဲ့ လူသစ်တွေက ဘဇော် နဲ့ ဘသိန်းတို့ ဖြစ်ပါတယ်။ စကားမစပ် အဲဒီတုန်းက မဂ္ဂဇင်းတမျက်နှာပြည့် ရုပ်ပြောင်တခုကို ငွေ ၁ဝိ လောက်ဘဲ ရတယ်။ ဘဂလေး ရေးလို့ သိတ်လူကြိုက်များတဲ့အခါမှ ငွေ ၁၅ိ ရတယ်လို့ ဆိုပါတယ်။


သူတို့ ရေးတဲ့ပုံစံကတော့ 'တိုက်ခိုက်ရေး' ပုံစံ ဖြစ်တယ်။ ဒီကောင်ကြီးဟာ ခွေးကြီးပဲ လို့ထင်ရင် ခွေးပုံဆွဲပီး အဲဒီလူရဲ့ ခေါင်း တပ်ပေးလိုက်တာမျိုးပါဘဲ။ မညှာဘူး။ အင်္ဂလိပ် ဘက်သားဆိုရင် အင်္ဂလိပ်ကို ဖုတ်ထဲထိုင်ပီး ရှိခိုးနေပုံ ဆွဲပစ်လိုက်တယ်ပေါ့။ တရုပ်ဆိုရင် ကြစ်ဆံမီးနဲ့၊ ဘိန်းပြောင်းထဲ့ဆွဲတယ်။ ကုလားဆိုရင် ဗိုက်စူကြီးနဲ့ မတန်တဆ စားထားတဲ့ပုံကို ပြတယ်။

ရုပ်ပြောင်ရဲ့ ရည်ရွယ်ချက်ကို ယေဘူယျသဘော ပြောပြီးပါပြီ။ ထပ်ပြီး ဗမာပြေမှာ ဘာကိုရည်ရွယ်သလဲလို့ အတိအကျ ပြောချင်ပါသေးတယ်။ ဒီတော့ ရည်ရွယ်ချက်ကို လေးပိုင်း ပိုင်းပါရစေ။ နိုင်ငံရေး၊ လူမှုရေး၊ စီပွါးရေးနဲ့ ဓလေ့ ဆိုပါတော့။ ကာလအပိုင်းအခြားကတော့ ပြောခဲ့တဲ့ အတိုင်း ၁၉၁၅ က ၁၉၂၅ အတွင်းပါဘဲ။ အပြင်ကမ္ဘာနဲ့ ဆက်စပ်ပြီး ကြည့်စရာက တော့ အဲဒီကာလဟာ ပထမကမ္ဘာစစ်နဲ့ စစ်ပီးခုနှစ် နှစ်ပိုင်းဖြစ်ပါတယ်။ ဗမာနိုင်ငံအတွင်း မှာတော့ ဝံသာနုခေတ်နဲ့ ဟုမ္မရူးတို့ ဒိုင်အာကီတို့ အများဆုံးပြောနေကြတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ရုပ်ပြောင်တွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်ကို တွေ့သလောက် တင်ပြရရင်
(၁) အင်္ဂလိပ်လက်အောက်မှာဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေးရဘို့ (Home Rule)
(၂) ကောလိပ်ဘွဲ့ရ၊ ဘိလပ်ပြန် ဝတ်လုံတော်ရတွေပါတဲ့ ပညာတတ်နဲ့ တိုင်းရင်းသား ဘူဇွာတွေ နိုင်ငံရေးမှာ ဝင်ပြီး အမြတ်ထုတ်တာကို ကာကွယ်ဘို့နဲ့
(၃) အိန္ဒိယစက်ရိပ်က လွတ်ဘို့ တိုက်တွန်းခြင်းဘဲ ဖြစ်ပါတယ်။
ဒီလို တိုက်တွန်းရာမှာ 'ဇာတ်နာအောင်' ဗမာလယ်သမားကို အင်္ဂလိပ်ကြီးခွစီးနေပုံ၊ ဗမာနိုင်ငံနွားကို ကုလားတွေ၊ တရုတ်တွေ တက်စီးနေပုံ ရေးပါတယ်။ အမိ မြန်မာပြေကလဲ တငိုထဲငို ရတာဘဲ။ မငိုရလဲ သမီးဗမာမက မယ်မယ်ဗြိတန္ဒိယကို တရှိခိုးထဲ ရှိခိုးနေရတာဘဲ တွေ့ရတယ်။ တခါတရံ 'ဗမာသားသား' က မငိုလို့ 'ဗြိတန္ဒိယမယ်မယ်' က နို့မတိုက်ဘူးပေါ့။ ဒါမျိုးဘဲ လှည့်ပတ်သွားနေတယ်။ အင်္ဂလိပ် 'ဂျွန်ဘူး' ရဲ့ ဗိုက်ကို ဓါးနဲ့ ပေါက်ပုံတို့၊ ဂျိုကို ဓားနဲ့လှီးပုံတို့ကို မရေးဘူး။ အမှန်ကလဲ နိုင်ငံရေးအမြင်မှာ အင်္ဂလိပ်မုန်းတီးရေး၊ နယ်ချဲ့ ဆန့်ကျင်ရေးဆိုတာ မရှိသေးလို့ ဖြစ်ပါတယ်။ ဒို့ဗမာတွေ ညီတယ်ဆိုရင် ဂျီစီဘီအေကွန်ဖရင့်မဏ္ဍပ်မှာ ယူနီယံဂျက်အလံထူပြီး ဒီအလံရဲ့ အလယ်က စက်ကွင်းထဲမှာ ဒေါင်းရုပ်ပါတာလောက်ဘဲ ရေးပြပါတယ်။ ဆိုလိုတာက ဗမာ့နိုင်ငံရေးအမြင်ဟာ အဲဒီတုန်းက အင်္ဂလိပ်ဆန့်ကျင်ရေး မဟုတ်ဘူး။

အင်္ဂလိပ်ကို အများဆုံး တိုက်ခိုက်ဝံ့တဲ့ အချက်သုံးချက်ဘဲ တွေ့တယ်။
(၁) ဘုရားထဲ ဘိနပ်စီးတာကို တိုက်ကြတယ်။
(၂) ဟိုတုန်းက ဖိုက်စကွဲယားခေါ်တဲ့ ရန်ကုန်ဗန္ဓုလပန်းခြံထဲမှာ ရဟန်းရှင်လူ ပြည်သူ အမျိုးသား အမျိုးသမီးတွေကို ၇ အောက်တိုဘာ ၁၉၂၄ က ပုလိပ်မင်းကြီးအမိန့်နဲ့ မြင်းတပ်က ဝင်ရိုက်တာကို ကဲ့ရဲ့တယ်။
(၃) ပထမ ကမ္ဘာစစ်အတွင်းက ဗမာကို စစ်သားအဖြစ်လက်ခံပီး စစ်ပီးလို့ ခုနှစ်နှစ်ကြာတော့ မင်းတို့ သိပ်စည်းကမ်း မရိုသေလို့ စစ်တပ်မှာ ဆက်မလိုချင်တော့ဘူးဆိုပြီး နှင်တာကို ဝေဖန်တယ်။ ဒါလောက်ဘဲ ရေးပါတယ်။
နိုင်ငံခြားသားဆိုပီး အင်္ဂလိပ်၊ ကုလား၊ တရုတ် သုံးမျိုး ရှိနေတာမှာ မူလရန်သူဟာ အင်္ဂလိပ်လို့ မပြောတတ်သေးဘူး။ ကုလားမုန်းတီရေးလောက်ဘဲ ပြောတတ်တယ်။ တိုင်းရင်းသားဘူဇွာကိုလဲ ခဏခဏ စကားဖျက်တယ်လို့ စွပ်စွဲတယ်။ ဗမာနိုင်ငံကို ရောင်းစားတယ်လို့တော့ ပြောလာဘီ။ ဒါပေမယ့် ပြောတဲ့အတိုင်းလုပ်နော်လို့ တောင်းပန်တာနဲ့ ဘဲ နိဂုံးချုပ်တယ်။ တိုင်းရင်းသားဘူဇွာကို နယ်ချဲ့လက်ပါးစေလို့ ရုပ်ပြောင်ဆရာကလဲ မမြင်ဘူး။ ကျန်တဲ့လူတွေက သာပီးမမြင်တော့မပေါ့လို့ဘဲ ပြောတတ်တော့တယ်။

လူမှုရေးမှာ ရုပ်ပြောင်ဆရာက ဘာကို အရင်းမူလထားသလဲဆိုတော့ ဗမာတွေ ပကာသနအားကြီးတာကို ချေမှုန်းဘို့ဆိုတာဘဲ ဖြစ်တယ်။ မင်္ဂလာဆောင်မှာ တီးကြ၊ မှုတ်ကြ၊ သီကြ၊ ကကြတာကို နားလည်ပါတယ်။ ဘုရားရှေ့မှာ ဘာဖြစ်လို့ ဆိုင်းတီးပီး ကကြပြန်ပါသလဲ။ ဆရာတော်ကြီးပျံလွန်တော့လဲ ဆိုင်းတီးပီး ကတာဘဲမဟုတ်လား။ မသာတောင် 'တုံးလုံးပွဲ' ခေါ်ရမယ့် ပုံမျိုးဖြစ်နေဘီ ဆိုတာမျိုးကို ရေးဆွဲကြပါတယ်။

လူမှုဆက်ဆံရေးမှာ ပညာရေးဟာ သိပ်အရေးကြီးတယ်။ ပညာရေးကို အစိုးရကလဲ ဘတ်ဂျက် အသုံးနဲတယ်။ ပြည်သူကလဲ ဂရုမစိုက်ဘူး။ ဘုန်းကြီးကလဲ ခေတ်ပညာမပေးနိုင် ဘူး။ ခေတ်ပညာပေးနိုင်တဲ့ လူလာတော့လဲ လက်မခံဘူးဆိုတဲ့ ဝေဖန်ချက် တွေ့ရပါတယ်။

အခုလေ့လာနေတဲ့ခေတ်မှာ ရုပ်ပြောင်ရဲ့ လူမှုရေးရည်ရွယ်ချက်ကို အချုပ်ပြောရရင် ဗမာတွေ ပကာသနရှောင်၊ ပညာရေးကို အခုထက်ပိုပီး အားပေးဆိုတာဘဲ ဖြစ်ပါတယ်။ နောက်တချက်တွေ့ရတာကတော့ ပညာတတ်လူငယ်ဟာ ကိုယ့်မှာသာ အကျိုးရှိတဲ့ အစိုးရလခစား ရာထူးမယူဘဲ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်ပါလို့ တိုက်တွန်းထားတာမျိုးတော့ တွေ့ရပါတယ်။

အင်္ဂလိပ်ဟာ လူမျိုးကြီးအနေနဲ့ ဂိုက်ပေးပီး ဗမာနဲ့ တန်းတူ မဆက်ဆံဘူး။ ဒါကိုလဲ ဗမာက သိပ်မကြိုက်ဘူးဆိုတာကိုတော့ နဲနဲထဲ့ပြောလာပါတယ်။ ဥပမာ မီးရထား တတိယတန်းမှာတောင် ဥရောပသားဘဲ စီးစေဆိုတဲ့ သီးသန့်တွဲပါတာကို ဝေဖန်ပါတယ်။ ဒီဝေဖန်တဲ့ ကာတွန်းကို သူရိယမဂ္ဂဇင်း ဩဂုတ် ၁၉၁၉ မှာ တကြိမ်၊ မတ် ၁၉၂၄ မှာ တကြိမ် ထပ်ထဲ့တာထောက်တော့ တော်တော်မကျေနပ်တာနဲ့တူတယ်။ ဒီလို လူမျိုးကြီးဝါဒဟာ ဟိုတုန်းကတော့ သမရိုးကျ တွေ့ရတာမျိုးပါဘဲ။ ခုထိ ကမ္ဘာမှာ ရှိသေးတယ်ဆိုရင်လဲ မမှားပါဘူး။ ရဟန်းတွေ အလဇ္ဇီများလှတယ်လို့လဲ ပြောဝံ့ပါတယ်။

စီးပွါးရေးမှာ စပါးဈေးနဲလို့ ဗမာလယ်သမားတွေ ရှုံးနေတုန်း အင်္ဂလိပ်စက်ပိုင်ကြီး ဝမ်းသာတယ်။ ကြွေးရှင်ချစ်တီးမြူးတယ်ဆိုတာမျိုး ရေးဆွဲပါတယ်။ စာရေးကြီး လခထုတ်တဲ့ နေ့ ကြွေးဆပ်ရလို့ ငွေကုန်ပီး အိမ်ကို မူးပြန်လာတယ်ဆိုတာလဲ တွေ့ရပါတယ်။ စီးပွါးရေးဒုက္ခ ကို ပေါ်အောင် ဖော်နိုင်တယ်။ ဒါပေမယ့် သူတို့မြင်သလောက် စီးပွါးရေးဆိုင်ရာ အဖြေကတော့ သိပ်အားရစရာ မဟုတ်ပါဘူး။

အင်္ဂလိပ်က ရောင်းကြီးဝယ်ကြီး (Wholesale Trade) လုပ်တဲ့အခါ တရုတ်၊ ကုလားက လက်လီရောင်း (Retail Trade) တဲ့အလုပ်ကို ချုပ်ထားကြတယ်။ ဗမာကလဲ လက်လီ ရောင်းလုပ်ငန်းကို ဝင်တိုးပါလား ဆိုတာမျိုးဘဲ အကြံပေးတတ်တယ်။ ဗမာက လူရေလည် ပြန်တော့ ရှေ့နေရယ်၊ နိုင်ငံရေးရယ်၊ အစိုးရလခစားရယ်၊ ဒါဘဲလုပ်တတ်တယ်။ ဒီတော့ သိပ်မကြီးပွါးဘူးလို့လဲ ဝေဖန်ပါတယ်။ ရန်ကုန်မှာ ကြည့်ပါဦး၊ တိုက်လဲ ကုလားတိုက်၊ ကားလဲ ကုလားစီးတဲ့ကားလို့ ညွှန်ပြတယ်။ အဲဒါလောက်နဲ့ဘဲ ကျေနပ်တယ်။

တခါလောက်ဘဲ (သူရိယမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၆၊ ဩဂုတ် ၁၉၂၀၊ စာမျက်နှာ ၉၀) ဗမာ့သံယံဇာတပစ္စည်းတွေ ဖော်ထုတ်ပီး ဗမာပိုင် စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ပါတော့လားလို့ ပြောဖော်ရတယ်။ တခါတော့ (သူရိယမဂ္ဂဇင်းအတွဲ ၄၊ အမှတ် ၁၀၊ ဒီဇင်ဘာ ၁၉၂၀ စာမျက်နှာ ၇၂) နိုင်ငံခြားအထည် ဈေးကြီးလှတယ်။ တအိမ်ရက္ကန်းစင် တစင်ပြန်ထောင်ကြလို့ တိုက်တွန်း ပါတယ်။ နိုင်ငံခြားကုန် သပိတ်မှောက်ဘို့လဲ တိုက်တွန်းတာမျိုး တွေ့ပါတယ်။ နောက်တမျိုးကတော့ ဗမာ့ကျွဲကြီးက ဒီမြေမှာ ရေလဲကောင်းတယ်၊ မြက်လဲပေါတယ်၊ ဒါပေမယ့် ငါဘာပြုလို့ ပိန်သလဲလို့ မေးထားတယ်။ (သူရိယမဂ္ဂဇင်းအတွဲ ၅၊ အမှတ် ၉၊ နိုဝင်ဘာ ၁၉၂၁ စာမျက်နှာ ၈၆)။ ဗမာ့စီးပွါးရေးဟန်ပြပီး မသမာသူတွေ ရှိတာကိုတော့ သတိထားကြရမယ်တဲ့။ ဝံသာနု ဆိုင်းဘုတ်တပ်ထားပီး ပင်နီအတုရောင်းတဲ့ဆိုင် (သူရိယ မဂ္ဂဇင်း အတွဲ ၅၊ အမှတ် ၁၀၊ ဒီဇင်ဘာ စာမျက်နှာ ၆၄) ကို တခါရေးဆွဲပြတာ တွေ့ရပါတယ်။

ရုပ်ပြောင်ဆရာရဲ့ စီပွါးရေးအမြင်ကတော့ ကိုယ်ထူကိုယ်ထထက် အင်္ဂလိပ်အစိုးရက စပါးဈေး ကောင်းအောင် လုပ်ပေးပါလို့ အများဆုံး ပြောချင်ပုံပါဘဲ။

ဓလေ့ပိုင်းမှာ ရုပ်ပြောင်သမားဟာ ဗမာ့ဓလေ့ ပြန်လည်ဖော်ထုတ်ရေးကို လိုလား တယ်။ အဲဒါထက် ဗမာစစ်စစ်က ဗိုလ်တုမတုနဲ့ ဆိုတာကိုပဲ ထပ်ပြန်တလဲလဲ ရေးဆွဲကြတယ်။ ကိုယ်မလုပ်နိုင်တာ လုပ်တယ်လို့ဘဲ ပြောပါရစေ။ ရုပ်ပြောင်ဆရာဟာ ဗိုလ်တုတုပီး သူလဲ ဗိုလ်ကပေးတဲ့ ဒီပညာနဲ့ အသက်မွေးတယ်။ အရုပ်ကို စာတန်းထိုးတဲ့အခါ အင်္ဂလိပ်စာပါမှ လေးနက်တယ်ထင်တယ်။ ဗမာမက ခေါင်းမှာ ဖဲပြားစည်းပီး စီးကရက်ကို စွပ်တံနဲ့သောက်တာတော့ သူကြည့်မရဘူးတဲ့။ အမှန်ကလဲ ရှေးပုံစံ ဝတ်စားဆင်ယင်တာဘက်က သူတို့မဲပေးတယ် ဆိုပေမဲ့ တကယ် စိတ်မထက်သန် ပါဘူး။ အများသိတဲ့ ရှေးပုံစံ ဝတ်ကြပါ တိုက်တွန်းတာဟာ မအောင်မြင်ခဲ့ပါဘူး။ အဲဒါကို သူတို့လဲ သိတယ်။ မိန်းကလေးက မှန်သားလို အင်္ကျီဝတ်တာတော့ သူတို့က မှန်ဘီလူးနဲ့ ကြည့်ချင်တယ် ဆိုဘဲ။ ဗမာရုပ်ပြောင်လောက အစပိုင်းမှာ ကျနော့အနေနဲ့ သိပ်မကြိုက်တာတခုရှိတယ်။ အဲဒါကတော့ ကဗျာတွေ လင်္ကာတွေလဲ ရုပ်ပြောင်ရဲ့ စကားပြောစက်ကွင်း (Ballon) ထဲမှာ ထဲ့တယ်။ ရှင်းလင်းချက်သဘောလဲ မစ္စတာမောင်မှိုင်းတို့လိုလူက ပါဝင်ပီး ကဗျာလင်္ကာစပ် ပေးတယ်။ ခေတ်ပြောင်းတော်လှန်ရေး အသွင်ဆောင်တဲ့ ရုပ်ပြောင်မှာ ကဗျာလင်္ကာပါတာ ညံ့ဖျင်းသွားတယ်။ 'အဖွင့်ကဗျာ' ပါလို့သာပေါ့လို့ အကဲဖြတ်သူလဲ ရှိတယ်။ (ဒေါ်အမာ၊ ရွှေရိုး၊ ပထမတွဲ စာမျက်နှာ ၁၈) ကျွန်တော်တော့ မထောက်ခံပါဘူး။ စာတလုံးမှ မပါလဲ ရီရတာပါ ဘဲဆိုတာ မမေ့သင့်ဘူး။ တနည်းပြောတော့ ရုပ်ပြောင်ဆရာကလဲ အင်္ဂလိပ်စာတန်းလေး ထဲ့ချင်တယ်။ အယ်ဒီတာအဖွဲ့က ဩဇာရှိသူတယောက်ကလဲ လင်္ကာရွတ်လိုက်ချင်တယ်။ ဒီတော့ စာဖတ်ပရိသတ်က နှစ်မျိုးစလုံးကိုဘဲ မကြိုက်ဘဲနဲ့ အရုပ်ကြည့်ချင်တာနဲ့ဘဲ လက်သင့်ခံ ရတယ်။ သည်းခံရတယ်။

ရုပ်ပြောင်ပေါ်စ ရည်ရွယ်ချက်ဟာ ဟုမ္မရူးဖြစ်တယ်။ အကျိုးဘက်ကို ပြောရရင် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ ဘာပြုလို့လဲဆိုတော့ တိုင်းရင်းသားဘူဇွာတွေ ကိုယ်ကျိုးရှာတဲ့ အပြိုင်အဆိုင် ဝဲဩဃထဲမှာ ရုပ်ပြောင်ဆရာလဲ နစ်မွန်းသွားလို့ဘဲ ဖြစ်ပါတယ်။

[၂]

ကာတွန်း ပညာရှင်များ[ပြင်​ဆင်​ရန်​]

  1. ဦးဘဂျမ်း(အလင်္ကာကျော်စွာ)
  2. ဦးဘကလေး
  3. ဖေဆန်း
  4. ဖေသိန်း
  5. ဟိန်စွန်း
  6. ကံချွန်
  7. ဦးစိန်
  8. သစ်ထွဏ်း
  9. ကာတွန်းအောင်ရှိန်
  10. ငွေကြည်
  11. မြေဇာ
  12. ချစ်ဆွေ
  13. မြင့်သိန်း
  14. မြင့်စိုးလေး
  15. သော်က
  16. ရွှေမင်းသား
  17. အော်ပီကျယ်
  18. ဇော်မောင်
  19. ဗိုလ်မောင်
  20. မောင်မောင်
  21. မောင်ဝဏ္က
  22. မောင်မောင်အောင်
  23. အောင်အောင်
  24. တင်အောင်နီ
  25. ဆွေမင်း(ဓနုဖြူ)
  26. ကာတွန်းကျော်ဆန်း(က.ဆ)
  27. ကာတွန်းဇိုဇမ်

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. သန်းထွန်း၊ ပါမောက္ခ၊ သမိုင်းဌာန၊ မန္တလေး၊ "ပြည်သူတို့၏စကားပြန်" စာအုပ်၊(ပထမအကြိမ်၊ ဒီဇင်ဘာ ၁၉၇၄)