နေ့စ်ဘီတိုက်ပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နေ့စ်ဘီတိုက်ပွဲ(၁၆၄၅)[ပြင်​ဆင်​ရန်​]

နေ့စ်ဘီတိုက်ပွဲသည် အင်္ဂလန်နိုင်ငံတွင် သက်ဦးဆံပိုင်အာဏာဖြင့် အုပ်ချုပ်သောဘုရင်စနစ်နှင့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ပါလီမန်စနစ်တို့အကြား နှစ်ဖက်အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်းစစ်၏ အဆုံးအဖြတ်ကိုပေးသော တိုက်ပွဲကြီးဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် အနိုင်ရသော ပါလီမန်တပ်များသည် ဘုရင်စနစ်ကိုပယ်ဖျက်ကာ ခေတ္တမျှလွတ်လပ်သော သမ္မတနိုင်ငံမျိုးဖြင့် အုပ်ချုပ်နိုင်ခဲ့ကြသည်။ နောင်ပိုင်းတွင် ဘုရင်စနစ်ဖြင့် ပြန်လည်အုပ်စိုးခဲ့သည့်တိုင် သက်ဦးဆံပိုင်ဘုရင်စနစ်နေရာတွင် ပါလီမန်မှအုပ်ချုပ်သော စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲနိုင်ခဲ့ကြသည်မှ ယနေ့တိုင်ဖြစ်သည်။

နောက်ခံသမိုင်း[ပြင်​ဆင်​ရန်​]

ကတ်သလီအယူရှိသော ချားလ်(၁) ဘုရင်ဦးဆောင်သည့် မင်းမျိုးနွယ်များနှင့် ပရိုတက်စတင့်အယူရှိသည့် အများပြည်သူတို့အကြား မပြေလည်မှုမှစကာ တစ်စစဖြင့် ပြဿနာများကြီးထွားရှုပ်ထွေးလာပြီး ပြည်တွင်းစစ်သို့ဦးတည်လာသည်။ ချားလ်(၁) အနေဖြင့် အဘက်ဘက်မှ အသာရသော်လည်း ပြည်သူတို့ကို ကိုယ်စားပြုသည့် ပါလီမန်ဖက်မှ သောမက်စ် ဖဲယားဖက်စ်(Thomas Fairfax)နှင့် အိုလီဗာ ကရွမ်းဝဲလ် တို့ဦးဆောင်သည့် စံပြတပ်မတော်သစ် (The New Model Army) ဖွဲ့စည်းကာ တန်ပြန်တိုက်ခိုက်လာချိန်တွင်မူ ဘုရင့်တပ်များအနေဖြင့် ရှုံးပွဲများကြုံတွေ့လာရတော့သည်။ မာစတုန်းမိုးလ် တိုက်ပွဲ(၂၊ ဇူလိုင်၊ ၁၆၄၄)အပြီးတွင် ပါလီမန်တပ်များဖက်မှ ထင်ထင်ရှားရှား အရေးသာလာပြီးနောက်တွင် အဆုံးအဖြတ်အတွက် အရေးပါသောတိုက်ပွဲကြီး ဆင်နွှဲရန်အတွက် နှစ်ဖက်တပ်များသည် နော်တန်တွန်ရှိုင်းယား စီရင်စုရှိ နေ့စ်ဘီရွာအနီးသို့ ရောက်ရှိလာကြသည်။ ပါလီမန်တပ်များမှာ အင်အား ၁၃၀၀၀ကျော်၊ ဘုရင့်တပ်များမှာ အင်အား ၉၀၀၀ကျော် ဖြစ်သည်။

တိုက်ပွဲစဉ်[ပြင်​ဆင်​ရန်​]

၁၄ရက်၊ ဇွန်လ၊ ၁၆၄၅ခုနှစ်တွင် တောင်ကုန်းထူထပ်ပေါများသော နေ့စ်ဘီရွာအနီးတွင် နှစ်ဖက်စစ်ဆိုင်မိကြသည်။ ထူထပ်သောတောင်ကုန်းများမှာ တစ်ဖက်နှင့်တစ်ဖက်တို့ မမြင်နိုင်လောက်အောင်ပင် ရှိနေသဖြင့် အပြန်အလှန်ကင်းထောက်လွှတ်ကြသည်။ ဘုရင့်တပ်များမှ တပ်မှူးတစ်ဦးဖြစ်သည့် ရူးပတ်မင်းသား(Prince Rupert) သည် ကိုယ်တိုင်တပ်အချို့ကို ဦးစီးလျက် ကင်းထောက်ထွက်လေသည်။ ထိုသို့ထွက်ရာတွင် ပါလီမန်တပ်မှ မြင်းတပ်အချို့ ဆုပ်ခွာသည်ကိုတွေ့ကာ ရူးပတ်မင်းသားက နောက်မှလိုက်တိုက်လေသည်။ ၄င်းစိတ်တွင် မျက်စိရှေ့တွင်ရှိသော မြင်းတပ်မှာ ပါလီမန်တပ်များ၏ မြင်တပ်အင်အားအကုန်ဟု ယူဆကာ အမှားကျူးလွန်မိခြင်းဖြစ်လေသည်။

ဖဲယားဖက်စ် ဦးဆောင်သောတပ်များတွင် ဘယ်တောင်ပံ၌ တပ်ရင်းကြီးတစ်ရင်းကို တောင်ကုန်းများနောက်တွင် ကွယ်ဝှက်ထားပြီး ရူးပတ်မင်းသားကို စစ်မြူသည်။ ဘုရင့်တပ်များက တောင်ကုန်းပေါ်အထိ တက်လာသည့်အချိန်တွင်မှ ဖဲယားဖက်စ်က ဖွက်ထားသော တပ်ရင်းကြီးတစ်ခုလုံးအား ထုတ်သုံးကာ ဝိုင်းပတ်တိုက်သဖြင့် ဘုရင့်တပ်များ အထိနာသည်။ မြင်းတပ်တိုက်ပွဲများတွင်လည်း အစဦးတွင် ဘုရင့်တပ်များက ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်တိုက်ခိုက်သဖြင့် ပါလီမန်တပ်များအထိနာသော်လည်း နောက်ပိုင်းတွင် တောတောင်ထူထပ်သော နေရာများသို့ မျှားခေါ်ကာ လေးမြှားတို့ကို သုံး၍ ချုံခိုတိုက်ခိုက်ကြသဖြင့် ဘုရင့်မြင်းတပ်လည်း အကျအဆုံးများလေသည်။ သို့သော် တိုက်ခိုက်မှုများကား အရှိန်ကျမသွားဘဲ ဆက်လက်၍ အပြင်းအထန်တိုက်ခိုက်နေကြဆဲဖြစ်လေသည်။

ပစ္စတိုများ၊ ဓါးများဖြင့် အကြိတ်အနယ် ထိုးခုတ်ပစ်ခတ်ကြရင်းမှ အလယ်စစ်မျက်နှာမှ ရူးပတ်မင်းသားဦးဆောင်သည့် ဘုရင့်တပ်များက ပါလီမန်တပ်များကို ဖိတိုက်လာနိုင်ပြီး ပါလီမန်တပ် ၃ တပ်ပျက်ကာ မြင်းတပ်လည်း ဖရိုဖရဲဖြစ်စပြုလာသည်။ သို့သော် အခွင့်ကောင်းကို မယူနိုင်သော ဘုရင့်တပ်များက ထိုအခြေအနေကို လက်လွတ်ခံကာ ရန်သူ့မြင်းတပ်ကိုကျော်၍ နောက်တွင်ရှိနေသော ရထားတန်း(Baggage Trains) ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ အကျိုးဆက်အနေဖြင့် ရူးပတ်မင်းသားတပ်များသည် ပါလီမန်တပ်များ၏ ရထားတန်းကို ရယူနိုင်လိုက်သော်လည်း စစ်မြေပြင်ရှိရာသို့ ပြန်အရောက်တွင် ပါလီမန်တပ်များ အင်အားပြန်စုစည်းမိပြီးဖြစ်နေကာ ဘုရင့်တပ်များအပေါ်တွင် အသာစီးရလျက်ရှိနေသည်။

ပါလီမန်တပ်များဖက်မှ နာမည်ကျော် စကစ်ပွန်တပ်ရင်းကြီးမှ ကြံ့ကြံ့ခံ၍ ဘုရင့်တပ်များအား တုန့်ပြန်နိုင်သဖြင့် ဖဲယားဖက်စ်၏ ကွယ်ဝှက်ထားသောအရံတပ်များက နောက်မှပတ်တိုက်နိုင်ခြင်းဖြစ်သည်။ သို့ဖြင့်တိုက်ပွဲ၏ ဗဟိုချက်မှာ ညာတောင်ပံသို့ရောက်လာပြီး အဆုံးအဖြတ်အဖြစ် ကရွမ်းဝဲလ်၏ စံပြမြင်းတပ် (Cronwell's Ironside Coudarmy)က ဘုရင့်တပ်များကို တလစပ်ဖိအားပေးတိုက်နိုင်သဖြင့် ဘုရင့်တပ်များပြိုပျက်ကာ ဖရိုဖရဲထွက်ပြေးကြရတော့သည်။ ထိုအချိန်မှ စစ်ပြေပြင်သို့ပြန်ရောက်လာသည့် ရူးပတ်မင်းသားနှင့် သူ၏တပ်များသည် ပါလီမန်တပ်များအား ရင်ဆိုင်နိုင်ခြင်းမရှိတော့ဘဲ ဆုပ်ခွာနေသည့် ဘုရင့်တပ်များနှင့်အတူ လိုက်ပါသွားရတော့သည်။

ဖဲယားဖက်စ်က ရန်သူ့ရထားတန်းကို မလိုက်ဘဲ ရန်သူများနောက်သို့သာ ထပ်ချပ်လိုက်လံတိုက်ခိုက်သဖြင့် ဘုရင့်တပ်မှ တပ်သား၅၀၀၀ကျော်ကို ဖမ်းဆီးရရှိသည်။ ဘုရင့်အမြောက်တပ်နှင့် ဘုရင့်စာရွက်စာတမ်းများကိုလည်း သိမ်းယူလိုက်နိုင်သည်။ ထိုမှနောက်တစ်နှစ်အကြာအထိ နှစ်ဖက်တပ်များပြန်လှန်တိုက်ခိုက်ကြသေးသော်လည်း အင်အားစုစည်းနိုင်ခြင်းမရှိတော့သည့် ဘုရင့်တပ်များ အရှုံးဆက်ကာ နောက်ဆုံးတွင် ဘုရင်ချားလ်(၁) အားဖမ်းဆီးကာ ကွပ်မျက်နိုင်ခဲ့သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ - သောင်းထိုက်