ကဋကဟတ္ထ

ဝီကီပီးဒီးယား မှ

သီဟကဏ္ဏမုဒြာ ပုံမျိုးနှင့် ဆင်တူသည်။

လက်ချောင်းကလေးများ၏ ထိပ်ဖျားနှင့် လက်မကိုထိကာ စက်ကွင်းကဲ့သို့ ဝိုင်း၍ပြထားသော လက်ဟန်ဖြစ်သည်။ တစုံတခုကို ဆုပ်ကိုင်ထားဘိသကဲ့သို့ ရှိသည်။ ဖူးမြင်လာသူအား ပန်းစသော လှူဘွယ်ဝတ္ထု တစုံတရာယူဆောင်လာ၍ ကဋကဟတ္ထထဲသို့ ထိုးစိုက် လှူဒါန်းရန် တိုက်တွန်းနေသည့်ဟန် ဖြစ်ပေသည်။

ဒါနမင်္ဂလာ, ပူဇာ စ ပူဇနေယျာနံ မင်္ဂလာများကို သရုပ်ဆောင် ပြထားခြင်း ဖြစ်ပေသည်။ သန္တရသကို ပေါ်လွင်ထင်ရှားစေသည်။

ဒါနပါရမီစခန်းသို့ ညွှန်ပြထားသော သဘောရှိပေသည်။

ပုံစံအားဖြင့် အချို့ နတ်သမီးရုပ်တုများတွင် လက်မနှင့် လက်ချောင်းကွင်းထဲတွင် ပန်းစည်း ပန်းခက်များကို ထိုးစိုက်ထားလေ့ရှိသည်။

ဘာရ်တွတ်မြို့ရှိ သီရိမာဒေဝတာနတ်သမီးရုပ်၏ လက်တွင် ကြာပန်းခိုင်ကို ကိုင်ဆုပ်ထားဟန်ဖြင့် တွေ့ရပေသည်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ဤကဋကဟတ္ထဖြင့် နတ်သား, နတ်သမီး, သိကြား, ဗြဟ္မာရုပ်တုများကို တွေ့ရှိနိုင်ပါသည်။

ကဋကဟတ္ထပုံသည် နိဗ္ဗာန်ဆော်သဘောကို ပေါ်လွင်ထင်ရှားစေသည်။ ဒါနပြုရန် ပူဇော် သက္ကာရပြုရန်, အရိုအသေ အလေးအမြတ်ပြုကြရန် တိုက်တွန်းသောသဘော ဖြစ်ပေသည်။ ကျက်သရေ မင်္ဂလာ တိုးပွားခြင်း စီးပွားရေး တိုးတက်အောင်မြင်ခြင်း လာဘ်ရွှင်ခြင်း, လက်ဆောင်ပဏ္ဏာ ရရှိ ခြင်းစသော အကျိုးထူးများကို ပေးနိုင်သည်ဟု ဝဇီရာယာနဂိုဏ်းဝင်များက မိန့်ကြားကြပါသည်။ [၁][၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. KATAKA HASTA DHI. p.258; EHI. i.i. p.15; Icon. B.p.28, fig.9.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ