ကြယ်သီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ယခုအခါ လူတိုင်းလိုပင် ကြယ်သီးများကို တွေ့နေ မြင်နေသုံးနေကြသည်။ လူမျိုးတိုင်းသည် မိမိတို့၏ အဝတ် အစားတွင် ကြယ်သီးများကို တပ်ဆင်ကြ၏။ သို့ရာတွင် ကြယ်သီးအကြောင်းကို ကျကျနနသိသူကား ရှားလှသည်။ ကြယ်သီးသည် အရွယ်အားဖြင့် သေးငယ်၍ အသုံးအားဖြင့် နုပ်ဖွဲသော်လည်း ကြယ်သီးအကြောင်း ရေးသားစရာ အချက် အလက်များစွာ ရှိပေသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် လူများသည် မိမိတို့၏ ဝတ်စားတန်ဆာများ၌ ကြယ်သီးကို တပ်ဆင်အသုံးပြုခဲ့ကြောင်း ခိုင်လုံသောအထောက်အထားများ တွေ့ရသည်။ ဗြိတိန်နိုင်ငံတွင် ရှေးဟောင်းပစ္စည်းများကို တူးဖော်ရာ၌ ကြယ်သီးများကို တွေ့ရ သည်။ ကြယ်သီးများကို အသုံးပြုကြသည်မှာ အဝတ်အစားများ ကိုယ်တွင် ချပ်ယပ်စေရန်သော်လည်းကောင်း၊ အဝတ်အစားများ ပိုမို၍ တင့်တယ်လာစေရန်သော်လည်းကောင်း ဖြစ်သည်။

လူများသည် အပူအအေးဒဏ်မှ ခံနိုင်ရန် အဝတ်များကို ဝတ်ဆင်စပြုလာကြသည့်အခါတွင် ကြယ်သီးကို မပြုလုပ်တတ် ကြသေးချေ။ အပင်များမှ ရသောဆူးကိုသာ လိုသောနေရာတွင် မြဲစေရန် အသုံးပြုကြလေသည်။ လက်လုပ်ဆူးများမှတစ်ဖန် ဝတ်ဆင်သောသားရေစ သို့မဟုတ် အဝတ်စတွင်ပင် အပေါက် ကလေးများ ဖောက်၍ အပေါက်ကလေးများကို ကြိုးကလေးများ ဖောက်၍ အပေါက်ကလေးများကို ကြိုးကလေးများဖြင့် ချည်နှောင်ပြီးလျှင် ကြယ်သီးသဘောမျိုး သက်ရောက်အောင် အသုံးပြုလာကြသည်။ အချို့သော လူရိုင်းများမှာမူ ယနေ့တိုင် အောင် သူတို့၏အဝတ်အစားများကို ဆူးဖြင့်တွယ်တုန်းပင် ရှိသေးသည်။ ယဉ်ကျေးသော သူတို့မှာကား တွယ်အပ်များ ကြိုးပေါက်များထက် ကြယ်သီးများကို တစ်နေ့တစ်ခြား အသုံးများလာကြလေသည်။

ကြယ်သီးကို အင်္ကျီဗောင်းဗီတို့တွင် တပ်ဆင်ကြခြင်းမှာ အသုံးပြုရန် သက်သက်သာမဟုတ်၊ အလှအပအတွက် တန်ဆာ ဆင်ခြင်းလည်း ဖြစ်ပေသည်။ ယခုခေတ်တွင် ဝတ်ဆင်ကြသော ကွတ်အင်္ကျီ ယူနီဖောင်း အင်္ကျီ စသည်တို့တွင် ကြယ်သီးများကို လိုသည်ထက်ပို၍ အလှအပအတွက် တပ်ဆင်ကြလေသည်။ ရှေးအခါက ကြယ်သီးများသည် အလွန်အဖိုးတန်လေ သည်။ အကြောင်းမူကား လူကုံထံများသည် ကြယ်သီးကို ရွှေငွေကျောက်မျက်ရတနာများဖြင့် ပြုလုပ်ကြသောကြောင့် ဖြစ်၏။ ထို့ပြင် ရှေးအခါက ကြယ်သီးတစ်လုံး ဖြစ်မြောက် ရန်အတွက် အချိန်ကြာမြင့်စွာ လုပ်ကိုင်ရသည်။ ယခုခေတ်တွင် သိပ္ပံပညာထွန်းကားမှု၏ကျေးဇူးကြောင့် တစ်နေ့လျှင် ကြယ်သီး အလုံးပေါင်း မြောက်မြားစွာထွက်အောင် ပြုလုပ်နိုင်ကြသည်သာ မက ကြယ်သီးလုပ်သည့် ပစ္စည်းတို့မှာလည်း အမျိုးများလာပေ သည်။ ယင်းတို့မှာ ရွှေ၊ ငွေ၊ ကြေးနီ၊ ကြေးဝါ၊ ဒန်၊ သံ၊ ဖန်၊ သစ်သား၊ ဝါး၊ စက္ကူ၊ အဝတ်၊ တိရစ္ဆာန်ဦးချို၊ အစွယ်၊ ခွာ၊ အရိုး၊ ကော်ဖတ်၊ ကနုကမာ၊ ပုလဲ၊ ပင်လယ်ခရုခွံ၊ လိပ်ခွံ၊ ကျွဲကော် စသည်တို့ ဖြစ်သည်။ ယခုအခါ ပလပ်စတစ်ကြယ် သီးများကို အသုံးများကြသည်။

ကြယ်သီးအမျိုးမျိုးတွင် ကနုကမာစစ်စစ်ကြယ်သီးမှာ အလွန်ရှားသည်။ သို့ရာတွင် ရေကြည်ကနုကမာ သို့မဟုတ် ခရုခွံကြယ်သီးများကို အမေရိကန်ပြည်ထောင်စုတွင် အမြောက် အမြား လုပ်ကိုင်ကြသည်။ ဂျပန် နိုင်ငံမှလည်း ကနုကမာကြယ် သီးများထွက်၏။ သမုဒ္ဒရာ ပုလဲဖြူကြယ်သီးများကို ဩစတြေးလီးယားတိုက် အနောက်ဖက်ပယ်လယ်တွင်းမှ ရရှိ သော ပုလဲခွံအဖြူများမှ လုပ်သည်။ ပုလဲဝါကြယ်သီးများမှာ မနီလာမြို့မှ ထွက်၍ ပုလဲနက်ကြယ်သီးများကို တဟီးတီးကျွန်း မှ ရရှိသည်။ ထိုပုလဲကြယ်သီးများမှာ အဖိုးတန်သောကြောင့် ငွေကြေးတတ်နိုင်သူ လူကုံထံများသာ ဝယ်ယူတပ်ဆင်လေ့ ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် တားဂွါးခေါ် အသီးခွံများကို ကြယ်သီးပြုလုပ်ကြ၏။ ထိုတားဂွါးသီးတို့ကို အက်ကွာဒေါ၊ ကိုလုံးဗီးယားနှင့် ပနားမားနိုင်ငံများမှ အမြောက်အမြားရရှိ၍ အမေရိကန်ပြည်ထောင်စုသို့ ယူ ဆောင်ပြီးနောက် သစ်သီးခွံ ကြယ်သီးပေါင်း တစ်နှစ်တစ်နှစ်လျှင် သန်းပေါင်းများစွာ ပြုလုပ်ကြလေသည်။

ကြယ်သီးများ အကြီးအကျယ်ပြုလုပ်သော အခြားနိုင်ငံများ လည်း ရှိသေးသည်။ အင်္ဂလန်ပြည်ရှိ ဗာမင်ဂမ်မြို့တွင် လွန်ခဲ့ သည့် နှစ်ပေါင်း ၂၅ဝ ခန့်အချိန်ကပင် စ၍ ကြေးဝါကြယ်သီး များကို ပြုလုပ်ခဲ့လေသည်။ ဖန်ကြယ်သီးများကို အများအားဖြင့် ဥရောပတိုက် ချက်ကိုဆလိုဗားကီးယားနိုင်ငံတွင် လုပ်သည်။ သို့ရာတွင် ဖန်ကြယ်သီးများ ပြုလုပ်သည့်နည်းကို အခြားနိုင်ငံ များသို့ အသိမပေးဘဲ အထူးလျှို့ဝှက်ထားလေသည်။

လူများသည် ကြယ်သီးကို စတင်အသုံးပြုတတ်လာကြ သည့် အချိန်ကစ၍ ရေလဲအမျိုးမျိုးနှင့် အသုံးချလာ ခဲ့ကြ သည်။ အလှအပအတွက်သာမက အဆင့်အတန်းကိုပြရန်လည်း ကြယ်သီးများ တပ်ဆင်ကြ၏။ ရှေးအခါက ပစ္စည်းဥစ္စာချမ်းသာ ကြွယ်ဝသူများသည် အဖိုးထိုက်သောရွှေကြယ်သီး၊ ငွေကြယ်သီး၊ ကျောက်မျက် ရတနာကြယ်သီးများကို တပ်ဆင်ကြ၍ ဆင်းရဲသူ များကိုကား မည်သည့်ကြယ်သီးကိုမျှ မဆင်ယင်ရဟု တားမြစ် ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခါက လူတစ်ယောက် ၏ အဆင့်အတန်းကို ထိုသူ၏ကိုယ်တွင် တပ်ဆင်ထားသော ကြယ်သီး၏တန်ဖိုး အနည်းအများပေါ်တွင် မူတည်ကာ ဆုံးဖြတ်ကြသောကြောင့် ဖြစ်၏။

လူတစ်ယောက်၏ ဂုဏ်နှင့် အဆင့်အတန်းကို ထိုသူ တပ်ဆင်သောကြယ်သီးဖြင့် ပြသသည့်အလေ့အထကို ယနေ့တိုင် တွေ့နိုင်သေးသည်။ သက်သေပြရသော် ရဲဌာနအမှုထမ်းများသည် မိမိတို့ဝတ်ဆင်သော ယူနီဖောင်း အင်္ကျီတွင် ရာထူးအဆင့် အတန်းကို ဖော်ပြသော ကြယ်သီးမျိုးကို တပ်ဆင်ကြ၏။ ထို့အပြင် မီးရထားဌာန အမှုထမ်းများ၊ ကြည်းရေလေတပ်သား များနှင့် အခြားပြည်သူ့ဝန်ထမ်းများသည်လည်း မိမိတို့ဌာန ရာထူး အဆင့်အတန်း စသည်တို့ကို ဖော်ပြသော ကြယ်သီးများ တပ်ဆင်ကြသည်ကို တွေ့ရ၏။ အချို့နိုင်ငံများတွင် ကျောင်းသူ ကျောင်းသားကလေးများသည် မိမိတို့သင်ကြားနေသောကျောင်း အတန်း စသည်တို့ကို ဖော်ပြသော ကြယ်သီးများကို တပ်ဆင် ကြလေသည်။ ကမ္ဘာပေါ်တွင် ကြယ်သီးကို ရှင်း⁠ရှင်းအသုံး မပြုဘဲနေသူကား လွန်စွာပင် နည်းပါးလှသည်။ သို့ရာတွင် ထိုသူမျိုး လုံးဝမရှိဟူ၍ကား မဆိုနိုင်ပေ။ ကနေဒါနိုင်ငံရှိ ဒူကိုဗော့ လူမျိုးတို့သည် မည်သည့်အခါမျှ ကြယ်သီးကို တပ်ဆင်ခြင်းမပြုကြပေ။ ထိုသူတို့၏ အယူဝါဒဘာသာတရား က သူတစ်ပါး၏ အသက်ကို မသတ်ရန် ကျပ်တည်းစွာ တားမြစ်ထားသောကြောင့် တိရစ္ဆာန်များ၏ အရိုး အစွယ် ဦးချိုအခွံ စသည်တို့နှင့် ပြုလုပ်လေ့ရှိသောကြယ်သီးများကို လုံးဝအသုံးမပြုဘဲ တွယ်အပ်များ ချိတ်များကိုသာ ကြယ်သီး အစား အသုံးပြုကြလေသည်။

မြန်မာလူမျိုးတို့သည်လည်း ကြယ်သီးများကို အသုံးပြုကြ သည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ကြယ်သီးများကို အများအပြားပင် လုပ်ကိုင်ကြ၏။ စိန်၊ ကျောက်စိမ်း၊ ဥဿဖယား၊ သလင်း စသော တွင်းထွက်ကျောက်များ အပြင် နိုင်ငံခြားမှလာသော ချက်ကျောက်များ၊ ဖန်များကိုလည်း ကြယ်သီးပြုလုပ်ကြ၏။ ထို့ပြင် ကြိုးထိုးကြယ်သီးများကိုလည်း မြန်မာယောက်ျား မိန်းမ အင်္ကျီများတွင် တပ်ဆင်ကြသေး၏။ စစ်ပြီးခေတ်တွင် ရွှေမှုန် ကြယ်သီးနှင့် ပလပ်စတစ်ကြယ်သီးများ ခေတ်စားလာသည့် အလျောက် ထိုကြယ်သီးမျိုးများကိုလည်း ပြုလုပ်ကြသေးသည်။ ကျောက်စိမ်း၊ သလင်း၊ ဥဿဖယား စသော တွင်းထွက် ကျောက်များကို ကြယ်သီးပြုလုပ်ရာ၌ ပထမကျောက်ရိုင်းတုံးကို စက်ဖြင့် လိုသလောက်အရွယ်အစားစား ဖြတ်ယူသည်။ ထိုမှ တစ်ဆင့် ပုံကြမ်းလောင်း အကွက်ဖော်သည်။ အကွက်ဖော်ပြီး ကျောက်ကို အရောင်ထွက်အောင် စက်ဖြင့်သွေး၍ အရောင်တင် သည်။ နိုင်ငံခြားမှလာသော စက်ဖြင့် သွေး၍ အရောင်တင် သည်။ နိုင်ငံခြားမှလာသော ချက်ကျောက်များတွင် ပုံကြမ်း လောင်းပြီး အတုံးကလေးများလည်း ရှိသည်။ ပုံကြမ်းမလောင်း ရသေးသောအရှည် ၂ လက်မခန့်ရှိ ကျောက်တုံးများလည်း ရှိသည်။ ကျောက်တုံးရှည်ကလေးများကို ထိပ်တည့်⁠တည့်မှ ဆတ်၍ခွဲလိုက်သောအခါ ၂ ခြမ်းကွဲသွားသည်။ ထိုမှတစ်ဆင့် ပုံကြမ်းလောင်းခြင်း၊ အကွက်ဖော်ခြင်းနှင့် အရောင်တင်ခြင်းများ ကို တွင်းထွက် ကျောက်များလုပ်သည့်နည်းတူ ပြုလုပ်၏။ နိုင်ငံခြားမှလာသော ပုံကြမ်းလောင်းပြီးကျောက်တုံးလေးများကို လည်း ထိုနည်းတူပင် အကွက်ဖော်ခြင်း အရောင်တင်ခြင်းများ ပြုလုပ်သည်။ ဖန်ကြယ်သီးများ လုပ်ရာတွင် ဖန်ကိုချက်၍ ပုံလောင်းပြီးမှ အရောင်တင်သည်။ ဖော်ပြခဲ့ပြီးသော ကြယ်သီး များကို အများအားဖြင့် မြန်မာအမျိုးသမီးများ အသုံးပြုကြ၏။ စစ်ပြီးခေတ် မြန်မာအမျိုးသမီးများ အသုံးပြုတပ်ဆင်လာ သော ရွှေမှုန်ကြယ်သီးကား နိုင်ငံခြားမှလာသော ရွှေမှုန်ကျောက် တုံးကြီးကို တွင်းထွက်ကျောက်များနည်းတူ လိုသလောက်အရွယ် ကိုဖြတ်၍ ပုံကြမ်းလောင်းခြင်း အကွက်ဖော်ခြင်း အရောင်တင် ခြင်းများကို ပြုလုပ်၍ယူသည်။

ပလပ်စတစ်ကြယ်သီးများကို လုပ်ရာ၌မူ နိုင်ငံခြားမှ မှာယူ သော ပလပ်စတစ်မှုန့် ရောင်စုံများကို လျှပ်စစ်ဓာတ်အားဖြင့် ဆက်သွယ်ထားသော ပုံသွင်းစက်ထဲသို့ ထည့်လိုက်သည်။ အမှုန့်များ အရည်ပျော်၍ အောက်တွင်ခံထားသော ပုံစံခွက် ထဲသို့ ကျသွားခြင်းဖြင့် ကြယ်သီးကလေးများ ဖြစ်လာသည်။ ယင်းကြယ်သီးများကို အပေါက်ဖောက်ခြင်း၊ မညီညာသော အစွန်းအစများကို ညှိခြင်းများကို လက်ဖြင့် ပြုလုပ်သည်။ပလပ် စတစ် အမှုန့်မဟုတ်ဘဲ ပလပ်စတစ်အပြားကို လုပ်သော ကြယ်သီးများလည်း ရှိသေးသည်။ နိုင်ငံခြားမှ မှာယူသော ပလပ်စတစ်ပြားများကို လိုသောပုံစံရေးပြီးလျှင် လျှပ်စစ်ဓာတ် အားဖြင့် ဆက်သွယ်ထားသော စက်တွင် ဖြတ်ခြင်းအားဖြင့် ကြယ်သီးများ ရနိုင်သည်။ ယင်းပလပ်စတစ်ကြယ်သီးများကို ယောက်ျား မိန်းမမရွေး အသုံးပြုနိုင်ရန် ပုံအမျိုးမျိုး ပြုလုပ် ကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)