ပရိုတိန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မိုင်ရိုဂလိုဗင်၏ သုံးဖက်မြင် တည်ဆောက်ပုံကို ဖော်ပြသော ပုံ။ အယ်လ်ဖာ ဟီးလစ်များကို အရောင်ဖြင့် ပြထားသည်။ ဤပရိုတိန်းသည် X-ray ပုံဆောင်ခဲ နည်းပညာ ဖြင့် ပဋ္ဌမဆုံး တည်ဆောက်ပုံကို သိရခြင်းဖြစ်သည်

ပရိုတိန်းသည် အမီနို အက်စစ် များဖြင့် ဖွဲ့စည်းထားသည့် ဩဂန်းနစ် ဒြပ်ပေါင်း ဖြစ်သည်။ ကြိုးတချောင်းသဖွယ် ချိတ်ဆက်ထားသည့် အမိုင်နို အက်ဆစ်များသည် ရှည်လျားလွန်းသဖြင့် ခွေလိပ်ကာ လုံးထွေးနေသည်။ ပေါ်လီမာအတွင်းရှိ အမိုင်နို အက်ဆစ်များတွင် ကာဗောက်ဆိုင်း (carboxyl) အုပ်စုနှင့် အမီနို (amino) အုပ်စုများအကြား ပက်တိုက်စည်း (peptide bond) များဖြင့် ချိတ်ဆက်ထားသည်။ ပရိုတိန်းတမျိုးအား ဖွဲ့စည်းရာတွင် အမီနို အက်စစ်များအား မည်ကဲ့သို့သော အစီအစဉ်ဖြင့် ချိတ်ဆက်ပေးရမည်ကို မျိုးဗီဇခေါ် ဂျီး (Gene) များတွင် သုံးလုံးတတွဲ မျိုးဗီဇသင်္ကေတ (genetic code) များဖြင့် သတ်မှတ်ထားသည်။ [၁]

ပရိုတိန်းဖွဲ့စည်းရာ၌ စံ အမီနို အက်ဆစ် အမျိုး ၂၀ ရှိသည်။ ထိုစံအပြင် အခြားဘေ့စ် အကြွင်းအကျန်များသည် ယင်းပရိုတိန်း ဖွဲ့စည်းပုံကို မွမ်းမံပေးကာ ပရိုတိန်း၏ ရုပ်သတ္တိ၊ ဓာတ်သတ္တိ၊ ခွေလိပ်မှု၊ တည်ငြိမ်မှုကို ပြောင်းလဲပေးသည်။ ပရိုတိန်းများသည်လည်း အချင်းချင်း ပူးတွဲကာ တည်ငြိမ်သည့် အစိတ်အပိုင်းတခုဖြစ်လာကာ သတ်မှတ်ထားသည့် လုပ်ငန်းတမျိုးကို လုပ်ဆောင်ပေးနိုင်သည်။

အခြား ကြီးမားသည့် ဇီဝမော်လီကျူးများကဲ့သို့ ပရိုတိန်းသည် သက်ရှိများအတွက် အရေးပါသည့် ဒြပ်ပစ္စည်းများဖြစ်ပြီး ဆဲလ်တခု အသက်ရှင်ရေးတွင် ပါဝင်ဆောင်ရွက် ကြသည်။ ပရိုတိန်း အတော်များများသည် အင်ဇိုင်းများ ဖြစ်ကြပြီး ဇီဝဓာတ်ပြုများ ပိုမိုမြန်ဆန် တွင်ကျယ်စေသည့် ဓာတ်ကူပစ္စည်းများ ဖြစ်သည်။

ပရိုတိန်းများသည်လည်း သတ္တဝါများအတွက် အရေးပါသည့် အဟာရဓာတ်တမျိုး ဖြစ်သည်။ သတ္တဝါများသည် အသက်ရှင် နေထိုင်ရန်အတွက် အရေးပါသည့် အမိုင်နို အက်ဆစ် အမျိုး ၂၀ စလုံးကို ကိုယ်တိုင် မထုတ်လုပ်နိုင်သောကြောင့် ပရိုတိန်းများကို အားထားရသည်။ အစာချေဖျက်သည့် ဖြစ်စဉ်အတွင်း သတ္တဝါများသည် မိမိတို့ စားသုံးသည့် ပရိုတိန်များကို အမိုင်နို အက်ဆစ်များ အဖြစ် ပြိုကွဲသွားစေကာ ဇီဝတွင်း ဖြစ်ပျက်မှုတွင် အသုံးချသည်။

ပရိုတိန်းပေါင်းစပ်ခြင်း[ပြင်​ဆင်​ရန်​]

ပရိုတိန်းဖွဲ့စည်းရာတွင် အမိုင်နို အက်ဆစ်များအား မည်သည့် အစီအစဉ်ဖြင့် တွဲချိတ်ရမည်ကို မျိုးဗီဇ (gene) တခုမှ ဒီအန်အေစဉ်တန်းတွင် ဗီဇသင်္ကေတများဖြင့် ရေးမှတ်ထားသည်။

မျိုးဗီဇတွင် ပါဝင်သည့် အချက်အလက်များအရ အမိုင်နို အက်ဆစ်များကို စီတန်းချိတ်တွဲကာ ပရိုတိန်းကို ပေါင်းစပ်ဖွဲ့စည်းသည်။ ပရိုတိန်းတိုင်းကို ၎င်းတို့၏ သီးသန့် အမိုင်နိုအက်ဆစ် စဉ်တန်းဖြင့် ဖွဲ့စည်းထားသည်။ ဗီဇသင်္ကေတ ဆိုသည်မှာ ကိုဒွန် (codon) ခေါ် နျူကလီရိုတိုက် သုံးလုံးတွဲ တစုံဖြစ်သည်။ သင်္ကေတတစုံစီသည် အမိုင်နို အက်ဆစ် တစ်မျိုးစီကို ကိုယ်စားပြုသည်။ ဥပမာအားဖြင့် AUG သည် methionine အတွက် သင်္ကေတဖြစ်သည်။ ဒီအန်အေတွင် နျူကလီရိုတိုက် ၄ မျိုးရှိသည့်အတွက် ဖြစ်နိုင်သည့် ကိုဒွန် အရေအတွက်မှာ ၆၄ မျိုး ဖြစ်သည်။ ထို့ကြောင့် အချို့ အမီနို အက်ဆစ်ကို ကိုယ်စားပြုသည့် ကိုဒွန် တခုထက် မက ရှိတတ်သည်။ [၂]

ဒီအန်အေမှ မျိုးဗီဇများကို ပထမဦးစွာ အမ်အာအန်အေ (messenger RNA, mRNA) အဖြစ် RNA polymerase ခေါ် ပရိုတိန်းများက ကူးပြောင်းပေးသည်။ အမ်အာအန်အေကို ပုံစံပြားအဖြစ်ထားကာ ရိုင်ဘိုစုန်းများက ပရိုတိန်းအဖြစ် ပေါင်းစပ်ယူသည်။ [၃]

အမ်အာအန်အေ ပုံစံပြားမှ ပရိုတိန်း ပေါင်းစပ်ယူခြင်းကို ဘာသာပြန်ခြင်း (translation) ဟု ခေါ်သည်။ ရိုင်ဘိုစုန်းများသည် အမ်အာအန်အေပေါ်တွင် တွဲကပ်ကာ နျူကလီရိုတိုက် သုံးလုံးကို ဖတ်ယူပြီး ယင်းကိုဒွန်နှင့် တွဲဖက်သည့် အမီနို အက်ဆစ်ကို ပေါင်းစပ်ပေးသည်။ [၂] ပရိုတိန်းများ၏ အရွယ်အစားသည် ယင်းတွင်ပါဝင်သည့် အမီနို အက်ဆစ် အရေအတွက်ပေါ်တွင် မူတည်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Ridley, M. (2006). Genome. New York, NY: Harper Perennial. ISBN 0-06-019497-9
  2. ၂.၀ ၂.၁ van Holde and Mathews, pp. 1002–42.
  3. Dobson CM. (2000). "The nature and significance of protein folding", in Pain RH. (ed.): Mechanisms of Protein Folding. Oxford, Oxfordshire: Oxford University Press. ISBN 0-19-963789-X.