မိုက်ခရိုဆော့ဖ်
Microsoft Corporation သည် ကွန်ပျူတာပစ္စည်းများတွင် အသုံးပြုရန် Software များ ရေးသား၊ ထုတ်လုပ်၊ ရောင်းချသော နိုင်ငံစုံကွန်ပျူတာနည်းပညာ ကော်ပိုရေးရှင်း ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ ရတ်မွန်တွင် ရုံးချုပ်တည်ရှိသည်။ Microsoft Windows နှင့် Microsoft Office တို့မှာ ၎င်း၏ ရောင်းအကောင်းဆုံး Software များ ဖြစ်သည်။
Altair 8800 ကွန်ပျူတာများအတွက် BASIC interpreters ရေးသားရောင်းချရန် Microsoftကို ၁၉၇၅ ဧပြီလ ၄ရက်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၈ဝနှစ်လယ်တွင် အိမ်သုံး ကွန်ပျူတာများအတွက် MS-DOS operating systemကို စတင်ထုတ်လုပ်ခဲ့သည်။ Microsoft သည် MS-DOS နှင့် ၎င်းနောက်ပိုင်းဆက်လက်ထွက်ရှိသော Microsoft Windows စနစ်အမျိုးမျိုးတို့ဖြင့် အိမ်သုံး ကွန်ပျူတာများ၏ operating system ဈေးကွက်ကို လွှမ်းမိုးထားသည်။ ထိုမျှမက Windows Mobile စနစ်ကို ထုတ်လုပ်ပြီး ပီဒီအေ (PDA) ဈေးကွက်ကိုလည်း ထိုးဖောက်လျက်ရှိသည်။ Microsoft သည် ကွန်ပျူတာ Software အပြင် အခြားစီးပွားရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှပ်နှံလုပ်ကိုင်လျက်ရှိပြီး ၎င်းတို့မှ MSNBC ကေဘယ် တီဗွီ၊ XBox ဗွီဒီယိုဂိမ်း နှင့် Zune MP3 ဖွင့်စက် တို့မှာ လူသိများ ထင်ရှားသည်။ MSN Portal နှင့် Hotmail တို့မှာလည်း Microsoft ၏ အင်တာနက်ပေါ်မှ လုပ်ငန်းများဖြစ်သည်။ Google ကို ယှဉ်ပြိုင်ရန်အတွက် Windows Live ကိုလည်း ထပ်မံထုတ်လွှင့်ခဲ့သည်။
Microsoft ၏ စီးပွားရေးဆောင်ရွက်ချက်များသည် ဈေးကွက်အတွင်း လွတ်လပ်သော ပြိုင်ဆိုင်မှုများကို ပိတ်ဆို့ထားပြီး လက်ဝါးကြီးအုပ်ရန် ကြိုးစားသည်ဟု အဝေဖန်ခံရပြီး အမေရိကန် တရားရေးရာဌာန နှင့် ဥရောပကော်မရှင်တို့၏ ပြစ်ဒဏ်ချမှတ်ခြင်းကိုလည်း ခံခဲ့ရသည်။