သေဒဏ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သေဒဏ်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင် အဖွဲ့အစည်းမှ တရားဥပဒေ ကြောင်းအရ ရာဇဝတ်မှု တစ်ခု အတွက် အပြစ်ဒဏ်ပေးသည့် အနေဖြင့် သတ်စေခြင်းကို ဆိုလိုသည်။ အင်္ဂလိပ်ဘာသာဖြင့် Capital punishment ဟု သုံးနှုန်းလေ့ ရှိကြပြီး လက်တင်ဘာသာ capitalis မှ ဆင်းသက်လာသည်။ လက်တင်ဘာသာတွင် ခေါင်းနှင့်ဆိုင်သော ဟု အဓိပ္ပာယ်ရပြီး ရှေးယခင်ခေတ်များက ခေါင်းဖြတ်သတ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။


သေဒဏ်ပေးခြင်းကို ရှေးယခင်အခါက လူ့အဖွဲ့အစည်း အားလုံးလိုလိုတွင် ကျင့်သုံးခဲ့ကြသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၅၈ နိုင်ငံသာ ဆက်လက် ကျင့်သုံးလျှက် ရှိပြီး နိုင်ငံပေါင်း ၉၇ နိုင်ငံမှ တရားဝင် ပယ်ဖျက်ပြီး ဖြစ်သည်။ ကျန်ရှိသော နိုင်ငံများမှာ ၁၀ နှစ်ကျော်မှ ကျင့်သုံးမှု မရှိခြင်းနှင့် ခြွင်းချက်အနေနှင့် စစ်ပွဲကာလ အတွင်းတွင်သာ ကျင့်သုံးခြင်းမျိုးသာ ရှိသည်။ [၁] သေဒဏ်ပေးခြင်း ကိစ္စမှာ နိုင်ငံ အတော်များများတွင် အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ပြီး နိုင်ငံရေး သဘောတရား တူညီသူများ နှင့် ယဉ်ကျေးမှု တူညီသူများ တွင်ပင် အယူအဆ အမျိုးမျိုး ကွဲပြားမှု ရှိသည်။ ဥရောပ သမဂ္ဂ၏ အဖွဲ့ဝင် နိုင်ငံများတွင် ဥရောပသမဂ္ဂ၏ အခြေခံ အခွင့်အရေး ပြဌာန်းချက် အပိုဒ် (၂)မှ သေဒဏ်ပေးခြင်းကို တားမြစ် ထားသည်။[၂]

ယခုလက်ရှိတွင် အမ်နက်စတီ အင်တာနေရှင်နယ် (Amnesty International) အဖွဲ့အစည်းမှ နိုင်ငံ အတော်များများကို သေဒဏ်ပေးမှု ဖျက်သိမ်းခြင်းကို သဘောတူညီသူများ အဖြစ် သတ်မှတ်ထားသည်။[၃] ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၀ ခုနှစ်များတွင် တကမ္ဘာလုံး အတိုင်းအတာနှင့် သေဒဏ်ပေးမှုကို ဆိုင်းငံပြီး နောက်ဆုံးတွင် ဖျက်သိမ်းကြရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။[၄] နိုင်ငံအတော်များများတွင် သေဒဏ်ပေးမှုကို ဖျက်သိမ်းပြီး ဖြစ်သော်လည်း ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် သေဒဏ်ပေးခြင်း မဖျက်သိမ်းသေးသော နိုင်ငံများတွင် နေထိုင်နေကြသေးသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအမေရိကန်ပြည်ထောင်စုအိန္ဒိယနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ အစရှိသော ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးသော နိုင်ငံကြီးများက သေဒဏ်ပေးခြင်းကို ဆက်လက်ကျင့်သုံး နေကြသောကြောင့်ပင် ဖြစ်သည်။ (အမေရိကန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့သာ ရှားရှားပါးပါး တခါတရံမှသာ သေဒဏ်ပေးလေ့ ရှိသည်။) ထိုနိုင်ငံ ၄ နိုင်ငံ စလုံးသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့သည်။[၅][၆][၇][၈][၉][၁၀][၁၁] မြန်မာနိုင်ငံတွင်လည်း သေဒဏ်ပေးခြင်းကို တရားဝင် ဖျက်သိမ်းထားခြင်း မရှိပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ သေဒဏ်ပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးသော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရာဇဝတ်သားများနှင့် နိုင်ငံရေးပြိုင်ဖက်များကို သတ်ပစ်ခြင်းကို လူမှုအဖွဲ့အစည်း အတော်များများတွင် ကျင့်သုံးခဲ့ကြပြီး ရာဇဝတ်မှု အတွက် အပြစ်ပေးရန်နှင့် နိုင်ငံရေးဆိုင်ရာ ဆန့်ကျင်မှုများကို ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ သေဒဏ်ပေးခြင်း ကျင့်သုံးသော နိုင်ငံ အတော်များများတွင် သေဒဏ်ပေးခြင်းကို လူသတ်မှု၊ သူလျှိုမှု၊ နိုင်ငံတော် သစ္စာဖောက်မှု များ နှင့် စစ်ဘက်ဆိုင်ရာ တရားစီရင်မှုများတွင်သာ အသုံးပြုလေ့ ရှိသည်။ အချို့သော နိုင်ငံများတွင် မုဒိမ်းမှု၊ မယားခိုးမှု၊ မိသားစုဝင် အချင်းချင်း လိင်ဆက်ဆံမှု၊ သဘာဝနှင့် ဆန့်ကျင်၍ လိင်ဆက်ဆံမှု အစရှိသော လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ အတွက် သေဒဏ်ပေးခြင်း ပြုလေ့ ရှိသည်။ အစ္စလာမ်နိုင်ငံများတွင် နိုင်ငံတော်ဘာသာကို တရားဝင်ကြေငြာ စွန့်ပယ်ခြင်း အတွက် သေဒဏ်ပေးလေ့ ရှိသည်။ သေဒဏ်ပေးခြင်းကို ကျင့်သုံးသော နိုင်ငံ အတော်များများတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်ခြင်းသည်လည်း သေဒဏ်ပေးရလောက်အောင် ကြီးကျယ်သော ပြစ်မှု ဖြစ်သည်။ တရုတ်နိုင်ငံတွင် လူကုန်ကူးခြင်း နှင့် နိုင်ငံရေးဆိုင်ရာ အကြီးအကျယ် ခြစားခြင်းတို့ကိုလည်း သေဒဏ် အပြစ်ပေးလေ့ ရှိသည်။ နိုင်ငံတကာရှိ စစ်တပ်များတွင် သူရဲဘောကြောင်ခြင်း၊ တပ်ပြေးခြင်း၊ အမိန့်မနာခံခြင်း နှင့် တပ်တွင်း သူပုန်ထခြင်း ပြစ်မှုများတွင် စစ်ဘက်ဆိုင်ရာ တရားရုံးများမှ သေဒဏ်ချမှတ်လေ့ ရှိခဲ့ကြဖူးသည်။[၁၂]

၁၈၉၄ခုနှစ် ပြင်သစ်နိုင်ငံတွင် နိုင်ငံတော် ပုန်ကန်သူ ဩဂတ်စတီ ဗေးလင့်ကို ခေါင်းဖြတ်သတ်ရန် ခေါ်ဆောင်လာပုံ

တရားဝင် သေဒဏ်ပေးခြင်းသည် သမိုင်းတင်သည့် ခေတ်ဦး အစကပင် ရှိခဲ့သည်။ သမိုင်းမှတ်တမ်းများအရ ရှေ့ဦး မျိုးနွယ်စု အဖွဲ့အစည်းအမျိုးမျိုးသည် သေဒဏ်ပေးခြင်းကို ၎င်းတို့၏ တရားစီရင်ရေး စနစ်၏ တစိတ်တစ်ပိုင်း အဖြစ် အသုံးပြုခဲ့ကြသည်။ ထိုလူမှု အဖွဲ့အစည်းများတွင် အပြစ်ကျူးလွန်ခြင်း အတွက် ပေးတတ်သော အပြစ်ဒဏ်များမှာ အပြစ်ကျူးလွန်သူမှ လျော်ကြေးပေးစေခြင်း၊ နာကျင်စေအောင် အပြစ်ပေးခြင်း၊ ဝိုင်းကြဉ်ထားခြင်း၊ နယ်နှင်ဒဏ်ပေးခြင်းနှင့် သေဒဏ်ပေးခြင်းတို့ ဖြစ်ကြသည်။ လျော်ကြေးပေးခြင်းနှင့် ဝိုင်းကြဉ်ထားခြင်းတို့သည် များသောအားဖြင့် လုံလောက်သော ပြစ်ဒဏ်ပေးမှုများ ဖြစ်ခဲ့ကြသည်။ အနီးပတ်ဝန်းကျင်တွင် နေထိုင်သော မျိုးနွယ်စုများမှ ကျူးလွန်သော ပြစ်မှု အတွက်မူ တရားဝင် ဝန်ချတောင်းပန်ခြင်း၊ လျော်ကြေးပေးခြင်း နှင့် တိုက်ခိုက်သတ်ဖြတ်ခြင်း တို့ဖြင့် ဖြေရှင်းလေ့ ရှိကြသည်။

ပုံမှန်အားဖြင့် မိသားစု အချင်းချင်း သို့ မျိုးနွယ်စု အချင်းချင်း ညှိနှိုင်းဖြေရှင်းရာ အဆင်မပြေသော အခါတွင် သို့မဟုတ် ညှိနှိုင်းဖြေရှင်းနိုင်မည့် စနစ်တစ်ခု မရှိသည့် အခါတွင် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းများ ဖြစ်ပွားတော့သည်။ ထိုသို့သော ဖြေရှင်းမှုမှာ နိုင်ငံ သို့မဟုတ် ဘာသာရေး အပေါ်တွင် အခြေခံသော တရားစီရင်ရေး စနစ် မရှိသေးခင် အခါက အသုံးပြုကြသော နည်းလမ်းဖြစ်သည်။ ရာဇဝတ်မှု၊ မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းများမှ အစပြု၍ တိုက်ခိုက်သတ်ဖြတ်ခြင်းများ ဖြစ်ပွားလေ့ ရှိကြသည်။ လက်တွေ့တွင် လက်စားချေ ဖြေရှင်းရန် တိုက်ခိုက်သော စစ်ပွဲနှင့် အခြားသူအား အောင်နိုင်ရန် တိုက်ခိုက်သော စစ်ပွဲများကို ခွဲခြားရန် ခက်ခဲသည်။



ကိုးကား[ပြင်​ဆင်​ရန်​]

  1. Abolitionist and retentionist countries | Amnesty International. Amnesty.org. Retrieved on 23 August 2010
  2. Charter of Fundamental Rights of the European Union (PDF). Retrieved on 23 August 2010
  3. Amnesty International. Amnesty.org. Retrieved on 23 August 2010
  4. moratorium on the death penalty. United Nations (15 November 2007). Retrieved on 23 August 2010
  5. 13 Aug 2004 (13 August 2004). Asia Times Online – The best news coverage from South Asia. Atimes.com. Retrieved on 23 August 2010
  6. Coalition mondiale contre la peine de mort – Indonesian activists face upward death penalty trend – Asia – Pacific – Actualités. Worldcoalition.org. Retrieved on 23 August 2010
  7. No serious chance of repeal in those states that are actually using the death penalty. Egovmonitor.com (25 March 2009). Retrieved on 23 August 2010
  8. death penalty is not likely to end soon in US. International Herald Tribune (29 March 2009). Retrieved on 23 August 2010
  9. Death penalty repeal unlikely says anti-death penalty activist. Axisoflogic.com. Retrieved on 23 August 2010
  10. A new Texas? Ohio's death penalty examined – Campus. Media.www.thelantern.com. Retrieved on 23 August 2010
  11. THE DEATH PENALTY IN JAPAN-FIDH > Human Rights for All / Les Droits de l'Homme pour Tous. Fidh.org. Retrieved on 23 August 2010
  12. Shot at Dawn, campaign for pardons for British and Commonwealth soldiers executed in World War I. Shot at Dawn Pardons Campaign. Retrieved on 20 July 2006