အာရညကင်ဓုတင်

ဝီကီပီးဒီးယား မှ

အာရညကင်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ အာရညကင်ဓုတင် ဆောက်တည်သည့် ရဟန်းသည် အနီးဆုံးရွာနှင့် လေးအတတ်သင်ဆရာ၏ ညှို့တင်ထားသော ကုလလေးနှင့် အပြန်ငါးရာ အနည်းဆုံး ဝေးကွာသော တောရကျောင်း၌ နေရသည်။ အကြောင်းကိစ္စ တစ်ခုခုဖြင့် ရွာအတွင်း၌ နေရသော်လည်း အရုဏ်မတက်မီ တောရကျောင်းသို့ ပြန်လာပြီးလျှင် တောရကျောင်း၌ပင် အရုဏ်တက်စေမူ ဓုတင်မပျက်ပေ။

ဤတွင် အာရညကကင်ဓုတင် လောက်သော အကွာအဝေးကို “အလယ်အလတ်ဖြစ်သော ဒေသတောင်တာဖြင့် ယူလျှင်ပင် ဆိတ်ငြိမ်ရာ ဝိဝေကကို ရတော့သည်။ ထို့ကြောင့် မြန်မာဒေသ၌ အများသုံးကြသည့် ဟင်္သာတောင် (၁၈ လက်မ)၊ သံတောင် (၂၄ လက်မ) တို့ဖြင့် လေးတောင်တာကို ကုလလေးတာဟု ယူသင့်သည်” ဟု မဟာဝိသုဒ္ဓါရာမဆရာတောဘုရားကြီးက ပရမတ္ထ သရူပဘေဒနီကျမ်း ဒုတိယတွဲ၊ စာမျက်နှာ ၁၁၅ တွင် ဆုံးဖြတ်ထားသည်။[၁]

မှတ်ချက် ။ ။ ကုန်သည်များ လမ်းခုလတ်၌ ယာယီစခန်းချ၍ ၄-လ အထက်နေလျှင် ထိုအရပ်သည်လည်း ဂါမ(ရွာ) မည်၏။


တိုင်းတာပုံ[ပြင်ဆင်ရန်]

တိုင်းတာရာဝယ် ရွာနေသူ လူတို့၏အသံကို ကြားနိုင် လောက်အောင် ရွာနှင့် တောရကျောင်း နီးကပ်နေသော်လည်းတောင် မြစ် စသည်တို့ ခြားသဖြင့် ဖြောင့်ဖြောင့်မသွားနိုင်လျှင် အများသွား လမ်းရိုးအတိုင်း အဝေးအကွာတိုင်းတာရသည်၊ လှေခရီးဖြင့် သွားလာရလျှင် လှေလမ်းခရီးဖြင့်သာ တိုင်းတာ ရသည်။ တောရအင်္ဂါ တာ-၅၀၀ ပြည့်စေရန်အတွက် အနီးအနားရွာ၏ လမ်းခရီးများကို မပိတ်မဆိုကောင်း၊ ပိတ်ဆို့လျှင် ဓုတင်္ဂစောရ ဓုတင် သူခိုးဖြစ်၏[၂] [၃]

ဆောက်တည်ပုံ[ပြင်ဆင်ရန်]

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် ဂါမန္တသေနာသနံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ ရွာကျောင်းကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊

အာရညိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ တော၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

ဓုတင်အပျက်ခံရမည့်အချိန်[ပြင်ဆင်ရန်]

အာရညကင် ဓုတင်ဆောင် ရဟန်း၏ ဆရာဥပဇ္ဈာယ် မကျန်းမာခဲ့သော် ရွာတွင်း ကျောင်းသို့ပင့်ဆောင်၍ ပြုစု လုပ်ကျွေးသင့်သည်၊ နံနက်စောစော ရွာမှထွက်၍ တောရ အင်္ဂါ လုံလောက်သော အရပ်၌ အရုဏ် တက်စေရ၏။ အရုဏ်တက်စေသင့်ရာအခါ၌ ဆရာ ဥပဇ္ဈာယ်တို့၏ ရောဂါတိုးပွား အခြေအနေ မကောင်းလျှင် ဆရာဥပဇ္ဈာယ်တို့၏ အမှုကိစ္စကိုသာ ပြုလုပ်ရာသည်။ ဓုတင်ကို ပမာဏ မပြုသင့် [၄][၃]

နှလုံးသွင်း[ပြင်ဆင်ရန်]

ယင်း ဓုတင် ဆောက်တည်သော ရဟန်းသည် ဓုတင်တို့ကို စောင့်ရှောက် မည်ဟု၎င်းရွာ ကျောင်း၌ နေရသည်မှာ စိတ်ပျံ့လွင့်သည်၊ တောကျောင်း၌နေမှ သင့်လျော်မည်ဟု၎င်း တောကျောင်း၌ နေရလျှင် ဝိဝေက ၃-မျိုးတို့တွင် တမျိုးမျိုးကို မုချ ရလိမ့်မည်ဟု၎င်း အရဟတ္တဖိုလ်ကို မရသမျှ တောမှ မထွက်အံ့ ဟု၎င်း တော၌နေခြင်းကို ဘုရားရှင် ချီးမွမ်းတော်မူသည်, တော၌ မိမိနေခဲ့လျှင် များစွာသော သီတင်းသုံးဖော်တို့သည်လည်း ရွာ ကျောင်းကို စွန့်ခွါ၍ တော၌ နေကြလိမ့်မည်ဟု၎င်း နှလုံးသွင်း ဆင်ခြင်ကာ တော၌ နေရသည် [၅] [၃]

ဓုတင်ဆောင် ရဟန်း ၃-မျိုး[ပြင်ဆင်ရန်]

ဤ၌လည်း (၁) အမြတ်စား (= ဥက္ကဋ္ဌ) ဓုတင် ဆောင်ရဟန်းသည် အခါခပ်သိမ်း တော၌သာ အရုဏ်တက်စေရသည်။

(၂) အလတ်စား (= မဇ္ဈိမ) ဓုတင်ဆောင် ရဟန်းသည် မိုး ၄-လပတ်လုံး ရွာကျောင်း၌ နေနိုင်၏။

(၃) အညံ့စား (= မုဒုက)ဓုတင်ဆောင်ရဟန်းသည် ဆောင်း ၄-လ၌လည်း ရွာကျောင်း၌ နေနိုင်သည်။ [၃]


ဓုတင် ပျက်စီးခြင်း[ပြင်ဆင်ရန်]

ယင်းရဟန်း ၃-မျိုးလုံးပိုင်းခြားအပ်သော အချိန်အတွင်း၌ ရွာကျောင်းသို့လာ၍ တရားနာစဉ် အရုဏ်တက်ခဲ့သော်၎င်း တရားနာပြီး အပြန် လမ်းခရီးအကြား၌ အရုဏ်တက်ခဲ့သော်၎င်း ဓုတင်မပျက်။ တရားပွဲအပြီးတွင် ခေတ္တခဏ အိပ်ပြီးမှ သွားအံ့ဟု နှလုံးသွင်း၍အိပ်နေစဉ် အရုဏ်တက်ခဲ့သော်၎င်း, အကြောင်း မလုံလောက်ပဲ အလိုအလျောက် အရုဏ် တက်စေခဲ့သော်၎င်း ဓုတင် ပျက်သည်။[၃]

ရွာကျောင်း၌ နေလိုသောစိတ်ဖြင့် အရုဏ်တက်ချိန်တွင် ရွာကျောင်း၌ နေသော ခဏ၌ပင် ဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

အာရညကဓုတင်ဆောင်ရကျိုး[ပြင်ဆင်ရန်]

  • (၁) အမှတ်သညာကို နှလုံးသွင်းလျက် မရသေးသော သမာဓိကို ရနိုင်ခြင်း ရပြီးသမာဓိကို စောင့်ရှောက်နိုင်ခြင်း
  • (၂) တောရကျောင်းနေ ရဟန်းကို ဘုရားရှင်နှစ်သက်အားရတော်မူခြင်း
  • (၃) မလျောက်ပတ်သော ရူပါရုံ စသည်တို့ကြောင့် စိတ်ပျံ့လွင့်မှု မရှိခြင်း
  • (၄) ထိတ်လန့်ခြင်းကင်းခြင်း
  • (၅) အသက်၌ ခင်မင်တွယ်တာမှုကို ပယ်စွန့်နိုင်ခြင်း,
  • (၆) ကာမဂုဏ်အာရုံတို့မှ ကင်းဆိတ်မှု ဟူသော ဝိဝေက သုခချမ်းသာ ဟူသော အကျိုးတို့ကို ရနိုင်၏။ [၆][၃]

တိုက်တွန်းချက်[ပြင်ဆင်ရန်]

  • -ဝိဝေကသုခ ချမ်းသာကိုရရှိသော၊
  • -လူတို့နှင့် ရောနှောခြင်းမရှိသော၊
  • -အစွန်အဖျားကျသော တောကျောင်း၌ မွေ့လျော်သော၊
  • -ဘုရားရှင်၏ စိတ်နှလုံးတော်ကို နှစ်သက်စေတတ်သော
  • တောနေပုဂ္ဂိုလ်သည်… -အရဟတ္တဖိုလ်ချမ်းသာတိုင်အောင် မျက်မှောက်ပြုရ၏။
  • -တောနေပုဂ္ဂိုလ်၏ ဝိဝေကသုခရသ ကို သိကြားမင်းနှင့်တကွ နတ်တို့သည် မခံစားကြရကုန်။

ပြည့်ရှင်မင်းသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်၍ စစ်မြေပြင်သို့ဝင်ရောက်သကဲ့သို့၊ ဤ တောနေပုဂ္ဂိုလ်သည်လည်း ပံသုကူသင်္ကန်းတည်း ဟူသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်၍ အာရညကင်ဓုတင် စစ်တပ်နှင့်တကွ အခြားဓုတင်တည်းဟူသော လက်နက်တို့ကို စွဲကိုင်၍ တောကျောင်းတည်းဟူသော စစ်မြေပြင်သို့ ရောက်သောအခါ၊ အနုသယတည်းဟူသော စစ်တပ်နှင့်တကွ ကိလေသာမာန် သူပုန်ရန်တို့ကို အောင်မြင်ခြင်းသို့ မကြာမီပင်ရောက်အောင် စွမ်းဆောင်နိုင်ပေ၏။

ထို့ကြောင့် ဉာဏ်ပညာရှိသော ယောဂီရဟန်းတို့သည် တောအရပ်ကိုချစ်ခင်၊ တော၌နေခြင်းကို မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းကို ပြုသင့်လှပေ၏။ [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. (ဝိ၊ဋ္ဌ၊၂၊၃၀၈−၉။ ဝိသုဒ္ဓိ၊၁၊၇၀)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ တိပိဋကအဘိဓာန် အတွဲ-၁၁
  4. (ဝိသုဒ္ဓိ၊၁၊၇၀)
  5. (ဝိ၊ဋ္ဌ၊၂၊၉၃။ ဝိ၊သင်္ဂဟ၊၂၅)။
  6. (ဝိသုဒ္ဓိ၊၁၊၇၀။)
  7. သဗြဟ္မစာရီ-ဓမ္မဝိနယ