အိုလီဗာ ကရွမ်းဝဲလ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိုလီဗာ ကရွမ်းဝဲလ် (၁၅၉၉-၁၆၅၈)

အိုလီဗာ ကရွမ်းဝဲလ် (Oliver Cromwell)(၁၅၉၉-၁၆၅၈)သည် အင်္ဂလန်နိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ စနစ် စတင်ကျင့်သုံးနိုင်ရန် ဦးဆောင်ခဲ့သူဖြစ်သည်။ဘုရင့်ဂိုဏ်းသားများ နှင့် ပါလီမန်ဘက်တော်သားများ နှစ်ဖက် တိုက်ခိုက်ကြသည့် စစ်ပွဲများတွင် ပါလီမန်ဘက် စစ်တပ်မှ ခေါင်းဆောင်အဖြစ်ဦးဆောင်ခဲ့သည်။ထို့ပြင် ပါလီမန် ဒီမိုကရေစီ စနစ်ကို တည်ထောင်သူ၊စစ်အာဏာရှင် အစရှိသဖြင့်လည်း ကြော်ကြားပါသည်။အိုလီဗာ ကရွမ်းဝဲလ် ကို အင်္ဂလန်၊ဟန်တင်ဒန် တွင်မွေးဖွားသည်။သူမွေးဖွားစဉ်ကာလက အင်္ဂလန်၏အခြေအနေမှာ တည်ငြိမ်လှသည်တော့မဟုတ်ပေ။ အယူဘာသာအားဖြင့်လည်း အမျိုးမျိုးကွဲပြားနေပြီး ဘုရင်ဖြစ်သူကလည်း သက်ဦးဆံပိုင်စနစ်ဖြင့်သာ အုပ်ချုပ်နေချိန်လည်းဖြစ်သည်။

လွှတ်တော်အမတ်ဘဝ[ပြင်​ဆင်​ရန်​]

နယ်ပိုင်းမှ ဂုဏ်သရေရှိ လယ်သမားကြီးဖြစ်သူ ကရွမ်းဝဲလ်သည် ခရစ်ယာန်ဘာသာဝင်များထဲမှ နည်းမှန်လမ်းမှန် ကိုးကွယ်သူ၊ ထိုသို့ကိုးကွယ်ရန် လူအများကို စည်းရုံးသူဖြစ်သည်။ ၁၆၂၈ တွင်ပါလီမန်(လွှတ်တော်)သို့ ရွေးကောက် တင်မြှောက်ခံရသည်။ ဘုရင်က သက်ဦးဆံပိုင်ဘုရင်စနစ်ကိုသာ အသက်သွင်းလိုသည်ကြောင့် ခဏအတွင်းပင် ပါလီမန်ကို ဖျက်သိမ်းလိုက်သောကြောင့် ၄င်း၏ လွှတ်တော်အမတ်ဘဝမှာ ကြာကြာမခံပေ။

သို့သော် ၁၆၄၀ တွင် အင်္ဂလန်ဘုရင်က စကော့တလန်နှင့် စစ်တိုက်လိုသဖြင့် ပါလီမန်ကို အသစ်တဖန် ပြန်လည်ခေါ်ယူသည်။ ထိုပါလီမန်သစ်တွင် ကရွမ်းဝဲလ် ပြန်လည်ရွေးကောက်ခံရသဖြင့် အမတ်အဖြစ် ပြန်လာရသည်။ပြည်သူတို့ဖက်မှ ရပ်တည်သည့် ပါလီမန်အနေဖြင့် ဘုရင်အား စိတ်ထင်တိုင်း အုပ်ချုပ် ချယ်လှယ်ခွင့်ကို မပေးနိုင်ကြောင်း ထင်ရှားစွာပြသလာသကဲ့သို့ ဘုရင့်အနေဖြင့်လည်း မိမိအာဏာကို ပါလီမန်သို့ ခွဲမပေးလိုသဖြင့် ၁၆၄၂တွင် ဘုရင့်ဂိုဏ်းသားများနှင့် ပါလီမန်ဂိုဏ်းသားများ နှစ်ဖက်စတင်တိုက်တိုက်ခိုက်ကြသည်။

စစ်ဗိုလ်ချုပ်ဘဝ[ပြင်​ဆင်​ရန်​]

သို့နှင့် ကရွမ်းဝဲလ် တစ်ယောက် ဇာတိသို့ပြန်ပြီး မြင်းတပ်ဖွဲ့ကာ ဘုရင့်ဂိုဏ်းသားများနှင့် တိုက်ခိုက်မှုများတွင် တက်တက်ကြွကြွ ပါဝင်တော့သည်။ ပြည်တွင်းစစ်လေးနှစ်အတွင်း ကရွမ်းဝဲလ်၏ အစွမ်းကြောင့် ပါလီမန်ဂိုဏ်းသားများဖက်မှ အရေးသာရသည်။ ပါလီမန်ဖက်မှ အရေးသာကြောင်းထင်ရှားသည့် တိုက်ပွဲဖြစ်သော မာစတုန်းမိုးလ် တိုက်ပွဲ(၂၊ ဇူလိုင်၊ ၁၆၄၄) နှင့် ပါလီမန်ဖက်မှ အပြတ်အသတ် အနိုင်ရပြီဟု သတ်မှတ်နိုင်သည့် နေ့စ်ဘီတိုက်ပွဲ(၁၄၊ ဇွန်၊ ၁၆၄၅)များတွင် ကရွမ်းဝဲလ် ကောင်းစွာအစွမ်းပြပြီး အောင်နိုင်သည်။ ၁၆၄၆တွင် ဘုရင် ချားလ်(၁)အားဖမ်းမိသောကြောင့် စစ်ပြီး သောအခါ ကရွမ်းဝဲလ် အား ပါလီမန်စစ်တပ်၏ အတော်ဆုံးသော ဗိုလ်ချုပ်များအထဲမှ တစ်ဦးအဖြစ် အများကလက်ခံအသိအမှတ်ပြုကြသည်။ ပါလီမန်စနစ်တွင် သဘောထားတင်းမာသူအဖြစ်လည်း ထင်ရှားလာသည်။

သို့သော် ထိုအချိန်တွင် ပါလီမန်အတွင်းမှ ဆန္ဒချင်းမတူသူများ ရှိနေသဖြင့် အုပ်စုနှစ်ခုအဖြစ်သိသာစွာ ကွဲလေသည်။ ထိုသို့သော် အကွဲအပြဲကြောင့် ဘုရင်အား ကောင်းစွာ တရားရုံးတင် စစ်ဆေးနိုင်ခြင်း မရှိရာမှ ဘုရင်ချားလ်(၁) အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွားရသဖြင့် ဒုတိယအကြိမ် ပြည်တွင်းစစ်ထပ်မံ ဖြစ်ပွားရသည်။ ကရွမ်းဝဲလ် ဦးဆောင်သည့် တပ်များက ဘုရင့်ဘက်တော်သားများ တဖန်ပြန်လည် စည်းရုံးလှုပ်ရှားလာသည်ကိုကောင်းစွာ နှိမ်နှင်းနိုင်သကဲ့သို့ သဘောထား ပျော့ပြောင်းသည့် ပါလီမန်ဂိုဏ်းသားများကိုပါ ရှင်းလင်းဖယ်ရှားခဲ့သည်။ထိုနောက် ၁၆၄၉ တွင် ဘုရင် ချားလ်(၁) အားကွပ်မျက်လိုက်ပြီးနောက် ပြည်တွင်းစစ်ပြီးဆုံးသွားသည်။ ပါလီမန်မှာလည်း အင်အားအခိုင်အမာဖြင့် အာဏာကို ရယူထားနိုင်ပြီဖြစ်သည်။

အင်္ဂလန်မှာလည်း ဓနသဟာယနိုင်ငံဖြစ်လာပြီး နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီတွင် ကရွမ်းဝဲလ် ဥက္ကဌဖြစ်လာသည်။သို့သော် စကော့တလန် နှင့် အိုင်ယာလန် တို့တွင် ဘုရင့်ဂိုဏ်းသားများ အင်အားစုစည်းပြီး ချားလ်(၁)၏သားကို ချားလ်(၂)အဖြစ်နန်းတင်ပြီး ပုန်ကန်ရန် ပြင်ဆင်ကြောင်းသိသဖြင့် စကော့တလန် နှင့် အိုင်ယာလန် တို့ကိုတိုက်ခိုက်သည်။ ဘုရင့်ဂိုဏ်းသားများအား ခြေမှုန်းပြီး ၁၆၅၂ တွင် စစ်ပွဲပြီးဆုံးသည်။

နိုင်ငံအုပ်ချုပ်သူဘဝ[ပြင်​ဆင်​ရန်​]

တိုက်ပွဲများပြီးပြီဖြစ်သဖြင့် အစိုးရအသစ်ဖွဲ့ရန် ကြိုးပမ်းကြရာ ဖွဲ့စည်းပုံ တစ်ရပ် ရေးဆွဲကြသည်။သို့သော် ထင်သလောက် မလွယ်ကူပေ။ အကြောင်းမှာ ခရစ်ယာန်ဘာသာဝင်များအချင်းချင်း (ပရိုတက်စတင့် အချင်းချင်း၊ ပရိုတက်စတင့် နှင့် ကတ်သလစ်) အငြင်းပွားမှုများက အဓိကပြဿနာဖြစ်နေသောကြောင့်ဖြစ်သည်။

ကရွမ်းဝဲလ် အာဏာရချိန်တွင် သူနှင့်အတူ ၁၆၄၀ကပါလီမန်အမတ်အဖြစ် ရွေးကောက်ခံရသူမှာအနည်းငယ်သာကျန်တော့သည်။ ထိုလက်ကျန် အစုကို ရန့် ဟုခေါ်ကြသည်။ ပါလီမန်အသစ် ခေါ်ယူရန်ကြိုးပမ်းသော်လည်း မအောင်မမြင်ဖြစ်ပြီးနောက် ထိုရန့်အဖွဲ့ ကို ကရွမ်းဝဲလ် က (၂၀၊ ဧပြီ၊ ၁၆၅၃)တွင်အာဏာဖြင့် ဖျက်သိမ်းပြစ်လိုက်သည်။ ထိုနောက် ပါလီမန် သုံးကြိမ်ခေါ်ယူပြီး ဥပဒေများကို နှစ်ကြိမ်တိုင်တိုင် ပြဌာန်းသော်လည်း ခိုင်ခံမှုမရှိသဖြင့် မအောင်မြင်ပေ။ အမှန်တွင် ကရွမ်းဝဲလ် အနေဖြင့် စစ်တပ်ကိုပါ အုပ်ချုပ်နေရသောကြောင့် စစ်အာဏာရှင် ဟုဆိုနိုင်သည်။သို့သော် ကရွမ်းဝဲလ် သည် ဒီမိုကရေစီ ကျင့်ထုံးများကို အမြောက်အများပင် သုံးစွဲခဲ့သည်ကိုတွေ့ရသည်။ နောက်လိုက်များက ထင်ရှားအောင် မပံ့ပိုးပေးနိုင်သောကြောင့်သာ အောင်မြင်သင့် သလောက်မအောင်မြင်ဟု ဆိုနိုင်သည်။

၁၆၅၃ မှ ၁၆၅၈ ကွယ်လွန်ချိန်အထိ တိုင်းပြည်ကိုအုပ်ချုပ်နေချိန်များတွင် ရာထူးအခေါ်အေဝါ်အားဖြင့် ကာကွယ်ရေးမင်းကြီး (ဝန်ကြီး)ဟုသာခေါ်တွင်စေသည်။ အင်္ဂလန်အပြင် စကော့တလန်အိုင်ယာလန် တို့ကိုပါ အုပ်ချုပ်နေရသေးသည်။ နောက်လိုက်များက ရှင်ဘုရင်အဖြစ် ထီးနန်းသိမ်းပိုက်ရန် အကြံပြုသော်လည်း လက်မခံခဲ့ပေ။ယေဘုယျအားဖြင့် သူအုပ်ချုပ်ချိန်များအတွင်း တိုင်းပြည်ကောင်းကျိုးကို ကြိုးစားထမ်းရွက်သည်။ပြင်းထန် တင်းကျပ်သည့် ဥပဒေများကို သင့်တင့်အောင် ပြုပြင်ပေးသည်။ စည်းစနစ်ကျနသည့် အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ပေးသည်။ ပညာရေးကိုလည်း အားပေးသည်။ဘာသာရေးနှင့်ပတ်သတ်လျှင် သည်းခံခြင်းတရားကို လက်ကိုင်ထားစေသည်။ အယူဝါဒချင်းမတူသည့်အတွက် အက်ဒ်ဝပ်ဘုရင်လက်ထက် လွန်ခဲ့သည့် နှစ်၃၀၀ကျော်က အင်္ဂလန်မှ နှင်ထုပ်ခံခဲ့ရသည့် ဂျူးလူမျိုး များပြန်လည် လာရောက်အခြေချသည်ကို ခွင့်ပြုပြီး ၄င်းတို့၏ ဘာသာတရားကိုလည်း ကိုးကွယ်ခွင့်ပြုသည်။ နိုင်ငံခြားရေးတွင်လည်း အထူးအောင်မြင်သည်ဟု ဆိုသည်။၁၆၅၈၊ လန်ဒန်တွင် ငှက်ဖျားရောဂါဖြင့် ကရွမ်းဝဲလ် ကွယ်လွန်သည်။

နောက်ဆက်တွဲ[ပြင်​ဆင်​ရန်​]

ကရွမ်းဝဲလ်ကွယ်လွန်ပြီးနောက် သားဖြစ်သူရစ်ချက်ကရွမ်းဝဲလ် အဖအရာကိုဆက်ခံပြီးအုပ်ချုပ်သည်။သို့သော် အချိန်တို အတွင်း ဘုရင့်ဂိုဏ်းသားများ အင်အားပြန်ကောင်းလာသဖြင့် ၁၆၆၀တွင် ဘုရင်ချားလ်(၂) ထီးနန်းအာဏာ ပြန်သိမ်းသည်။ အိုလီဗာ ကရွမ်းဝဲလ် ၏ ရုပ်ကလာပ်ကို ပြန်လည်တူးဖေါ်ကာ အိမ်တံစက်မြိတ်တွင် ချိတ်ဆွဲကာ ရှုံချစေသည်။ထိုကဲ့သို့ သေးသိမ်သည့် လုပ်ရပ်မှာ လူအများစိတ်တွင် သက်ဦးဆံပိုင်စနစ်အား များစွာ အရိုသေတန်စေသည်ဟု ဘုရင့်ဂိုဏ်းသားများ လုံး၀နားမလည်ခဲ့ချေ။ လူအများထောက်ခံမှုမရသည့် သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အစပျိုးချိန်များများမရလိုက်ပဲ ၁၆၈၈တွင် သွေးထွက်သံယိုမှုကင်းသည့် အာဏာသိမ်းပွဲဖြသစ်ပွားကာ ပါလီမန် ဒီမိုကရေစီ စနစ်ကိုထူထောင်လိုက်ကြတော့သည်။ သက်ဦးဆံပိုင် ဘုရင်မှသည် စည်းမျဉ်းခံဘုရင် အဖြစ်သို့လျောကျသွားပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာမှာ ပါလီမန်လက်တွင်းသို့ ရောက်ကာ အင်္ဂလန်နိုင်ငံ၏ ခေတ်သစ်တစ်ရပ်ကိုဖော်ဆောင်နိုင်သည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]