ကရင်စာပေသမိုင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဗုဒ္ဓဘာသာ ပိုးကရင်တို့၏ “ဖလုံလိုက်ထူလီ” ပေရေး ကရင်စာပေသည် မည်သည့်ပုဂ္ဂိုလ်က မည်သည့်နှစ်တွင် စတင်တည်ထွင်ရေးသားခဲ့သည်ကို တိတိကျကျ မပြောဆိုနိုင်သော်ငြားလည်း ဗုဒ္ဓဘာသာ အယူဝါဒများကို ပြန့်ပွားစေရန် ရည်ရွယ်တည်ထွင်ပြီး ပေပေါ်တွင် စတင်ရေးသား အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ ယနေ့ဗုဒ္ဓဘာသာ ပိုးကရင်တို့၏ ဩပွဲများတွင် သီဆိုသော “ထာခေါဟ်ဖာဍောဟ်(ထာခူးဖါဒူး)” ခေါ် သီချင်းကြီးဇာတ်နိပါတ် သမိုင်းအကြောင်း၊ တေး၊ လင်္ကာ၊ ကဗျာများတွင် ဗုဒ္ဓဘာသာအယူဝါဒများနှင့် မွန်ပေါရာဏစကားများ ထည့်သွင်း သီကုံးထားသည်ကို ထောက်ချင့်လျှင် အရှေ့ဘက်ဒေသနေ ကရင်လူမျိုးများသည် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စာပေအရေးအသားများကို ၁၉ ရာစု မတိုင်မီ စောစောပိုင်းကပင်ရရှိနေပြီဟု ယူဆနိုင်ပေသေည်။ မည်သို့ပင်ဆိုစေ ဗုဒ္ဓဘာသာဝင် ပိုးကရင်တို့၏ အက္ခရာများဖြင့် နှစ်ပေါင်းများစွာက ရေးသားပြုစုခဲ့သော လောကီ လောကုတ္တရာ စာပေကျမ်းဂန်များသည် ဖားအံလှိုင်းဘွဲကျုံဒိုးကော့ကရိတ်ကြာအင်းဆိပ်ကြီးနယ်များရှိ ဘုန်းတော်ကြီးကျောင်းတိုင်းတွင် အမြောက်အမြားရှိနေပေသည်။

ဘာသာရေးဆိုင်ရာ ကျမ်းပြုများ[ပြင်ဆင်ရန်]

၁၈၇၁ ခုနှစ် နောက်ပိုင်းတွင် မွန်မြန်မာ အက္ခရာ ပိုးကရင် အသံထွက် စာရေးနည်းဖြင့် ရေးသားကြသော ကျမ်းများနှင့် ကျမ်းပြုပုဂ္ဂိုလ် အတော်များများ ထွန်းပေါက်လာသည်ကိုတွေ့ရပေသည်။ ပိုးကရင်ဗုဒ္ဓဘာသာဝင်များ အနက် ထင်ရှားသော ပုဂ္ဂိုလ်များမှာ ဘုန်းတော်ကြီး ဦးစိန္တာကဝိဦးသုခနဲပညာနဲစန္ဒာဝရဦးရွှေဝါဦးနဲဒုမ်းဦးသီဟတေဇတပိုအိန်ဆင်ဦးပရမနှင့် ဦးဇာဂရတို့ဖြစ်ကြသည်။

ဆရာတော် နဲပညာမှာ ဆရာတော် ဦးစိန္တာကဝိ၏ တပည့်ရင်းဖြစ်သည်။ ဦးစိန္တာကဝိနှင့် တွဲဖက်ပြီး ၁၈၇၁ ခုနှစ်မှ ၁၉၂၈ခုနှစ် အထိ ကျမ်းပေါင်း ၁၆ ကျမ်းပြုစုခဲ့သည်။

ဆရာတော် ဦးစန္ဒာဝရသည် ၁၉၀ဝ ပြည့်နှစ်မှ ၁၉၀၄ ခုနှစ်အတွင်း ကျမ်းပေါင်း ခုနှစ်ကျမ်းကို ပြုစုခဲ့သည်။

ဆရာတော် ဦးဇာဂရမှာ ကော့ဒန်ရွာ (တဝေါင်ကိုဒေါင်) ဇာတိဖြစ်သည်။ ကျမ်းပေါင်း ၄၀ ကျော်ပြုစုခဲ့သည်။

ဒေါက်တာ ဂျိုနာသန်ဝိတ်[ပြင်ဆင်ရန်]

ဒေါက်တာ ဂျိုနာသန်ဝိတ် သည် ကရင် ခရစ်ယာန်လောကတွင် ကရင်စာပေကို တည်ထွင်ပေးခဲ့သူ ကရင်စာပေ ဖခင်ကြီးဟု ခေါ်ဆိုရမည်ဖြစ်ပေသည်။ ဒေါက်တာဝိတ်သည် ဇနီးဖြစ်သူနှင့် အမေရိကန်ပြည်မှ အေဒီ ၁၈၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် စတင်ထွက်ခွာပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိလာရာမှ ခရစ်ယာန် သာသနာပြု လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။

၁၈၃၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်ရှိ “ပိုင်ကြုံ” ရွာသို့ သွားရောက်ပြီး ခရစ်ယာန်တရားတော်ကို ဟောပြောခဲ့သည်။ ထိုအခါ ကရင်အဘိုးကြီးတဦးက ဒေါက်တာဝိတ်အား ကရင်စာပေကို ပြန်ပေးရန် အတင်းတောင်းတော့၏။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးတို့၏ ရှေး “ထား” ကဗျာ လင်္ကာမှ မိမိတို့ ပျောက်ဆုံးနေသော စာပေသည် မိမိတို့၏ ညီထွေး “ပူဒေးဝါး” ခေါ် အသားဖြူသော ညီထွေးက ပြန်လည် ယူခဲ့ပေးမည်ဟု ပါရှိသောကြောင့် ဖြစ်၏။ ကရင်လူမျိုးတို့၏ ရိုးရာ ယုံကြည်မှုကို နားမလည်နိုင်သော ဒေါက်တာဝိတ်သည် တအံ့တဩဖြစ်နေမိ၏။ အကြောင်းစုံကို မေးမြန်း သိရှိသွားသောအခါ မြန်မာအက္ခရာကိုမှီပြီး စကော ကရင်စာပေကို တည်ထွင်ပေးခဲ့သည်။

ဒေါက်တာမေဆင်သည် အမေရိကန်ပြည်မှ အေဒီ ၁၈၃၀ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး ထားဝယ်မြို့သို့ ထိုနှစ် ဒီဇင်ဘာသတွင် ရောက်ရှိလာခဲ့၏။ ဒေါက်တာဝိတ် တည်ထွင်ထားသော စကောကရင်စာပေဖြင့် ၁၈၄၃ ခုနှစ်တွင် ခရစ်ယာန် ဓမ္မဟောင်းကျမ်း (Old Testament) ကို ၁၈၅၃ ခုနှစ်တွင် ဘာသာပြန်ဆို ပြီးဆုံးခဲ့သည်။

ပုံနှိပ်တိုက်ထုတ်ဝေမှုများ[ပြင်ဆင်ရန်]

၁၈၃၇ ခုနှစ်တွင် ထားဝယ်နှင့် မြိတ်မြို့များတွင် ခရစ်ယာန်ဘာသာဝင် ကရင်ဦးရေများပြားလာသဖြင့် ခရစ်ယာန် ဘာသာရေး သင်တန်းများတွင် ကရင်ဘာသာဖြင့် လိုသလောက် ပုံနှိပ်ထုတ်ဝေနိုင်ရန် အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့က ထားဝယ်မြို့တွင် ပုံနှိပ်စက်တလုံး တည်ဆောက်ခဲ့၏။ ထိုပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော ကရင် ဘာသာကျမ်းစာအုပ်များမှာ ခရစ်ယာန်ဘာသာရေးကျမ်းစာ သက်သက်ဖြစ်ပြီး ဦးစွာ ပထမ ကျမ်းပြုသူများမှာ အမေရိကန် နှစ်ခြင်းသာသနာပြု အဖွဲ့ဝင် ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ သာသနာပြု ဆရာ အက်(ဖ်)၊ ဘီ၊ ခရ်(စ်) (Rev.F.B. Cress) နှင့် သာသနာပြုဆရာ စီ၊ ဘန်းနက် (Rev. C. Bennett) ပုံနှိပ်တိုက် အုပ်ချုပ်သူတို့ ဖြစ်ကြသည်။ မော်လမြိုင်မြို့တွင် လည်း စာပုံနှိပ်စက် တလုံးတည်ထောင်ကာ ခရစ်ယာန်ကျမ်းစာများကို မစ္စတာ အက်စ် ရမ်နီ (Mr. S. Renney) က ပိုးကရင်ဘာသာဖြင့် တာဝန်ခံ ထုတ်ဝေသည်။

ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်ဘာသာရေး စာပေများကို ဦးဆာင် ပြုစူသူများမှာ အမေရိကန် နှစ်ခြင်း သာသနာပြု ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ ဒေါက်တာ အယ်လ်ဘရေတန်နှင့် အီး၊ အက်စ် ဘူးလဒ်တို့ ဖြစ်ကြသည်။ ၁၈၄၉ ခုနှစ် ၊ မေလရက်စွဲဖြင့် ဘန်းနက်အမှာစာ ရေးပြီး ဒေါက်တာဝိတ်၏ အမည်ဖြင့် စကောကရင် အင်္ဂလိပ်အဘိဓာန်စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

၁၈၅၀ ခုနှစ်တွင် ဒေါက်တာ မေဆင်က ပိုးကရင် သဒ္ဒါကျမ်းကို ပြုစုခဲ့သည်။ ဒေါက်တာဝိတ်သည် အသိပညာကဏ္ဍများ (Thesaurus of Karen Knowledge) အမည်ရှိစာအုပ်ကို စကောကရင်နှင့် အင်္ဂလိပ် နှစ်ဘာသာတွဲကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထ အထိ လေးတွဲပြုစု ကာ အထမတွဲကို ၁၉၁၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ (အခြား ခရစ်ယာန် ဘာသာရေးဆိုင်ရာ ကရင်စာအုပ်များစွာ ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြခြင်း မပြုတော့ပါ)။ အမေရိကန် ကျမ်းပြု ဆရာများ၏ နောက်ပိုင်းတွင် ကရင် လူမျိုးစာရေးဆရာများပေါ်ထွက်လာခဲ့သည်။ ကရင်သမိုင်းကို ရေးသားပြုစုသူ ဆရာကြီး ဦးအောင်လှ၊ ကရင်ဖားစည်ကို ရေးသားပြုစုသူ ဆရာဘူးမူးခေါ် ဖူးတောအူး၊ ကရင်နှစ်သစ်ကူပွဲတော် အကြောင်း ရေးသားသူ ဆရာကြီး ဦးလွန်းရွှေ၊ ကရင် လူမျိုးတို့၏ ရိုးရာဓလေ့များအကြောင်းကို ရေးသားသူ ဒေါက်တာ တီသံပြာ၊ ကျောင်းသုံး စာအုပ်အမျိုးမျိုးကို ရေးသားသူ ဆရာကြီး ဖိုးလင်းတေးနှင့် ဆရာကြီး ဦးမိုးလို၊ စောတောက်၊ ဦးဘထွန်းတင် စသော ပုဂ္ဂိုလ်များ၊ ဆရာသာနေအေး၊ ဆရာအာရ်မောင်ချစ်၊ ထိုလွီထူး၊ ဆရာသာထို စသော ပုဂ္ဂိုလ်များသည် ထင်ရှားသော ကရင် စာရေးဆရာများဖြစ်ကြသည်။

သတင်းစာ၊ ဂျာနယ်များ[ပြင်ဆင်ရန်]

ထို့ပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများလည်း ပေါ်ထွက်လာပြီး ကရင်လူမျိုး အယ်ဒီတာနှင့် ဆောင်းပါးရှင်များ အများအပြားလည်း ပေါ်ထွန်းလာခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် ထားဝယ်မြို့တွင် ပထမဦးဆုံး ကရင်စာပုံနှိပ်တိုက် စတင်တည်ထောင်ခဲ့သည်။ “ဆာတူဝေါ”ခေါ် မိုးသောက်ကြယ် (The Morning Star) အမည်ဖြင့် ကရင်လစဉ် မဂ္ဂဇင်းကို ၁၈၄၂ ခုနှစ်တွင် ထာဝယ်မြို့မှာပင် စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဤမဂ္ဂဇင်းသည် အာရှရှိ ရှေးအကျဆုံး မဂ္ဂဇင်းများစာရင်းတွင် တခုအပါအဝင်ဖြစ်သည့်ပြင် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ထုတ်ဝေသော မဂ္ဂဇင်းလည်းဖြစ်သည်။ “ဆာတူဝေါ”မဂ္ဂဇင်း၏ အယ်ဒီတာမှာ ဒေါက်တာ မေဆင်ဖြစ်သည်။ ထားဝယ်မှသည် မော်လမြိုင်မြို့သို့ ၁၈၄၇ ခုနှစ်တွင် ဒေါက်တာမေဆင် ပြောင်းရွှေ့နေထိုင်းခဲ့သဖြင့် “ဆာတူဝေါ” မဂ္ဂဇင်းကို ၁၈၄၇ ခုနှစ်မှာပင် မော်လမြိုင်မြို့တွင် ဆက်လက်ပုံနှိပ်ထုတ်ဝေသွားပါသည်။ “ဆာတူဝေါ” မဂ္ဂဇင်းသည် ဂျပန်များ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် တိုက်ခိုက်သည့် အချိန်အထိ နှစ်ပေါင်း တရာခန့်သက်တမ်းရှိခဲ့ပါသည်။ “ဆာတဝေါ” မဂ္ဂဇင်းနှင့် အရှေးအနှောင်းအချိန်တွင် ဒေါက်တာ အယ်လ်ဘရေတန်က “ဆပ္ပရန်”ခေါ် ပိုးကရင် သတင်းစာတစောင်ကို ထုတ်ဝေနိုင်ခဲ့သည်။

ယနေ့စကောကရင်နှင့် ပိုးကရင်စာပေဖြင့် ယခင်ပုံနှိပ်ထုတ်ဝေခဲ့သည့် မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်များအချို့သည် ယနေ့တွေ့ရှိရန် မလွယ်ကူတော့ပေ။ လက်လှမ်းမီသရွှေ့အောက်ဖော်ပြပါ မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်များ အနက် အချို့မှာ ယနေ့တိုင် ဆက်လက်ထုတ်ဝေနေသေးကြောင်း တွေ့ရှိရမည်ဖြစ်သည်။ “တာကပေါ်” ခေါ် အလင်းရောင်မဂ္ဂဇင်း၊ “လယ်ဆူးညာ” ခေါ် ရှေ့သို့ မဂ္ဂဇင်း၊ “ဆာတူဝေါ” ခေါ် မိုးသောက်ကြယ် လစဉ်မဂ္ဂဇင် ၊ “ဖိုးသာအသို” ခေါ် ကလေးသူငယ်များ၏ မိတ်ဆွေ လစဉ်မဂ္ဂဇင်း၊ “ပဟီပဃော” အိမ်ထောင်ရေး (The Home) သုံးလပတ် မဂ္ဂဇင်း၊ “ပွါ့ကွာသိုး” ခေါ် သိုးထိန်း မဂ္ဂဇင်း (The Shepherd) ၊ “ခရဲင်းမဂ္ဂဇင်း” ခေါ် ကရင်မဂ္ဂဇင်း၊ “ဆာတူဟား” မဂ္ဂဇင်း၊ “ဒေါကလုထော့မဲပါ”၊ “ဖဲယားဖလေး”၊ ”ပွါခေါ့တာဖိုး”၊ “ကလဲ့စက်”၊ “တာကပေါ်” ခေါ် လင်းရောင်ခြည် မဂ္ဂဇင်းနှင့် “ဆပ္ပရန်” စတည်တို့ ဖြစ်ကြပါသည်။

သုံးသပ်ချက်[ပြင်ဆင်ရန်]

အထက်ဖေါ်ပြခဲ့သော ကရင်စာပေရေစီးကြောင်း တလျှောက်လုံးကို ပြန်လည် ဆန်းစစ်မည်ဆိုလျှင် ဒုတိယခေတ် ကရင်စာပေ၏ အောက်တွင် ထွန်းကားလာသော စာပေမှာ ဘာသာရေးအယူဝါဒကြောင့် စာပေထွန်းကားလာရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၁၉၆၂ ခုနှစ်၊ မတ်လနောက်ပိုင်းမှ စပြီး ကရင်စာပေ တတိယ ခေတ်ကာလဟု ခေါ်ဆိုရပေမည်။ ထိုအချိန်မှစပြီး ခေတ်ပြောင်းကောင်စီသည် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား အသီးသီးတို့၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုလုပ်ငန်းများကို ဖော်ထုတ်ရန်အတွက် အထူးဦးစားပေး ဆောင်ရွက်ခဲ့ပေသည်။

ကရင်စာပေ၏ တတိယခေတ်တွင် လူတိုင်း စာပေတတ်မြောက်ရေး၊ စာပေ အစွမ်းသတ္တိဖြင့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အသုံးပြုရန်နှင့် စာပေ ညီညွတ်ရး တည်ဆောက်ရန် ကြိုးပမ်းလာကြသည်။ ထိုခေတ်ကို ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းဟု ခေါ်ဆိုရမည် ဖြစ်ပေသည်။ တတိယခေတ် ကရင်စာပေ လောကတွင် ကရင်ရိုးရာယဉ်ကျေးမှု အပေါ် အခြေခံသော သတင်းစား၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပေါ်ထွက်လာပြီး ကရင်လူမျိုး စာရေးဆရာများနှင့် ဆောင်းပါးရှင် အများအပြား ပေါ်ထွန်းနေပြီ ဖြစ်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

- ကရင်ရိုးရာ သုတပဒေသာ - မန်းလင်းမြတ်ကျော်

- Typing - Smile May ဘလော့ဂ်