ရဟတ်ယာဉ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
LAPD Bell 206 ရဟတ်ယာဉ်

ရဟတ်ယာဉ်ဆိုသည်မှာ တစ်ခုသော သို့မဟုတ် တစ်ခုထက်ပိုသော ဒလက်များဖြင့် ပျံသန်းရန်နှင့် မောင်းနှင်ရန်ပြုလုပ်ထားသော လေကြောင်းသွားယာဉ်တစ်မျိုးဖြစ်သည်။ အမျိုးအစားခွဲရာတွင် ရဟတ်ယာဉ်ကို တောင်ပံအသေတပ်ဆင်ထားသော လေယာဉ်များမှ ခွဲခြားနိုင်ရန် ဒလက်ယာဉ် (rotorcraft) သို့မဟုတ် လည်ပတ်နေသောအတောင်ပံများရှိသည့် လေကြောင်းသွားယာဉ် (rotary-wing aircraft) ဟုခွဲခြားသတ်မှတ်လေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် ရဟတ်ယာဉ်သည် မတင် ပျံသန်းနိုင်သည့် ပင့်အားကို အလယ်အူတိုင်ရှိ လည်ပတ်နေသော Rotor ဟုခေါ်သည့် ပန်ကာများမှ ရရှိကြပြီး တည့်တည့် တက်နိုင်၊ ဆင်းနိုင်ကြသည်။

အခေါ်အဝေါ်[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်ဘာသာ 'helicopter' ဟူသော စကားလုံးမှာ ပြင်သစ်ဘာသာ hélicoptère မှဆင်းသက်လာခြင်းဖြစ်ပြီး ၁၈၆၁ ခုနှစ်တွင် Gustave de Ponton d'Amecourt မှ စတင်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ ထိုစာလုံးမှာ ဂရိဘာသာ helix/helik- (ἕλικ-) လည်ပတ်နေသော pteron (πτερόν) = အတောင်ပံ [၁][၂]ဟူသော စကားလုံးမှတဆင့် လာခြင်းဖြစ်သည်။

လေကြောင်းသွားယာဉ်များထဲ၌ ရဟတ်ယာဉ်၏ အဓိကအားသာချက်မှာ ယာဉ်ကိုရှေ့သို့တိုးရန်မလိုဘဲ အပေါ်သို့မတင်နိုင်စွမ်းရှိသည့် လေထဲတွင် လည်ပတ်နေသောဒလက်များပင်ဖြစ်သည်။ ထို့ကြောင့် ရဟတ်ယာဉ်သည် ပြေးလမ်းမလိုအပ်ဘဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည်။ ထိုအကြောင်းများကြောင့် ရဟတ်ယာဉ်ကို သာမန်အတောင်ပံတပ်လေယာဉ်ပျံများ အတက်အဆင်းမပြု နိုင်သည့် လူသူမရှိသော သို့မဟုတ် လူဦးရေအလွန်ထူထပ်သော နေရာများတွင် မကြာခဏဆိုသလိုအသုံးပြုလေ့ရှိသည်။ ဒလက်မှ မတင်အားသည် ရဟတ်ယာဉ်ကို တစ်နေရာထဲတွင် ရပ်တန့်ပျံသန်းရာတွင် အခြား ဒေါင်လိုက်အတင်အဆင်းပြု နိုင်သော(VTOL) လေကြောင်းသွားယာဉ်များထက် ပိုမို ထိရောက်ခြင်းဖြစ်စေနိုင်ပြီး အခြားအတောင်ပံတပ် လေကြောင်းသွားယာဉ်များ မလုပ်ဆောင်နိုင်သော လုပ်ငန်းဆောင်တာများကို ပြီးမြောက်စေနိုင်သည်။ ရဟတ်ယာဉ်များသည် သယ်ယူပို့ဆောင်ရေး ကဏ္ဍ ၊ ဆောက်လုပ်ရေး ကဏ္ဍ ၊ မီးသတ်ခြင်း ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စစ်ဘက်ကဏ္ဍတို့တွင် ကျယ်ပြန့်စွာ အသုံးပြုသော ယာဉ်များ ဖြစ်ကြသည်။

၎င်းတိုကို လေကြောင်းသမိုင်း၏ ပထမရာစုဝက်မှာပင် စတင်တည်ဆောက်ခဲ့ကြပြီး အချို့မှာ အနည်းငယ်မျှသောပမာဏကို ထုတ်လုပ်ခဲ့ကြသည်။ သို့သော် ၁၉၄၂ ခုနှစ်တွင် မှ အီဂေါ စီကောစကီး (Igor Sikorsky) ပုံစံထုတ်သော ရဟတ်ယာဉ်မှာ အပြည့်အစုံထုတ်လုပ်မှု သို့ ရောက်ရှိခဲ့ပြီး[၃] ၁၃၁စီးမျှတည်ဆောက်ခဲ့သည်။[၄] ယခင်က ပုံစံများတွင် အဓိကဒလက်တစ်ခုထက်ပို၍သုံးခဲ့ကြသော်လည်း ပင်မ ဒလက်တစ်ခု နှင့် အမြီးပိုင်းရှိ အားစုံတွဲကိုခုခံသော ဒလက်(antitorque tail rotor)ပါရှိသော ဤပုံစံကို တကမ္ဘာလုံးမှ ရဟတ်ယာဉ်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

အေဒီ ၄၀၀ ခုနှစ်ခန့်မှစ၍ တရုတ်ကလေးငယ်ကလေးများသည် ဝါးဖြင့်ပြုလုပ်ထားသော ပျံသန်းနိုင်သည့် ကစားစရာများဖြင့် ဆော့ကစားခဲ့ကြသည်။ ထိုကစားစရာများမှာ ဥရောပသို့တိုင်အောင် ပျံနှံ့ရောက်ရှိခဲ့ပြီး ၁၄၆၃ ခုနှစ်တွင် ဥရောပမှ ပန်းချီကားတွင် ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရသည်။ ၄ရာစုနှစ် တရုတ်ပြည်တွင် ရေးသားခဲ့သော ပေါင်းဖူတောင်း (Pao Phu Tau သို့ Pao Phu Tzu သို့ Bao Pu Zi, 抱朴子) ဟူသော စာအုပ်တွင် လည်ပတ်နေသော တောင်ပံများပါသည် လေယာဉ်ပျံအကြောင်းကို ဖော်ပြခဲ့သည်။ ၁၇၅၄ တွင် ရုရှတို့က ပန်ကာဒလက်ကို အသုံးပြု၍ လေထဲသို့ ပျံတက်နိုင်သော ယာဉ်ပုံစံကို ရေးဆွဲခဲ့ကြသည်။ ၁၈၆ဝ မှ ၁၈၈ဝ ကာလအတွင်း ရဟတ်ယာဉ် ပုံစံ မျိုးစုံကို တီထွင် ခဲ့ကြသည်။ ၁၈၈ဝတွင် သောမတ် အက်ဒီဆင်က ရဟတ်ယာဉ် ပုံစံငယ် တစ်ခုကို တည်ဆောက်ခဲ့သည်။

ပထမအကြိမ်ပျံသန်းခြင်းနှင့် အစောပိုင်းတည်ဆောက်မှုများ[ပြင်​ဆင်​ရန်​]

၁၉၀၆ တွင် ပြင်သစ် ညီနောင်နှစ်ဦးက ရဟတ်ယာဉ်ကို တီထွင်ရန် ကြံဆခဲ့ကြပြီး ၁၉၀၇ စက်တင်ဘာ (၂၉) တွင် စမ်းသပ်ပျံသန်းနိုင်ခဲ့ရာ လေထဲတွင် တစ်မိနစ်ကြာခဲ့ပြီး အမြင့် (၂) ပေခန့် မြင့်အောင် ပျံသန်းနိုင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် အခြား ပြင်သစ် ပညာရှင်တစ်ဦးက ပေ (၂၀) အမြင့်သို့ ပျံသန်းနိုင်သော ရဟတ်ယာဉ်ကို တီထွင် နိုင်ခဲ့သည်.။ ၁၉၅၁ တွင် အမေရိကန် ရေတပ်က တာဘိုင်အင်ဂျင်သုံး ရဟတ်ယာဉ်ကို စမ်းသပ်နိုင်ခဲ့သည်။ (၁၉) ရာစု နှောင်းပိုင်း ရောက်လာသောအခါ ပိုမို၍ ပေါ့ပါး လျှင်မြန်ပြီး စွမ်းဆောင်ရည် မြင့်မားသော ရဟတ်ယာဉ်များ တီထွင်နိုင်လာခဲ့ကြသည်။

လီယိုနာဒို ဒါဗင်စီ သည်လည်း လေထဲသို့ ဒေါင်လိုက်တက်ဆင်းပျံသန်းနိုင်ရန် လွန်သွားကဲ့သို့ပန်ကာဒလက်ပါဝင်သောပုံကို ရေးဆွဲစိတ်ကူးခဲ့ ဖူးသည်။ ရဟတ်ယာဉ်တီထွင်မှုဆိုင်ရာအကြံအစည်များကို မဖြစ်နိုင်ဟု သူ့ခေတ်အခါက လေကြောင်းဆိုင်ရာပညာရှင်များက ငြင်းဆိုနေသည့်ကြားထဲမှ ဆိုင်မော့ စကီး သည်အောင်မြင်မှုရအောင် တီထွင်နိုင်ခဲ့သည်။

စစ်သုံး ရဟတ်ယာဉ်များ[ပြင်​ဆင်​ရန်​]

ရဟတ်ယာဉ်များ၏ လေထဲတွင် ရပ်တန့်နိုင်ခြင်း ၊ ပြေးလမ်းမလိုခြင်း စသော အားသာချက်များကြောင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် စစ်ပွဲ၏ အဆုံးအဖြတ်ကို ပေးနိုင်သည်အထိ အသုံးဝင်လာခဲ့ကြသည်။ ထင်ရှားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များမှာ -

  1. AH 1 Cobra
  2. Mil Mi 24
  3. AH - 64 Apache
  4. Eurocopter Tiger

တို့ ဖြစ်ကြသည်။

ဟယ်လီကော့ပတား[ပြင်​ဆင်​ရန်​]

ကော်ဇောပျံအကြောင်းကို အာရေဗျပုံပြင်များကို ဖတ်ဖူးသူတိုင်းသိကြမည်။ ကော်ဇောပျံသည် ပုုံပြင်များတွင်သာဖြစ်နိုင်သည်။ တကယ်လက်တွေ့တွင်ကား မဖြစ်နိုင်ပေ။ သို့သော် ဟယ်လီကော့ပတားခေါ် ရဟတ်ယာဉ်မှာ ကျွနု်ပ်တို့ ပုံပြင်များထဲမှ ကော်ဇောပျံစွမ်းဆောင်နိုင်သကဲ့သို့ စွမ်းဆောင်နိုင်သည့် လေယာဉ်တစ်မျိုးဖြစ်သည်။ လေထဲတွင် ရှေ့မတိုး၊ နောက်မဆုတ်၊ အပေါ်မတက်၊ အောက်မဆင်းဘဲ တည်ငြိမ်စွာရပ်နေနိုင်သည်။ လေယာဉ်ပြေးလမ်းမလိုဘဲ လေထဲထောင်တက်နိုင်သည်။ ထိုးဆင်းနိုင်သည်။ ဗလထဲတွင် ပတ်ချာလှည့်နေနိုင်သည်။ အင်္ဂလိပ်ဘာသာဖြင့် ဟယ်လီကော့ပတား ဟူသော ဝေါဟာရကို ရဟတ်ယာဉ်ဟု မြန်မာဘာသာ ပြန်ဆိုထား လေသည်။ ဟယ်လီကော့ပတားဟူသည်မှာ ဟယ်လစ်နှင့် ပတိီရွန်ဟူသော ဂရိဝေါဟာရ နှစ်လုံးကိုအခြေခံ၍ ပေါ်လာခြင်းဖြစ်၏။ ဝက်အူနှင့်တူသောအတောင်ပံ ဟု အဓိပ္ပါယ်ရ၏။ ဟယ်လီကော့ပတားခေါ်ရဟတ်ယာဉ်၏ ပျံသန်းပုံ သဘောတရားမှာ သမားရိုးကျလေယာဉ်ပျံ၏ ပျံသန်းပုံ သဘောတရားနှင့်မတူပေ။ ( လေယာဉ်ပျံ။) သမားရိုးကျ လေယာဉ်ပျံများ လေထဲပျံတက် နိုင်ခြင်းမှာ အတောင်ပံကြောင့် ဖြစ်၏။ အတောင်ပံများ၏ထူးခြားမှု သဘောကြောင့်ဖြစ်၏။ ရဟတ်ယာဉ်မှာမူ ထိုသို့မဟုတ်ဘဲ ယင်း၏ပန်ကာဒလက်များ ကြောင့် လေထဲတက်နိုင်ခြင်းဖြစ် သည်။ ရဟတ်ယာဉ်တွင်အတောင်ပံမရှိချေ။ ရဟတ်ယာဉ်၏ ပန်ကာဒလက်သည် ရဟတ်ယာဉ်ကိုလေထဲတက်နိုင်အောင်သာ လုပ်ပေးသည်မဟုတ်သေး၊ သမားရိုးကျလေယာဉ်ပျံများ၏ ပန်ကာတာဝန်ကိုလည်း ထမ်းဆောင်၏။ ရဟတ်ယာဉ်ကို ဗယ်ညာ တိမ်းနိုင် ယိမ်းနိုင်အောင်လည်း ပြုလုပ်ပေး၏။ ဦးကိုမော့နိုင်စိုက်နိုင်အောင်လည်း ပြုလုပ်ပေး၏။ ရဟတ်ယာဉ်တစ်စီ်းတွင် ယင်း၏ပန်ကာဒလက်များသည် အရေးကြီးဆုံး လျှို့ဝှက်နက်နဲမှုအရှိဆုံးပင်ဟု အကြမ်းသဘော ဆိုနိုင်၏။

ရဟတ်ယာဉ်ပေါ်လာပုံ။ ။ရဟတ်ယာဉ်ပျံသန်းပုံ သဘောတရားသည် စင်စစ်အသစ်အဆန်းမဟုတ်ပေ။ ကမ္ဘာကျော် အီတာလျံပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝဝခန့်ကပင် လေထဲပျံသန်းနိုင်မည့် ယာဉ်တစ်မျိုးဟုခေါင်းစည်းတပ်ပြီး ရဟတ်ယာဉ် တစ်စီ်း၏ပုံကို ပုံကြမ်းရေးဆွဲပြခဲ့ဖူးသည်။ ( လီယိုနာဒို ဒါဗင်ချီ။) တရုတ်နိုင်ငံတွင် ထိုထက်ပင်စော၍ပင် ရဟတ်ယာဉ်နှင့် သဘောတရားတူသော လေထဲပျံနိုင်သည့်ကလေးကစားစရာများ ပေါ်ပေါက်ခဲ့ဖူး လေသည်။ လောနွိုင်နှင့်ဗီယန်ဗီနူးအမည်ရှိ ပြင်သစ်သိပ္ပံပညာရှင် နှစ်ဦးသည် ၁ရ၈၄ ခုနှစ်ကပင်ရဟတ်ယာဉ်နှင့် သဘောတရားဆင်ဆင်တူသော လေထဲပျံနိုင်သည့် ယာဉ်တစ်မျိုး၏ ပုံစံကိုတည်ဆောက်ခဲ့ဖူး၏။ ဗြိတိသျှသိပ္ပံပညာရှင် ဆာဂျော့ကေလီသည် ထိုပုံစံများကို ထပ်ဆင့် တီထွင်မှုများပြုလုပ်ခြင်းဖြင့် ကျော်ကြားလာခဲ့၏။ ၁၈ရဝ ပြည့်နှစ်လွန်နှစ်များတွင် ပြင်သစ်သိပ္ပံပညာရှင် အယ်လဖွန်းစီ ပီးနော့သည် ရော်ဗာ ကွင်းများအသုံးပြု လည်ပတ်စေသော ပန်ကာဒလက်များတပ်ထားသည့် ရဟတ်ယာဉ်ပုံစံ အများအပြားကို စမ်းသပ်တည်ဆောက်ခဲ့သည်။ သူ၏ပုံစံရဟတ်ယာဉ်လေးအချို့သည် လေထဲသို့ပေ ၅ဝ ခန့် အမြင့်အထိ တက်သွားခဲ့ဖူးသည်ဟုဆို၏။ ထိုသိပ္ပံပညာရှင် နောက်တွင်လည်း သိပ္ပံပညာရှင်အများ အပြားပင် ရဟတ်ယာဉ်ကို တည်ဆောက်ရန် ကြိုးစားခဲ့ကြ၏။ သို့သော် မအောင်မြင်ဘဲ ပုံစံရဟတ် ယာဉ်လေးများကို တည်ဆောက်ပြီး အဆုံးသတ်သွားခဲ့ကြလေသည်။ ပထမဆုံးလူစီးနိုင်သည့် ရဟတ်ယာဉ်ကို ပေါကောနူးအမည်ရှိ ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးက တည်ဆောက်ခဲ့သည်။ ထိုရဟတ်ယာဉ်သည် လူနှစ်ယောက် စီးနိုင်၏။ ၁၉ဝရ ခုနှစ်နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ငါးပေအမြင့်အထိတက်ပြီး တစ်မိနစ်ကြာမျှ ပျံသန်းပြသ ခဲ့ဖူးသည်ဟုဆို၏။ ပထမကမ္ဘာစစ်ကြီးအတွင်းသို့ ရောက်လာသောအခါ၌ လည်း သိပ္ပံပညာရှင်အများအပြားပင် ရဟတ်ယာဉ်ကို တည်ဆောက်နိုင်ရန် အမျိုးမျိုးဆက်လက်ကြိုးပမ်းခဲ့ကြသည်။ လေထဲအနည်းငယ်စ တက်နိုင်သည့်အဆင့်ကိုမူ သိပ္ပံပညာရှင် အများအပြားပင်ကြံဆောင်နိုင်ခဲ့ကြ၏။ သို့သော်လေထဲတွင် သွားလာအသုံးပြုနိုင်သည့် ရဟတ်ယာဉ်အဆင့်ကိုမူ မည်သူမျှ ကြံစည်စိတ်ကူးခြင်းမပြုနိုင်ခဲ့ပေ။ ထိုကြောင့်လည်း ၁၉၃ဝ ပြည့်နှစ်လွန်များသို့ ဝင်ရောက်လာသောအခါ၌ သိပ္ပံပညာရှင် အများအပြားကပင် ရဟတ်ယာဉ်တည်ဆောက်မည့် သဘောတရားမှာ အလွန်ရှုပ်ထွေးလေးနက်သော သဘောတရားဖြစ်ပြီးလျှင် ကမ္ဘာပေါ်တွင် လက်တွေ့မပေါ်ပေါက်နိုင်ဟု ထင်မှတ်စပြုလာခဲ့လေသည်။ သို့သော် ၁၉၃ရ ခုနှစ်တွင် ဂျာမန်သိပ္ပံပညရှင် ဟိုင်းနရစ်ဖော့ ဆိုသူက ပန်ကာဒလက်နှစ်ခုတပ် ရဟတ်ယာဉ်ကို တည်ဆောက်ပြီးလျှင် ပေ ၈ဝဝဝ အမြင့်သို့ တစ်နာရီခန့် ပျံသန်းတက်ပြလိုက်သောအခါ၌ သိပ္ပံပညာရှင်များသည် ရဟတ်ယာဉ်တည်ဆောက်ရေးကို စိတ်ဝင်စားလာခဲ့ကြပြန်သည်။ သိပ္ပံပညာရှင် ဆီးကောစကီးဆိုသူသည် လူစီးနိုင်သည့် ပန်ကာဒလက်တစ်ခုတပ် ရဟတ်ယာဉ်ကို ကမ္ဘာပေါ်တွင် ပထမဦးဆုံးတီထွင်နိုင်ခဲ့၏။ ဆီကောစကီးသည် ရုရှလူမျိုး ဖြစ်၏။ ရုူရှတော်လှန်ရေးကြီးပြီးသည့်နောက် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့စဉ် ၁၉၃၉ ခုနှစ်တွင် ထိုရဟတ်ယာဉ်ကို တီထွင်နိုင်ခဲ့ခြင်းဖြစ်လေသည်။

ရဟတ်ယာဉ်အသုံးပြုပုံ။ ။ရဟတ်ယာဉ်သည် အတောင်ပံရှိသော ဂျက်လေယာဉ်ပျံများကဲ့သို့ အရှိန်အဟုန် ပြင်းစွာဖြင့် ပျံသန်းနိုင်စွမ်းမရှိပေ။ သို့သော် လူတို့အတွက် အသုံးကျမှုတွင်မူ အတောင်ပံတပ်လေယာဉ်ပျံများကဲ့သို့ပင် အစွမ်းထက်လှဘိ၏။ ရဟတ်ယာဉ်သည် လေယာဉ်ပြေးလမ်း မလိုဘဲ ဒေသမရွေး ပျံသန်းနိုင်သည့်အတွက် သမားရိုးကျ လေယာဉ်ပျံများ မဆင်းသက်နိုင်သောဒေသသို့ချော စာများပို့နိုင်သည်။ ခရီးသည်များပို့နိုင်သည်။ ကုန်ပစ္စည်းများ ပို့နိုင်သည်။ ကယ်ဆယ်ရေးလုပ်ငန်းတွင်မူ ရဟတ်ယာဉ်သည် ယနေ့မရှိမဖြစ်သောယာဉ်ဖြစ်နေ၏။ သင်္ဘောများ နစ်မြုပ်ခြင်း၊ လေယာဉ်ပျံများပျက်ကျခြင်း၊ ဘေးဒုက္ခပေါ်ချိန်တွင် ရဟတ်ယာဉ်သည် အသက်ရှင်ကျန်ရစ်သူများကို အချိန်မီကယ်ဆယ်ရန် အဓိကအားထားရသောယာဉ်ဖြစ်၏။ သစ်တောများမီးလောင်၍ မီးငြိမ်းသတ်ရသောလုပ်ငန်းများ၊ သီးနှံခင်းများပိုးကျ၍ ပိုးသတ်ဆေးဖျန်းသောလုပ်ငန်း များတွင်လည်း ရဟတ်ယာဉ်ကိုပင်အားထားအသုံးပြုနေရ၏။ စစ်အတွက်မူ ရဟတ်ယာဉ်သည် အမျိုးမျိုး အသုံးကျလျက်ရှိ၏။ ရဟတ်ယာဉ်ပေါ်စက စစ်မြေပြင်မှ လူနာသယ်ရန်အတွက်သာ အသုံးပြုသော်လည်း ယနေ့ကင်းထောက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အရေးကြီး ပုဂ္ဂိုလ်များသယ်ဆောင်ခြင်း လုပ်ငန်းများမှအစ သမားရိုးကျ လေယာဉ်ပျံများ ရှာဖွေပစ်ခတ်ရန် ခက်ခဲသော ရန်သူ့စခန်းငယ်များကိုဗုံးကျဲခြင်း၊ စက်သေနတ်ဖြင့်ပစ်ခြင်း၊ ဒုံးပျံလက်နက်ဖြင့် ပစ်ခြင်း၊ လုပ်ငန်းများအထိ အလွန်ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိ၏။ အနာဂတ်တွင်လည်း ရဟတ်ယာဉ်၏အခန်းသည် ယခုထက်ပင် ကျယ်ပြန့်လာဦးမည်ဟု မြော်လင့်ထားကြလေသည်။[၅]



ရဟတ်ယာဉ်လုပ်ငန်း စတင်မွေးဖွားခြင်း[ပြင်​ဆင်​ရန်​]

တာဘိုင်ခေတ်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. "helicopter". Online Etymology Dictionary. Retrieved: 28 November 2007
  2. Cottez 1980, p. 181.
  3. Munson 1968
  4. Hirschberg, Michael J. and David K. Dailey, "Sikorsky." US and Russian Helicopter Development In the 20th Century. American Helicopter Society, International. 7 July 2000.
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)