ဗီဆူးဗီးယပ်မီးတောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပွန်ပေမြို့ အပျက်အစီးများမှ လှမ်း၍ တွေ့မြင်ရသော ဗီဆူးဗီးယပ် မီးတောင်

ဗီဆူးဗီးယပ်မီးတောင်[ပြင်​ဆင်​ရန်​]

ဗီဆူးဗီးယပ်မီးတောင်သည် ကမ္ဘာ ပေါ်တွင် အထင်ရှားဆုံး သော မီးတောင်တစ်ခု ဖြစ်၏။ ဥရောပတိုက်၏ တစ်လုံးတည်း သော မီးရှင်တောင် ဖြစ်သည်။ အီတလီနိုင်ငံ နေပယ်ပင်လယ် အော်ပေါ်တွင် တည်ရှိ၍ နေပယ်မြို့မှ အရှေ့တောင်ဘက် ၇ မိုင်ခန့် ကွာဝေးလေသည်။

ထိုမီးတောင်၏ အောက်ခြေအဝန်းမှာ မိုင် ၃ဝ ခန့်ရှိ၍၊ ကမ်ပါနီးယားလွင်ပြင်တွင် ထီးတည်းတည်ရှိ နေ၏။ အမြင့်မှာ မီးတောင်ပေါက်ကွဲပြီးတိုင်း ပြောင်းလဲသွားတတ်၏။ ၁၉ဝဝ ပြည့်နှစ်တွင် ၄၂၇၅ ပေ မြင့်ရာမှ ၁၉ဝ၆ ခုနှစ်တွင် ပေါက်ကွဲ ပြီးသောအခါ ၃၆၆၈ ပေသာ မြင့်တော့သည်။ ယခုမူ ၃၈၅၈ ပေ မြင့်သည်။ ဗီဆူးဗီးယပ်မီးတောင်တွင် တောင်ထွတ် ၂ ခု ရှိ၏။ ယခု မီးခိုးများ တလူလူ ထွက်လျက်ရှိသော ဗီဆူးဗီးယပ် တောင်ထွတ်ကို ဆုန်မာခေါ် တောင်ထွတ်ဟောင်းက ဝိုင်းခြမ်းသဏ္ဌာန် ရံလျက်ရှိသည်။ အပေါ်ပိုင်းမှ တောင်ထွတ် သည် ပန်းကန်လုံးသဏ္ဌာန် ခွက်ဝင်နေ၍ အစဉ်လိုလိုပင် မီးခိုးများ၊ ပြာများတလူလူလွင့်ထွက်နေပြီးလျှင်၊ တစ်ခါတစ်ရံ ချော်ရည်များလည်း စီးကျနေလေသည်။

ဗီဆူးဗီးယပ်မီးတောင်သည် အကြိမ်ပေါင်းများစွာ ပေါက်ကွဲ ခဲ့ဘူး၏။ အေဒီ ၇၉ ခုနှစ်မတိုင်မီက ယင်းကို မီးတောင်ဟု လူတို့မသိကြချေ။ အေဒီ ၆၃ ခုနှစ်မှစ၍ ၁၆ နှစ်လုံးလုံး ပတ်ဝန်းကျင်ဒေသများတွင် ငလျင်လှုပ်ခဲ့ပြီးနောက် ၇၉ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မီးတောင်အကြီးအကျယ် ပေါက်ကွဲ ခဲ့ရာ၊ ဟာကျူလေနီယမ်၊ ပွန်ပီယိုင်နှင့် စတာဗီယေးမြို့တို့သည် ပြာနှင့် ချော်များအောက်တွင် နစ်မြုပ် ပျက်စီးကြကုန်၏။ ထိုစဉ်က အဖြစ်အပျက်များကို မျက်မြင်ကိုယ်တွေ့တစ်ဦး ဖြစ်သူ ရောမလူမျိုး စာရေးဆရာ ပလင်နီ (အငယ်)က မှတ်တမ်းတင်ထားခဲ့သဖြင့် ယခုလူတို့ သိရပေသည်။ ၄၇၂ ခုနှစ်တွင် မီးတောင်ဝမှ ပြာများ အကြီးအကျယ် လွင့်တက်ပြန်ရာ ကွန်စတန်တီနိုပယ်မြို့တိုင်အောင်ပင် ပြားများ ရောက်သည်ဟု ဆိုကြသည်။ ၁၆၃၁ ခုနှစ်တွင် ချော်ရည်များ နှင့် ရေပူများသည် တောင်ခြေရင်းသို့ စီးဆင်းကျလာသဖြင့် ထိုနေရာတစ်ဝိုက်ရှိ ရွာများမှ လူပေါင်း ၁၈ဝဝဝ ခန့် သေကြေ ပျက်စီးခဲ့လေသည်။ ၁၇၉၄ ခုနှစ်၊ ၁၈၂၂ ခုနှစ်၊ ၁၈၅၅ ခုနှစ်၊ ၁၈၇၂ ခုနှစ်၊ ၁၈၈ဝ ပြည့်နှစ်၊ ၁၈၉၅ ခုနှစ်၊ ၁၉ဝ၆ ခုနှစ်၊ ၁၉၂၉ ခုနှစ်၊ ၁၉၄၄ ခုနှစ်များတွင်လည်း မီးတောင်ပေါက်ကွဲ ခဲ့ရာ ၁၉ဝ၆ ခုနှစ်တွင် အသေအကြေအပျက်အစီး အများဆုံး ဖြစ်၏။ ထိုစဉ်က ရွာနှင့်မြို့ပေါင်းများစွာ ပျက်စီးခဲ့ရသည်။ ၁၉၄၄ ခုနှစ် မတ်လတွင် ပေါက်ကွဲစဉ်ကမူ၊မဟာမိတ်တပ်သား များက အနီးအနား မြို့ရွာများမှ လူများကို ဘေးကင်းရာသို့ ရွေ့ပြောင်းပေးကြသဖြင့် အသေအပျောက် သက်သာသည်။ ဆန်စီဗက်စတီယေးနိရွာ တစ်ရွာသာ ပျက်စီးသွားခဲ့၏။ သိပ္ပံပညာရှင်များသည် ထိုမီးတောင်ကြီး ပေါက်ကွဲပုံကို သေချာစွာ လေ့လာစူးစမ်းကြည့်ရန် ၁၈၄၄ ခုနှစ်ကစ၍ ထို တောင်စောင်းတွင် မျှော်စင်တစ်ခု ဆောက်၍ သက်စွန့်ကြိုးပမ်း နေထိုင်လေ့လာခဲ့ကြသည်။ အချို့သော လေ့လာသူများသည် မီးတောင်ကြီး ပေါက်ကွဲစဉ်၌ပင် သေချာစွာ လေ့လာစူးစမ်းရန် စောင့်ကြည့်နေကြသဖြင့် ယင်းတို့အနက် အသက်ဆုံးရသူများ လည်း ရှိ၍၊ မီးတောင်မှ ထွက်သော အဆိပ်ဓာတ်ငွေ့များ သင့်ကာ အသက်တိုကြသူများလည်း ရှိလေသည်။ ဗီဆူးဗီးယပ်မီးတောင်သည် အစဉ်သဖြင့် အခိုးအငွေ့များ ထွက်ကာ လှုပ်ရှားနေသော်လည်း ၁၉၄၄ ခုနှစ်တွင် မပေါက်ကွဲ မီအထိ လာရောက်၍ ကြည့်ရှုသူပေါင်း နှစ်စဉ်ထောင်သောင်း မက ရှိသည်။ နေပယ်မြို့မှ တောင်ခြေအထိ လျှပ်စစ်ရထား လမ်း ရှိ၍၊ ထိုနေရာမှ တစ်ဆင့် ကြိုးရထားလမ်းတစ်ခုသည် မီးတောင်ထိပ်မှ ပေ ၄၅ဝ ခန့်အကွာအထိ ရောက်လေသည်။ ရဲရဲနီနေသော ချော်ရည်များ စီးထွက်နေသည်ကို ကောင်းစွာ မြင်ကြရလေသည်။ ၁၉၄၄ ခုနှစ်၌ မီးတောင်ပေါက်ကွဲရာတွင် ယင်းကြိုးရထားလမ်း ပျက်စီးသွားသည်။

ဗီဆူးဗီးယပ်မီးတောင်ကြီးသည် ယင်းသို့ အကြိမ်ကြိမ် ပေါက်ကွဲ၍ ပတ်ဝန်းကျင်ဒေသများကို ဒုက္ခပေးခဲ့သော်လည်း တောင်ခြေရင်းနှင့် အောက်ဘက်တောင်စောင်းများတွင် မြေဩဇာကောင်း၍ စပျစ်ခြံလုပ်ငန်းအလွန်ဖြစ်ထွန်းသောကြောင့် လူများ ရွာတည်နေထိုင်ကြသည်။ သို့ရာတွင် မီးတောင်မှ မီးခိုး ထွက်သည်ကို အရိပ်အကဲကြည့်ကာ တထိတ်ထိတ်နှင့် နေကြ ရသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )