ရေအားလျှပ်စစ်စက်ရုံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရေအားလျှပ်စစ်စက်ရုံပုံ
File:Hydro-anim-en
ရေအားလျှပ်စစ်စက်ရုံပုံ

ရေအားလျှပ်စစ်စက်ရုံ ဆိုသည်မှာ ရေစီးအားဖြင့် လည်ပတ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သောစက်ရုံ ဖြစ်သည်။ ရေအားလျှပ်စစ် စက်ရုံတွင် ရေလှောင်တမံ၊ ရေယူအဆောက်အအုံများ၊ ဓာတ်အားစက်ရုံတို့ပါဝင်သည်။

ရေလှောင်တမံ[ပြင်​ဆင်​ရန်​]

ရေလှောင်တမံသည်မြစ်၊ ချောင်းကိုပိတ်ပြီးလိုအပ်သောရေအမြင့် ရနိုင်စေရန်ပြုလုပ်ထားသည်။ တမံအား မြေသား၊ ကျောက်ဖြည့်မြေသား၊ ကွန်ကရစ်တို့ဖြင့်ဆောက်လုပ်သည်။ ရေများလာသောအခါ ရေထုတ်ပစ်ရန်ရေပိုလွှဲ၊ ရေတံခါးများ၊ နှုန်းများစုပုံလာပါက ထုတ်ပစ်ရန်နှုန်းထုတ်ပေါက်များ၊ ရေလွှဲဥမင်များပါဝင်သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် ရေယူဥမင်ပါဝင်သည်။

ရေယူအဆောက်အအုံများ[ပြင်​ဆင်​ရန်​]

တမံရေဝင်ပေါက်မှဝင်လာသောရေသည် ရေယူဥမင်နှင်တဆက်တည်းရှိသော သံမဏိပိုက်လိုင်းမှတဆင့် ဓာတ်အားပေးစက်ရုံထဲရောက်လာပြီး တာဘိုင်ဟုခေါ်သည့် ဘီးများကိုလည်ပတ်စေသည်။

ဓာတ်အားပေးစက်များ[ပြင်​ဆင်​ရန်​]

တာဘိုင်များသည် ဓာတ်အားပေးစက်၏ရိုတာနှင့်ဝင်ရိုးတစ်ဆက်တည်းတပ်ဆင်ထားသည်။ တာဘိုင်များလည်သောအခါ ရိုတာလည်ပြီး စတေတာအခွေမှ ဓာတ်အားထွက်ရှိလာသည်။ ဓာတ်အားထွက်ရှိရန်အတွက် ရိုတာပေါ်ရှိ ဝါယာခွေများအား တိုက်ရိုက်လျှပ်စီး(ဒီစီ)ထည့်ပေးရသည်။ သံလိုက်စက်ကွင်းဖန်တီးရန်ဖြစ်သည်။ ယင်းကိုဆွခြင်း(Excitation) ဟုခေါ်သည်။ စက်ငယ်များတွင် အမြဲတမ်းသံလိုက်ကိုအသုံးပြုသည်ဖြစ်ရာ သံလိုက်စက်ကွင်းဖန်တီးရန်မလိုပေ။ ဓာတ်အားပေးစက်ကြီးများတွင်သာလိုအပ်သည်။ လျှပ်စစ်သဘောတရားအရ သံလိုက်စက်ကွင်းအတွင်းတွင် ဝါယာခွေတစ်ခုလှုပ်ရှားနေပါက အေစီဓာတ်အား(ပြန်လှန်လျှပ်စစ်)ထွက်ပေါ်သည်။ ဓာတ်အားပေးစက်တွင်လည်း သံလိုက်စက်ကွင်းအတွင်းတွင် ရိုတာဝါယာခွေလည်နေသည်ဖြစ်ရာ စတေတာမှ ဓာတ်အားထွက်ပေါ်လာသည်။ ထွက်ပေါ်လာသောဓာတ်အားကိုအဝေးပို့နိုင်ရန်အတွက် လျှပ်တာ‌ပြောင်း(Transformer)များဖြင့် ဗို့အားအမြင့်စားအဖြစ်ဖန်တီး၍ ဓာတ်အားသုံးစွဲမည့်မြို့များသို့ပို့လွှတ်သည်။ (ဗို့အားနိမ့်ဖြင့်ပို့လွှတ်ပါက လေလွင့်မှုများလွန်းသည်။) ၎င်းမြို့များရောက်မှ ဓာတ်အားခွဲရုံများတွင် ဗို့အားနှိမ့်ချပြီး အသုံးပြုကြသည်။

တာဘိုင်မှထွက်လာသောရေသည် ဆွဲပြွန်(Draft tube)မှတဆင့် စက်ထွက်(Tailrace) သို့ရောက်သည်။ ထိုမှသည်မြစ်၊ ချောင်းထဲပြန်စီးဝင်သွားသည်။