လျှပ်သို

ဝီကီပီးဒီးယား မှ
ယနေ့ခေတ် လျှပ်သိုများ ကို စင်တီမီတာပေတံဖြင့် ယှဉ်ပြပုံ

လျှပ်သို (capacitor) ဆိုသည်မှာ လျှပ်စစ်စွမ်းအင်ကို သိုလှောင်သော အီလက်ထရွန်းနစ် ကိရိယာ တစ်မျိုး ဖြစ်သည်။ ယခင်က ကွန်ဒင်ဆာဟု ခေါ်ဝေါ်ကြသည်။ လျှပ်သိုသည် ဓာတ်ခဲတစ်ခုနှင့် အလားသဏ္ဌန်တူသော်လည်း ၎င်းသည် ပို၍ သေးငယ်ပေါ့ပါးပြီး အားဖြည့်ရာတွင် ဓာတ်ခဲထက်ပို၍ မြန်ဆန်သည်။ ယနေ့ခေတ်တွင် အီလက်ထရွန်းနစ် ကိရိယာပေါင်းများစွာတွင် လျှပ်သိုကို အသုံးပြုနေကြသည်။

လျှပ်သိုများကို သတ္တုပြားနှစ်ခုဖြင့် ပြုလုပ်လေ့ရှိပြီး ထိုအပြားနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထပ်လျှပ်ရှိပြီး နီးကပ်စွာတည်ရှိသော်လည်း ထိစပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သတ္တုပြားများသည် လျှပ်သိုကိန်း (capacitance) အနည်းငယ်မျှကို ရရှိရန် အတွက်ပင် အလွန်ကျယ်ဝန်းသော ဧရိယာပမာဏကို လိုအပ်သောကြောင့်ပင် ဖြစ်သည်။ မျဉ်းပြိုင်ကဲ့သို့ ယှဉ်လျှက်တည်ရှိသော သတ္တုပြားများကို အခြား ပုံသဏ္ဌန် (ဥပမာ ဆလင်ဒါ ပုံသဏ္ဌန်) လိပ်ထားလေ့ ရှိသည်။ တခါတရံတွင် အထူးရည်ရွယ်ချက်ဖြင့် လျှပ်သိုများကို အခြားသော ပုံသဏ္ဌန်များဖြင့် တည်ဆောက်လေ့ ရှိသည်။

အီလက်ထရိုလိုက်တစ်၊ ပိုလီယက်စတာ၊ MKT၊ ကြွေသား (Ceramic) ၊ ခေါင်းစိမ်း (Greencap ) နှင့် ဖလင်ဟူ၍ လျှပ်သို အမျိုးမျိုး ရှိကြသည်။ လျှပ်သိုကိန်းသည် လျှပ်ကူးပစ္စည်း နှစ်ခု နီးကပ်စွာတည်ရှိခြင်းကြောင့်လည်း မလိုလားအပ်သည့် နေရာတွင် အလိုအလျောက် ပေါ်ပေါက်လာနိုင်သည်။

လျှပ်သိုအားကို ရည်ရွယ်ချက်ရှိစွာ သုံးမည် ဆိုပါက လျှပ်သိုအမျိုးအစားသည် အသုံးချမည့် လုပ်ငန်းဆောင်တာပေါ်တွင် မူတည်၍ ကွဲပြားခြားနား သွားတတ်သည်။ လျှပ်သိုများသည် အရွယ်အစား အမျိုးမျိုး ဖြင့် ရှိတတ်သည်။ ပုရွက်ဆိတ်ကဲ့သို့ သေးငယ်သော လျှပ်သိုများမှာ အအေးဗူးကဲ့သို့ ကြီးမားသော လျှပ်သိုများအထိ အရွယ်အစား အမျိုးမျိုး ရှိနိုင်သည်။ အချို့သော လျှပ်သိုများမှာ အမှိုက်ပုံးကဲ့သို့သော အရွယ်အစားပင် ရှိတတ်သည်။

လျှပ်သိုများတွင် ငုတ် သို့ ခြေထောက်နှစ်ချောင်း ရှိတတ်သည်။ အများအားဖြင့် ငုတ်နှစ်ခုကို အလဲလဲ အလှယ်လှယ် အသုံးပြုနိုင်သော်လည်း အီလက်ထရိုလိုက်တစ် လျှပ်သို အမျိုးအစားတွင်မူ မှန်ကန်စွာ အသုံးပြုရန် လိုသည်။ သို့မဟုတ်ပါက ပြင်းထန်စွာ ပေါက်ကွဲနိုင်သည်။

လျှပ်သိုများသည် ဓာတ်ခဲများနှင့် အလားသဏ္ဌန်တူသည်။ ၎င်းတို့သည် စွမ်းအင်ကို သိုလှောင်ခြင်း ထုတ်လွှတ်ခြင်း ပြုနိုင်သည်။ ဓာတ်ခဲနှင့် ကွဲပြားခြားနားသော အချက်မှာ လျှပ်သိုများသည် သိုလှောင်ထားသော စွမ်းအင်များကို တစက္ကန့်၏ သေးငယ်သော အပိုင်းအခြား အတွင်းမှာပင် လျင်မြန်စွာ ထုတ်လွှတ်နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]