ဟင်းမင်းဝေး၊ အားနက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အားနက် ဟဲမင်းဝေး

ဟင်းမင်းဝေး, အားနက် (ခရစ် ၁၈၉၈-၁၉၆၁)[ပြင်​ဆင်​ရန်​]

ဆရာဝန်တစ်ဦး၏ သားဖြစ်သော အားနက်ဟင်းမင်းဝေးသည် ၁၈၉၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ အီလီနွိုင်ပြည်နယ်၊ အုတ်ပတ်တွင် ဖွားမြင်ပြီးလျှင်၊ ထိုနေရာ၌ပင် ကြီးပြင်းလေသည်။ ၁၉၁၇ ခုနှစ်တွင် ထိုဒေသရှိ တန်းမြင့်ကျောင်းမှ နောက်ဆုံးအတန်းကို အောင်မြင်ပြီးသော အခါတွင် ကန်းဆပ်စီးတီးစတား စာစောင်တွင် လအနည်းငယ် သတင်းထောက်အဖြစ်လည်း ဆောင်ရွက်ခဲ့သေးသည်။ ပထမကမ္ဘာစစ်အတွင်းတွင် လူနာတင် မော်တော်ယာဉ် မောင်းသူအဖြစ် အီတလီနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုသို့ လူနာတင် ယာဉ်မောင်းသမားအဖြစ် အတွေ့အကြုံများကို မူတည်ပြီးလျှင် ၁၉၂၆ ခုနှစ်တွင် လက်နက်များကို နှုတ်ဆက်ခြင်းခေါ် ဝတ္ထုကို ရေးသား ထုတ်ဝေလိုက်ရာ စစ်အကြောင်းနှင့်စပ်လျဉ်း၍ ထုတ်ဝေသော အမေရိကန်ဝတ္ထုများနက် အကျော်ကြားဆုံး ဖြစ်သည်ဟု သတ်မှတ်ခြင်း ခံရသည်။ ဟင်းမင်းဝေးသည်ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် အတန်ကြာ နေထိုင်ခဲ့ပြီးလျှင် စပိန်နိုင်ငံနင့် အာဖရိကတိုက် အတွင်း လှည့် လည်သွားလာနေထိုင်ခဲ့လေသည်။ စပိန်ပြည်တွင်းစစ်ဖြစ်ပွားနေ ချိန်တွင် ဟင်းမင်းဝေးသည် စပိန်နိုင်ငံ၌ နေထိုင်လျက်ရှိရာ၊ ထိုပြည်တွင်းစစ် အတွေ့အကြုံများကို မူတည်၍ ခေါင်းလောင်း ထိုးသံ ဘယ်သူကံကို ရေးသားထုတ်ဝေခဲ့၏။ ထိုစာအုပ်ကို ၁၉၄ဝ ပြည့်နှစ်တွင် ထုတ်ဝေလိုက်သောအခါ အမေရိကန် ပြည်ထောင်စုအတွင်း၌ သူ့အား စာရေးဆရာကြီးအဖြစ် အသိ အမှတ်ပြုခြင်း ခံရလေသည်။ သူ၏ အကောင်းဆုံးသောလက်ရာ ဖြစ်သည်ဟုလည်း ဆိုလေသည်။ ဟင်းမင်းဝေးသည် ပထမကမ္ဘာစစ်ကြီးနှင့် ဒုတိယကမ္ဘာစစ်ကြီးတို့အကြားတွင် အထက်၌ ဖော်ပြခဲ့ပြီးသော စာအုပ်များနှင့် အခြားနာမည်ကျော် ဝတ္ထုများစွာကို ရေးသားခဲ့သည်။ သူ၏ လက်ရာများတွင် သူ၏ဘဝ အသေးစိတ်အပိုင်းများ ကဏ္ဍအလိုက်ပါဝင်ခဲ့လေသည်။ စစ်၏ဒဏ်ရာဒဏ်ချက် ကြောက်မက်ဖွယ်အကြောင်းကို လက်နက်များကို နှုတ်ဆက်ခြင်းတွင် အထူးတလည် ဖော်ပြထားကာ၊ စပိန်နိုင်ငံ နွားကစားသမားများနှင့် တွေ့ဆုံရင်းနှီးခဲ့ပုံကို အကြောင်းပြုလျက် ညနေခင်းမှာ သေသောခါဝတ္ထုကို ရေးသားခဲ့၍၊ နွားကစားပွဲများအကြောင်းကို နေသည်လည်း ထွက်လာပြန်သောအခါ ဝတ္ထုတွင် တင်ပြထားလေသည်။ အမဲပစ်ခြင်းအကြောင်းကို ကီလီမန်ဂျရို ၏ ဆီးနှင်းများဝတ္ထုတွင် တွေ့ရှိနိုင်ပြီးလျှင် ငါးမျှားခြင်းအကြောင်း ကို ပင်လယ်ပြာနှင့်တံငါအိုဝတ္ထုတွင် အသေးစိတ် ဖတ်ရှုနိုင်လေသည်။ ထို ပင်လယ်ပြာနှင့်တံငါအို ဝတ္ထုကို အကြောင်းပြု၍ ဟင်းမင်းဝေးသည် ၁၉၅၃ ခုနှစ်တွင် ပူလစ်ဇာဆုကို ရရှိခဲ့၏။ ပင်လယ်ပြာနှင့်တံငါအိုဝတ္ထုမှာ ဟင်းမင်းဝေးရေးသားခဲ့သမျှ ဝတ္ထုတို့တွင် အကြောင်းအရာအားဖြင့် အရိုးဆုံးဟုပင် ဆိုနိုင်သည်။ တံငါအိုတယောက် လှေငယ်ဖြင့် ငါးဖမ်းထွက်ရာတွင် သူမျှော်လင့်သည်ထက်ပင် ကြီးမားနေသောငါးကြီးတကောင် ငါးမျှားချိတ်တွင် မိနေသဖြင့် ငါးကြီးနောက်သို့ ရက်ပေါင်းများစွာ မျှောလိုက်ကာ အသေဖမ်းယူရပုံ၊ ငါးသေကြီးကို တွဲယူလာရာတွင် လမ်းတလျှောက် ငမန်းအုပ်ကြီးက လိုက်လံ၍ ငါးသေကြီးကို ကိုက်ဖြတ်ဆွဲယူစားသောက်ကြပုံ၊ ထိုငမန်းအုပ်ကြီးနှင့် အကြိတ်အနယ် တိုက်ခိုက်ရပုံ၊ နောက်ဆုံး ကမ်းသို့ရောက်ချိန်တွင် အလေးချိန်ပေါင် ၁ဝဝဝ ကျော်ရှိသော ငါးကြီးမှာ အရိုးစုမျှသာ ကျန်တော့သည်ကို တွေ့ရ၍ တံငါအို စိတ်၌ မည်သို့ခံစားရပုံတို့ကို ဖော်ပြထား၏။ ဝေဖန်ရေးဆရာ များက ဝတ္ထုတွင်းမှ တံငါအို၏ ခံစားချက်တို့မှာ ဟင်းမင်းဝေး သည် သူ၏မအောင်မြင်သောမြစ်ကိုဖြတ်၍ တောတွင်းဆီသို့ ဝတ္ထုထွက်ပြီးနောက် သူကိုယ်တိုင် ခံစားရသော စိတ်နေ စိတ်ထားတို့ကို ဖော်ပြထားခြင်းပင် ဖြစ်သည်ဟု ဆိုကြလေသည်။ ဟင်းမင်းဝေးသည် ၂ဝရာစုနှစ်အတွင်း အထူးခြားဆုံးနှင့် အထင်ရှားဆုံးသော အမေရိကန်စာရေးဆရာတစ်ဦး ဖြစ်သည်ဟု ဆိုကြလေသည်။ ဟင်းမင်းဝေးသည် ဘဝစုံခြင်း၊ မှတ်ဉာဏ် ကောင်းခြင်း၊ ဒေသန္တရဗဟုသုတ ပြည့်ဝခြင်းစသော အချက် အလက်များနှင့် ပင်ကိုယ်ထူးချွန်ခြင်းတို့ကြောင့် ကမ္ဘာကျော် စာရေးဆရာကြီး အဖြစ်သို့ ရောက်ခဲ့သည်ဟု ဆိုရပေမည်။ ဟင်းမင်းဝေးသည် ၁၉၅၄ ခုနှစ်တွင် နိုဗဲစာပေဆုကြီးကို ဆွတ်ခူး ရရှိခဲ့သည်။ ဟင်းမင်းဝေးသည် ၁၉၆၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် သေနတ်ထိမှန် သေဆုံးခဲ့၏။ ဟင်းမင်ဝေး သေဆုံးပုံနှင့် စပ်လျဉ်း၍ သတင်းစာကြီး အများက အမဲပစ်ထွက်ရန် သေနတ်တိုက်ချွတ်နေယင်း မတော်တဆ ကျည်ဆန်ထွက် ထိမှန်သေဆုံးရသည်ဟု ဖော်ပြကြ၍၊ သတင်းစာကြီးတစောင် ကမူ မိမိကိုယ်မိမိ သတ်သေခြင်း ဖြစ်သည်ဟု ဖော်ပြလေသည်။ ဟင်းမင်းဝေး ရေးသားခဲ့သော အခြားဝတ္ထုများမှာ ကျွန်ုပ် တို့ခေတ်တွင် (၁၉၂၄)၊ နိုင်သူ ဘာမျှ မရ (၁၉၃၃)၊ အာဖရိက တောင်စိမ်းများ(၁၉၃၅) နှင့် ရှိပြီး မရှိခြင်း (၁၉၃၇) ဝတ္ထု စသည်တို့ ဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)