ကနုကမာ

ဝီကီပီးဒီးယား မှ

ကနုကမာ[ပြင်ဆင်ရန်]

ခုံးကမာယောက်သွားစသော ခရုခွံများတွင် အထပ် ၃ ထပ်ရှိသည့်အနက် အချို့သော ခရုခွံတို့၌ အောက် ဆုံး သို့မဟုတ် အတွင်းဘက်အကျဆုံး အထပ်မှာ ချောမွှတ် ပြောင်လက်၍ ပုလဲရောင် ထနေသည်ကို တွေ့ဘူးကြပေမည်။ ဤအထပ်မှာ ကနုကမာအထပ်ဖြစ်၍ ဤအထပ်မျိုး ပါရှိသည့် ခရုခွံများကို ကနုကမာဟု ခေါ်ကြသည်။

ကနုကမာအထပ်တွင် ပါဝင်သောပစ္စည်းများမှာ ပုလဲတွင် ပါဝင်သော ပစ္စည်းများနှင့် အတူတူပင် ဖြစ်သည်။ ထုံးဓာတ် ပါသော ပစ္စည်းနှင့် ဦးချိုကဲ့သို့မာသော ပစ္စည်းတို့သည် အဆင့်ဆင့် အထပ်ထပ် တည်နေကြသည်။ ထိုအထပ်များ ပေါ်သို့ အလင်းကျရောက်သောအခါ အထပ်တို့၏ လွတ်နေ သော အစွန်းများက အလင်းကို ယိုင်စေသောကြောင့် စိမ်း၊ နီ၊ ဝါ၊ ပြာ စသော သက်တံ့ရောင်များ ဖြစ်ပေါ်လာ၍ လှပသော ကနုကမာရောင် ထွက်လာသည်။

ကနုကမာအထပ်ပါသော ခရုခွံများကို ကမ္ဘာ့အပူပိုင်းဒေသ များ၏ ကမ်းရိုးတန်းများတွင် တွေ့ရတတ်သည်။ တောင်ပင် လယ်ကျွန်းများ (ပစိဖိတ်တောင်ပိုင်းကျွန်းများ)၊ ဖိလစ်ပိုင် ကျွန်းစု၊ ဩစတြေးလီးယားတိုက်၊ ပနားမားနိုင်ငံ၊ ကာလီဖိုး နီးယား ပြည်တောင်ပိုင်း၊ ဂျပန်ကျွန်းတဝိုက်နှင့် မလ္လာယု ကျွန်းဆွယ် (ပသျှူးကျွန်းစွယ်)တို့တွင် အထူးပေါများသည်။ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း တလျှောက်တွင်လည်း တွေ့ရသည်။ အကောင်းဆုံး ကနုကမာများကို ဩစတြေး လီးယားတိုက်နှင့် သီဟိုဠ်ကျွန်းတို့မှ ရသည်။ ပနားမား နိုင်ငံမှရသော ကနုကမာမှာ သေးငယ်၍ အသားထူသည်။ မြောက်အမေရိကတိုက်၊ မစ်စစ်စပီမြစ်နှင့် အခြားမြစ်များရှိ ရေချိုခုံးကောင်များမှလည်း ကနုကမာများကို ရရှိတတ်ပေသည်။ ကနုကမာဖြင့် ရင်ထိုး၊ ကြယ်သီး၊ လည်ဆွဲစသော လက် ဝတ်တန်ဆာများကို၎င်း၊ ဆေးလိပ်ခွက်၊ ပြာပန်းကန်၊ ဓားရိုး၊ ထီးရိုး၊ ဓာတ်ပုံဘောင်စသော လူ့အသုံးအဆောင်များကို၎င်း ပြု လုပ်ကြသည်။ သစ်သား၊ ယွန်းထည်စသည်တို့နှင့် ဖက်စပ်၍ လည်း တူရိယာနှင့် အိမ်သုံးပရိဘောဂများတွင် ပန်းကွက်များ ဖော်ရာ၌ ကနုကမာကို အသုံးပြုကြသေးသည်။ မြန်မာနိုင်ငံတွင် ကနုကမာဖြင့် ပြုလုပ်သော ပစ္စည်း အသုံးအဆောင် များကို အထူးသဖြင့် မြိတ်နယ်မှ ပြုလုပ်ရောင်းချလေ့ရှိသည်။

ယခုအခါ ပလပ်စတစ်ဖြင့်လည်း ကနုကမာအတုကို ပြုလုပ် ကြရာ ကနုကမာအတုမှာ ကနုကမာစစ် ကဲ့သို့ပင် လှပ၍ ကနု ကမာ အစစ်ထက် အဖိုးချိုသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)