သင်ပေါင်းစာ

ဝီကီပီးဒီးယား မှ
Lonchura striata
From Sikkim, India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Estrildidae
မျိုးစု: Lonchura
မျိုးစိတ်:
L. striata
ဒွိနာမ
Lonchura striata
(Linnaeus, 1766)
Core native range in green
Northern populations (see text) not shown
Synonyms
  • Loxia striata Linnaeus, 1766
  • Uroloncha striata (Linnaeus, 1766)

စာပတီးငှက် အမျိုးမျိုးရှိသည့် အနက် စာပတီးဖြူမျိုးကို သင်ပေါင်းစာဟုလည်း ခေါ်သည်။ သင်ပေါင်းစာသည် ပလိုစီအီဒီးမျိုးရင်းတွင် အက်စထရီဒိုင်နီးမျိုးရင်းခွဲ၌ပါဝင်၍ ပါဏဗေဒအလိုအရ လွန်ချူရာစထရိတ်တာ (Lonchura striata) အကူတီကောဒါးဟုခေါ်သည်။ အလျားလေးလက်မခွဲရှိ၍ ဖြူဖွေး သောဖင်ပိုင်းကို ပျံသန်းသည့်အခါ ကောင်းစွာတွေ့ရသည်။ ရွှင်လန်း ဖျတ်လတ်သော ငှက်မျိုးဖြစ်သော်လည်း စာကလေးများကဲ့သို့ လူနှင့်နီးနီးကပ်ကပ်ယဉ်ပါးမှုမရှိချေ။ တောတွင်းရွာများရှိ လယ်ကွင်းနှင့် တောင်ယာများတွင် များသောအားဖြင့်တွေ့ရ၍ စပါးပင်နှင့်ရိုးပြတ်များထဲတွင်အကောင် ၅ဝကျော် ကျော်ခန့်အုပ်ဖွဲ့၍ အစာရှာဖွေစားသောက်နေတတ်ကြသည်။

အစာစားသောက်သည့်အခါ တစ်ကောင်နှင့် တစ်ကောင် ပူးပူးကပ်ကပ်နေတတ်၍ပျံသန်းသည့်အခါတွင်လည်း ပျားအုပ်ကြီးပျံသွားသကဲ့သို့တစ်အုပ်ကြီးပျံ လေ့ရှိကြသည်။ ပျံသည့်အခါတစ်ရှိန်ထိုးထပျံလေ့ရှိသော်လည်း ခရီးဝေးဝေး ပျံသန်းလေ့မရှိချေ။ ကချင်ပြည်နယ်ရှိတောင်ယာများတွင် ဤငှက်မျိုးသည် စပါးများကိုကုန်လုမတတ်စားတတ်ကြသောကြောင့် အမြဲခြောက်လှန့်နေရသည်။

သင်ပေါင်းစာများသည် မိုးရာသီတွင်သားပေါက်ကြသည်။ အသိုက်ကိုရွာများ၊ လယ်ကွင်းများ နှင့်အတော်ဝေးသော တောထဲ၌မြက်များဖြင့်ပြုလုပ်သည်။ သို့သော်သပ်သပ်ရပ်ရပ် မရှိလှချေ။ သင်ပေါင်းစာမျိုးကို အရှေ့နိုင်ငံများတွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံတွင်ကားကွင်းပြင် များ၌အတွေ့ရအများဆုံးငှက်ဖြစ်သည်။ အခြေအနေ ကောင်းမွန်ပါကပေ ၅ဝဝဝအမြင့်အထိတွေ့မြင်နိုင်သည်။[၂] ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Lonchura striata". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  3. သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် ၆၉၀/၂၀၂၀