ပိုပေါ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပိုပေါ့(၁၉၂၅-၁၉၉၈)[ပြင်​ဆင်​ရန်​]

ကမ္ဘောဒီးယားနိုင်ငံခေတ်သစ်သမိုင်းတွင် အမည်ဆိုးဖြင့် ကျော်ကြားလှသည့် ကွန်မြူနစ်ခမာနီခေါင်းဆောင် အဖြစ် ပိုပေါ့ အားသိရှိကြသည်။ ၄င်းအုပ်ချုပ်သည့် ၁၉၇၆-၁၉၇၉ခုနှစ်များအတွင်းတွင် ခမာနီတို့၏ နှိပ်စက်သတ်ဖြတ်မှုများကြောင့် လူသတ်ကွင်း(Killing Field) ဟုကျော်ကြားသည့် ခမာနိုင်ငံတွင် ခမာလူမျိုးအများစု နှင့် တရုတ်၊ဟိန္ဒူ၊ဗီယက်နမ်နှင့် လာအိုလူမျိုးများအပါအဝင် ခန့်မှန်းခြေအားဖြင့် နိုင်ငံတွင်းရှိ လူဦးရေ ၁.၆သန်းမျှ သုတ်သင်ခြင်းခံခဲ့ရသည်။

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

အမည်ရင်း ဆလို့တ်ဆာ ဟုခေါ်သော ပိုပေါ့အား ၁၉ရက်၊ မေ၊ ၁၉၂၅ခုနှစ်တွင် ပြည့်စုံသည့် တရုတ်နွယ်ဖွားမိသားစု မှ ဖွားမြင်သည်။ မွေးချင်းကိုးဦးအနက်မှ ၈ ဦးမြှောက်ဖြစ်သည်။ ပရက်ခ် ဆဗူးဗ် ဒေသတွင် မွေးဖွားနေထိုင်ကြီးပြင်းခဲ့သည်။ ၁၀နှစ်သားအရွယ်တွင် မွေးရပ်မှခွာကာ ဖနောင်ပင်မြို့သို့လာရောက်ခဲ့ပြီး မြို့တော်ရှိ ကတ်သလစ် သာဿနာပြုကျောင်းတစ်ကျောင်းတွင် ပညာသင်ခဲ့သည်။ အစ်မတစ်ဦးဖြစ်သည့် ရုန်အန်မှာ ဘုရင်ဆီဆိုဝပ် မိုနီဗောင်၏ ကိုယ်လုပ်တော်တစ်ဦးဖြစ်သောကြောင့်လည်း အတော်အသင့်နေရာရခဲ့သည်။ နန်းတော်တွင်းသို့လည်း ဝင်ထွက်သွားလာနိုင်ခွင့်ရခဲ့သည်။ စံပြအထက်တန်းကျောင်းသို့ ဝင်ရောက်ခွင့်ရသော်လည်း ကျောင်းစာဖက်တွင် မလိုက်နိုင်သဖြင့် နည်းပညာကျောင်းဖြစ်သည့် ရူဆေး ကီအိုသို့ ဝင်ရောက်ခဲ့သည်။

ထိုကျောင်းတွင် ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်လာပြီးနောက် ပညာတော်သင်အဖြစ် ပါရီမြို့သို့စေလွှတ်ခံရသည်။ ပါရီမြို့ရှိ ပြင်သစ်လျှပ်စစ်နှင့် နည်းပညာကျောင်းတွင် ကျောင်းသားဖြစ်လာပြီးနောက် ၁၉၄၉မှ ၁၉၅၃ထိ ပညာသင်ကြားခဲ့သည်။ သို့သော် ဆလို့တ်ဆာ စိတ်ပါဝင်စားသည်မှာ ပညာရေးမဟုတ်ဘဲ လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ရန်ဖြစ်ပြီး ပြင်သစ်ကွန်မြူနစ်ပါတီ(PCF)ဝင်တစ်ဦး ဖြစ်လာသည်။ ယူဂိုဆလားဗီးယားပြည်ထောင်စုသို့သွားရောက်ကာ လုပ်အားပေးခြင်းကိုလည်း ပြုလုပ်ခဲ့သေးသည်။ ခမာကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် မာ့ခ်ဝါဒီလျှို့ဝှက်အဖွဲ့တွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ ကျောင်းစာတွင် အားနည်းလွန်းလာသဖြင့် စာသင်နှစ် သုံးနှစ်ဆက်တိုက် စာမေးပွဲကျသဖြင့် ကျောင်းမှ ထုတ်ပယ်ခံရပြီး ကမ္ဘောဒီးယားသို့ပြန်လည် စေလွှတ်ခံရသည်အထိပင် ဖြစ်သည်။ ခမာ မာ့ခ်ဝါဒီကျောင်းသားများအနက် ပထမဆုံးအိမ်ပြန်ပို့ခံရသူလည်း ဖြစ်သည်။

ပြည်တွင်းလှုပ်ရှားမှုများ[ပြင်​ဆင်​ရန်​]

တိုင်းပြည်သို့ပြန်ရောက်လာသည့်နောက်တွင်လည်း ဆလို့တ်ဆာသည် မြေအောက်လှုပ်ရှားမှုများတွင် တစိုက်မတ်မတ်ပါဝင်ခဲ့သည်။ နိုင်ငံအတွင်းရှိ ဘုရင့်အစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့များအတွင်း လက်ဝဲဝါဒပြန့်ပွားရေးအတွက် ဗီယက်နမ်နယ်မြေများထဲအထိ ခရီးများ လျှို့ဝှက်ထွက်ကာ အဆက်အပြတ်လှုပ်ရှားခဲ့သည်။ ဗီယက်နမ်နိုင်ငံရှိ ကွန်မြူနစ်အဖွဲ့အစည်းများနှင့်လည်း လက်တွဲနိုင်ရန် အားထုတ်ခဲ့သည်။ တစ်ဖက်မှလည်း ခမာကွန်မြူနစ်တို့အား ဗီယက်နမ်ကွန်မြူနစ်များထက် အရည်အသွေးပိုင်းသာလွန်စေရန် ရည်ရွယ်၍ ကြိုးစားခဲ့သည်။၁၉၅၄ခုနှစ်နောက်ပိုင်းတွင် ဗီယက်နမ်ရှိ ဗီယက်မင်း(မြောက်ဗီယက်နမ်ကွန်မြူနစ်)အစိုးရ ပေါ်ပေါက်လာသည့်နောက်တွင် ခမာကွန်မြူနစ်အဖွဲ့အချို့ ဗီယက်မင်းတို့နှင့် သွားရောက်ပူးပေါင်းခဲ့သေးသည်။

၁၉၅၄ခုနှစ်တွင် ဂျီနီဗာညီလာခံ ဆုံးဖြတ်ချက်များအရ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် လက်ဝဲ-လက်ယာအင်အားစုများသည် နိုင်ငံ့အာဏာရယူရေးအတွက် အပြင်းအထန်ပြိုင်ဆိုင်လာကြသည်။ဘုရင် နိုရိုဒွန် သီဟာနုအနေဖြင့်လည်း ရဲများ စစ်သားများအသုံးပြု၍ နိုင်ငံရေးပါတီများအား နှိပ်ကွပ်မှုများပြုလုပ်ခဲ့ရသည်။ ၁၉၅၅ခုနှစ်ရွေးကောက်ပွဲအပြီးတွင် လက်ဝဲဝါဒီများအနေဖြင့် တော်လှန်ရေးနည်းဖြင့်သာ တိုင်းပြည်အာဏာကို ရယူနိုင်တော့မည်ဟု သဘောတူညီပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လာကြသည်။ စိတ်ဓါတ်ပြင်းထန်သော ဆလို့တ်ဆာသည် တဖြည်းဖြည်းနှင့် ခမာကွန်မြူနစ်အဖွဲ့များ၊ ပါတီများတွင် ဦးဆောင်သည့်သူများအနက်မှ တစ်ဦးဖြစ်လာသည်။

၁၄၊ ဇူလိုင်၊ ၁၉၅၆ခုနှစ်တွင် ပုံနရီနှင့်လက်ထပ်ပြီး ဆလို့တ်ဆာသည် ချာမရွန်တွင် ပြင်သစ်စာပေသင်ကြားခဲ့ပြီး ပုံနရီမှာ ဆိုဆီဝပ်ကျောင်းတွင် ဆရာမပြန်လုပ်ခဲ့သည်။

လက်နက်ကိုင် တော်လှန်ရေးကာလ[ပြင်​ဆင်​ရန်​]

၁၉၆၂ခုနှစ်၊ ဇန်နဝါရီလ တွင် အစိုးရသည် ပါလီမန်ရွေးကောက်ပွဲဝင်မည့် လက်ဝဲအတိုက်အခံသမားများကို အရှိန်မြှင့်ဖမ်းဆီး နှိပ်ကွပ်လာသောကြောင့် ကွန်မြူနစ်များအတွက် လက်နက်ကိုင်တော်လှန်လိုစိတ် ပိုမိုမြှင့်တက်လာသည်။ ဆာ သည် ၁၉၆၃၊ ဇူလိုင်လတွင် ဖမ်းဆီးသတ်ဖြတ်ခံရသော ပါတီအတွင်းရေးမှုးကိုယ်စား ပါတီကို ဦးစီးလာခဲ့ပြီး ၁၉၆၃ခုနှစ် ပါတီအစည်းအဝေးတွင် ပါတီဗဟို ကော်မီတီ၏ တရားဝင် အတွင်းရေးမှုးအနေဖြင့် ပါတီကို ဦးဆောင်လာသည်။ ဘုရင်သီဟာနုဖမ်းဆီးမည့် ဘေးမှ ရှောင်တိမ်းကာ ဗီယက်နမ်နယ်စပ်ဒေသသို့ သွားရောက်ပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် တောင်ဗီယက်နမ်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် ဗီယက်နမ်ကွန်မြူနစ်များနှင့် ဆက်သွယ်သည်။ ၁၉၆၄ခုနှစ်အစောပိုင်းတွင် ခမာကွန်မြူနစ်များသည် ဗီယက်နမ်တို့ထံမှ အကူအညီများရရှိလာပြီး ကိုယ်ပိုင်နယ်စပ်အခြေစိုက်စခန်းများဖြင့် အတည်တကျဖြစ်လာခဲ့သည်။ သို့သော် လက်နက်ကိုင်တော်လှန်ရေးအထိ အားပေးထောက်ပံ့ခြင်း မရှိနိုင်ခဲ့ပေ။

ဆလို့တ်ဆာသည် ကမ္ဘောဒီးယားသို့ လျှို့ဝှက်ပြန်လာပြီး အဖွဲ့အစည်းများကို ပြန်လည်စုစည်း၍ ကမ်ပူးချား ကွန်မြူနစ် ပါတီ (CPK) ကို အသစ်ဖွဲ့စည်းထူထောင်သည်။ ထိုနောက် တော်လှန်ရေးအတွက် လိုအပ်သော ပြင်ဆင်မှုများလုပ်ကိုက်ရန် ဒေသအလိုက် အဖွဲ့ခွဲများ ဖွဲ့သည်။ ၁၉၆၇နှစ်ဦးတွင် ဆာ သည် မြောက်ဗီယက်နမ်တို့၏ ထောက်ခံမှုမပေးနိုင်သည့် အခြေအနေကြားမှ တစ်နိုင်ငံလုံးတွင် တော်လှန်အုံကြွရန်အတွက် စတင်ကာ အကြီးအကျယ်စီစဉ်လာသည်။ ၁၈၊ ဇန်နဝါရီ၊ ၁၉၆၈ တွင် အနောက်ပိုင်း ဘတ်တမ်ဘန်းရှိ စစ်အခြေစိုက်စခန်းတစ်ခုကို အင်အားသုံးကာ ဝင်ရောက်စီးနင်းသိမ်းယူသည်။ စစ်တပ်မှ ပြန်လည်တိုက်ထုတ်ခဲ့သော်လည်း ခမာနီတို့မှ လက်နက်များကို သယ်ယူသွားနိုင်ခဲ့သည်။

၁၉၆၉တွင် လက်ဝဲအဖွဲ့အစည်းများအားလုံး၏ ခေါင်းဆောင်နေရာကို ရယူကာ ဝါဒဖြန့်ချိရေးစနစ်များကို ပြောင်းလဲခဲ့သည်။ ၁၉၇၀တွင် ဘုရင်သီဟာနုပြည်ပခရီးထွက်စဉ်တွင် အစိုးရအဖွဲ့က ဘုရင်သီဟာနုအား အကြီးအကဲအဖြစ်မှ ဖယ်ရှားလိုက်သည်။ တရုတ်ပြည်တွင် တိမ်းရှောင်နေသည့် သီဟာနုသည် ဗီယက်နမ်ကွန်မြူနစ်အစိုးရနှင့် ညှိနှိုင်းကာ ဗီယက်နမ်တပ်ဖွဲ့များသည် ကမ္ဘောဒီးယားနိုင်ငံတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်လာပြီး နိုင်ငံအရှေ့ဖက်ခြမ်းအား သိမ်းယူထားလိုက်သည်။ သို့ဖြင့် အစိုးရမှာ ပြည်တွင်းကွန်မြူနစ်၊ အိမ်နီးချင်း ဗီယက်နမ်ကွန်မြူနစ်နှင့် အဝေးရောက်ဘုရင် သီဟာနု စသဖြင့် ရန်သူပတ်လည်ဝိုင်းသွားခဲ့သည်။ ဆလို့တ် ဆာလည်း တရုတ်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း ဗီယက်နမ်နှင့် တရုတ်အစိုးရများက သီဟာနုအား အသိမပေးခဲ့သလို တွေ့ဆုံရန် စီစဉ်မပေးခဲ့ကြပေ။ ဘုရင်သီဟာနုသည် တရုတ်နိုင်ငံမှ ရေဒီယိုမိန့်ခွန်းဖြင့် ခမာပြည်သူများအနေဖြင့် လက်ဝဲအင်အားစုများကို ထောက်ခံပြီး အစိုးရအား ဆန့်ကျင်ရန် လှုံဆော်ပေးသည်။ ၁၉၇၀တွင် ဆလို့တ်ဆာလည်း နိုင်ငံတွင်းပြန်လည်ရောက်ရှိလာပြီး မဟာမိတ်ဗီယက်နမ်တို့နှင့် များစွာ သဘောထားကွဲလွဲသော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်သည်။

ထိုနောက်တွင် ခမာနီတို့သည် ဆလို့တ်ဆာ၏ ဦးဆောင်မှုအောက်တွင် မြေယာပြုပြင်မှုများ၊ လူတန်းစားပြုပြင်မှုများအတွက် စီမံချက်များ ရေးဆွဲရင်း တစ်ဖက်မှလည်း တရုတ်တို့၏လက်နက်ငွေကြေးအကူအညီ၊ ဗီယက်နမ်တပ်များ အကူအညီဖြင့် အစိုးရတပ်များအား ထိုးစစ်များဆင်ခဲ့ကြသည်။ ၁၉၇၂ခုနှစ်တွင် ဗီယက်ကောင်းတပ်များက ခမာအစိုးရနှင့် ဆက်လက်၍ တိုက်ခိုက်ခြင်းမပြုတော့သည့်တိုင် ၁၉၇၃နှစ်လယ်ခန့်တွင် ခမာနီတို့သည် လူဦးရေထက်ဝက်နေထိုင်သည့် နိုင်ငံ၏ သုံးပုံနှစ်ပုံကို ထိန်းချုပ်နိုင်ပြီး ဖနောင်ပိန်မြို့တော် အနီးသို့ပင် ချဉ်းကပ်လာနိုင်သည်။

ခမာနီတိုင်းပြည်ခေတ်[ပြင်​ဆင်​ရန်​]

၁၉၇၃ခုနှစ်၊ ဧပြီလ၊ ၁၇ရက်တွင် ခမာနီတို့သည် မြို့တော် ဖနောင်ပိန်အား သိမ်းပိုက်လိုက်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းကာ တိုင်းပြည်အား "ဒီမိုကရက်တစ် ကမ်ပူးချား" ဟုခေါ်တွင်စေသည်။ ဘုရင်သီဟာနုအား အကျဉ်းချပြီး ဆလို့တ်ဆာသည် မိမိကိုယ်ကို ကွန်မြူနစ်အပေါင်းတို့၏ ပိုပေါ့ ဟုကြေညာသည်။ ပိုပေါ့ဆိုသည်မှာ ပြင်သစ်တို့က တရုတ်ကွန်မြူနစ်ခေါင်းဆောင်များအား ခေါ်သည့်အမည်အတိုကောက်ဖြစ်သည်။ အစိုးရအဖွဲ့အစည်းအဝေးများ ကျင်းပပြီးနောက် သုညခုနှစ်(Year Zero) ကိုစတင်ကြောင်း ကြေညာပြီး ပါတီမူဝါဒများအတိုင်း တိုင်းပြည်အား ပြုပြင်ပြောင်းလဲတော့သည်။

ထိုနောက်တွင် ပါတီမူအတိုင်း မြို့ပေါ်လူတန်းစားများအား လူတန်းစား တန်းညှိရေးအတွက် လယ်ယာမြေလုပ်ငန်းခွင်အတွင်းသို့ ပို့သည်။ များစွာသော ပြည်သူများမှာ အမေရိကန်လေယာဉ်များဗုံးကျဲခြင်းမှ ရှောင်တိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် ရွေ့ပြောင်းစေခိုင်းခြင်း ခံရသည်။ မြို့ကြီးများမှာ တစ်စစဖြင့် လူသူကင်းမဲ့သည့် မြို့ကြီးများဖြစ်လာကြသည်။ လယ်မြေလုပ်ငန်းခွင်များတွင် ဘုံစနစ်ဖြင့် နေထိုင်စေသည်။ တစ်နပ်စာအတွက် အစာနှစ်ပန်းကန် (သို့) ပေါင်မုန့်နှစ်ခု ကိုသာရသည်။ ကလေးငယ်များကို ဘုံစနစ်အကြောင်း နားလည်စေရန် အတွက် ဘုံစနစ်ကျောင်းများတွင် စာသင်ကြားစေသည်။ တရုတ်တို့၏ ယဉ်ကျေးမှုတော်လှန်ရေးပုံစံကို ပုံတူကူးချသည်ဟုဆိုကြသည်။

နောက်ပိုင်းတွင် ဘာသာရေးကိုးကွယ်မှုများကို တားမြစ်သည်။ "မည်သည့်အရာကိုမျှ ပိုင်ဆိုင်မထားလျှင် မည်သူကမှ မဖျက်ဆီးနိုင်" ဟူသည့် သဘောတရားကို တွင်တွင်ကြွေးကြော်ပြီး အခြားတစ်ဖက်မှလည်း ခမာလူမျိုး သန်းပေါင်းများစွာတို့သည် လက်ယာကွန်မြူနစ်နိုင်ငံထူထောင်နိုင်ရန်အတွက် တက်တက်ကြွကြွ လှုပ်ရှားနေကြကြောင်းကို ရေဒီယိုများမှ ဝါဒဖြန့်ခဲ့သည်။ အရင်းရှင်၊ ပညာတတ်လူတန်းစားကို ဖိဖိစီးစီးနှိပ်ကွပ်တော့သည်။ S-21 ကဲ့သို့နှိပ်စက်သက်ဖြတ်ရေး စခန်းများတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ခရစ်ယာန်များ၊ မွတ်စလင်များအပါအဝင်၊ နိုင်ငံရေးသမား၊ စီပွားရေးလုပ်ငန်းပိုင်ဆိုင်ဖူးသူများနှင့် တရုတ်၊ဗီယက်နမ်၊လာအို အနွယ်များကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ "ကျည်ဆံမဖြုန်းရ" ဟူသည့်အမိန့်ဖြင့် အရှင်လတ်လတ်မီးရှို့သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ ထုတ်တန်းတွင် တွဲလောင်းချည်၍ အရေခွံခွာခြင်း၊ လက်သည်းခွံများအား ပလာယာဖြင့်ခွာခြင်း၊ ဦးခေါင်းအား ဝါးလုံးဖြင့်ရိုက်ခြင်း၊ လည်မျိုတွင် တံစို့ရိုက်သွင်းခြင်း စသဖြင့် လူမဆန်ဆုံးနည်းလမ်းများကိုသုံးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်ကွင်း(Killing Field)အဖြစ် ကျော်ကြားလာသည်။

ထိုသို့သတ်ဖြတ်မှုများကြောင့် ဒီမိုကရက်တစ်ကမ်ပူးချားနိုင်ငံ၏ ဘုံစနစ်တည်ရှိစဉ်အတွင်း အစုစုလူဦးရေ ၁.၆သန်းနှင့် အခြားနှိပ်စက်မှုများပါဝင်ထည့်သွင်းလျှင် လူဦးရေ ၂သန်းမျှသော ခမာလူမျိုးများသည် စာရင်းဇယားမဲ့ သေဆုံးခဲ့ရသည်။ (အထက်တန်းအဖြစ်မှ လူသတ်စခန်းအဖြစ်ပြောင်းလဲအသုံးပြုခဲ့သော အဆောက်အအုံအား ယခုအခါတွင် တူးစလန် ပြတိုက်အဖြစ် ဖွင့်လှစ်ပြသထားသည်။)

ပိုပေါ့သည် တရုတ်တို့နှင့် ဆက်ဆံရေးအဆင်ပြေသော်လည်း ဆိုဗီယက်၊ ဗီယက်နမ် စသော ကွန်မြူနစ်များနှင့် ပြေလည်ခြင်းမရှိတော့ပေ။ အထူးသဖြင့် ဗီယက်နမ်တို့နှင့် မကြာခဏပင် နယ်စပ်ပြဿနာများ၊ အငြင်းပွားမှုများဖြစ်လာသည်။ ၁၉၇၈တွင် ဗီယက်နမ်တပ်များက ခမာနယ်မြေများအတွင်း အကြီးအကျယ်ထိုးစစ်ဆင်ပြီး ခမာနီများ ဆက်တိုက်ရှုံးနှိမ့်ကာ ပိုပေါ့လည်း ထိုင်းနယ်စပ်သို့ ထွက်ပြေးရသည်။

ကျရှုံးခြင်းနှင့် ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဗီယက်နမ်တို့က ဟန် ဆမ်ရင် ဦးဆောင်သည့် အစိုးရသစ်ဖွဲ့စည်းပေးသလို ပိုပေါ့ကလည်း ထိုင်းနယ်စပ်တွင် တဖန်ပြန်လည်၍ အင်အားစုစည်းခဲ့သည်။ ထိုင်းအနေဖြင့်လည်း ထိုစဉ်က ဗီယက်နမ်တို့၏ ကျူးကျော်လာနိုင်ခြင်းကို ကာကွယ်ဟန့်တားရန်အတွက် ပိုပေါ့ကို လက်ခံထားပြီး တရုတ်မှလာသည့် အထောက်အပံ့များကို မသိကျိုးကျွံပြုထားလိုက်ကြသည်။ အမေရိကန်နှင့် အခြားနိုင်ငံများကလည်း ဆမ်ရင် အစိုးရကို အသိအမှတ်မပြုဘဲ ပိုပေါ့အစိုးရကိုသာ ဆက်လက်အသိအမှတ်ပြုထားကြပြီး ကမ္ဘာ့ကုလသမဂ္ဂတွင်လည်း အစိုးရသစ်ကို လက်မခံသေးပေ။ ထို့ကြောင့် ခမာနီအစိုးရနှင့် ဖနွမ်းပင်အစိုးရတို့ တစ်ဖက်နှင့်တစ်ဖက် ဆက်လက်၍ တင်းမာနေကြရသည်။ အမေရိကန်တို့အနေဖြင့် ဗီယက်နမ်တပ်များ ကမ္ဘောဒီးယားသို့ ဝင်ရောက်တိုက်ခိုက်ခြင်းကို ကန့်ကွက်သည်။

ထိုင်နယ်စပ်တွင် ပိုပေါ့သည် အဖွဲ့အစည်းသုံးခု ပေါင်း၍ ဒီမိုကရက်တစ် ကမ်ပူးချား ညွန့်ပေါင်းအစိုးရ (CGDK) ဟု ဖွဲ့သည်။ အမျိူးသား ဒီမိုကရက်တစ် ကမ်ပူးချားတပ် ကိုလည်း ဖွဲ့စည်းပြန်သည်။ ထိုနောက်မှ အုပ်ချုပ်ရန်အတွက် ကမ်ပူးချားကွန်မြူနစ်ပါတီကိုလည်း ထူထောင်ပြန်သည်။

ဖနွမ်မာလီဒေသတွင် အခြေစိုက်ပြီး လှုပ်ရှားနေကြစဉ် ၁၉၈၅ခုနှစ် ဒီဇင်ဘာအရောက်တွင် ဗီယက်နမ်တပ်များ၏ ထိုးစစ်ကိုရင်ဆိုင်ရကာ မရှုမလှရှုံးနှိမ့်ခဲ့ကြသည်။ ထိုနောက် ပိုပေါ့လည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရင်း ခြောက်နှစ်မျှ သတင်းများပျောက်ဆုံးနေသည်။ ကွန်မြူနစ်ပါတီမှ နှုတ်ထွက်၍ လက်ရုံးဖြစ်သူ ဆွန်ဆန် အား အာဏာများ တဖြည်းဖြည်းခြင်း လွဲပြောင်းပေးခဲ့သော်လည်း ထိုင်းအထူးတပ်ဖွဲ့ အမှတ်(၈၃၈)မှ တာဝန်ယူစောင့်ရှောက်ပေး ထားသည်ဟုဆိုကြသည်။ ခမာနိုင်ငံရေးသမားများက သူ့အား တစ်ချိန်တစ်ခါက ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်ပက်သက်၍ ဝန်ခံပြီးလက်နက်ချလျှင် ခွင့်လွှတ်ပေးမည်ဟု ဆိုသော်လည်း ငြင်းဆန်ခဲ့သည်။ ဆွန်ဆန်မှာ မိသားစုဝင် ၁၁ ယောက်လုံး ပစ်သတ်ခံထားရသူဟုဆိုကြသည်။ ပိုပေါ့ကလည်း ထိုအမိန့်ကို သူမပေးခဲ့ဟု ငြင်းဆန်သည်။

၁၉၈၆တွင် ဗီယက်နမ်တပ်များ ကမ္ဘောဒီးယားမှ ရုတ်သိမ်းသွားသည့်အချိန်တွင် ပိုပေါ့သည် ထိုင်းနှင့် နယ်စပ်ကမ္ဘောဒီးယားဖက်ရှိသူ၏ တပ်စခန်းတို့တွင် တလှည့်စီနေထိုင်သည်။ လက်နက်ချရေး၊ ငြိမ်းချမ်းရေးတို့ကို လက်မခံဘဲ လက်ရှိအစိုးရကို ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ရန်၊ တော်လှန်ရန် ကြိုးစားနေခဲ့သေးသည်။ သို့သော်၁၉၉၅တွင် ပိုပေါ့လေဖြတ်ပြီး ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း လှုပ်ရှားမရဖြစ်သွားပြီးနောက် ၁၉၉၆တွင် ခမာနီတပ်များ တဖြည်းဖြည်း အားနည်ချိနဲ့လာသည်။ ခေါင်းဆောင်အများစုမှာလည်း မဖြစ်နိုင်တော့သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ကာ ဘက်ပြောင်းကြသည်။ အစိုးရအနေဖြင့်လည်း ခမာနီတစ်ဖွဲ့လုံးနှင့် ညှိနှိုင်းမရသဖြင့် တစ်ယောက်ချင်းကို ဖဲ့ထုတ်သည့် ဗျူဟာဖြင့် အနိုင်ယူခြင်းဖြစ်သည်။

ပိုပေါ့၏လက်ရုံး ဆွန်ဆန်ကို ၁၉၉၇တွင် သူ့ရာထူးအား အပြည့်အဝဆက်ခံရန် တာဝန်ပေးလိုက်ရသည်။ ထိုနောက် မြောက်ပိုင်းရှိ သူ့အမာခံဒေသတို့ ထွက်ပြေးခဲ့သော်လည်း ခမာနီတပ်မှ အရာရှိတစ်ဦးဖြစ်သူ တာမော့ခ်က သူ့ကို အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားလိုက်သည်။ လေဖြတ်သည့် ဒဏ်ကြောင့်လည်း တစ်ကိုယ်တည်းလွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိတော့ပေ။ ဘေးမှ အခြားသူများ တွဲခေါ်မှသာလျှင် သွားလာနိုင်တော့သည့် အခြေအနေသို့လည်း ရောက်နေပြီဖြစ်သည်။ ၁၉၉၈ခုနှစ်၊ ဧပြီလ၊ ၁၅ရက်နေ့တွင် ခမာနီတို့က နိုင်ငံတကာစစ်ခုံရုံးတွင် စစ်ဆေးခံမည်ဟု ကြေညာလိုက်သည်။ နောက်တစ်နေ့ညတွင် ပိုပေါ့သည် နေရာ ရွေ့ပြောင်းရန် စီစဉ်နေဆဲမှာပင် ကွယ်လွန်ကြောင်း ဇနီးဖြစ်သူမှ ကြေညာခဲ့သည်။ တာမော့ခ်ကလည်း နှလုံးရောဂါဖြင့် ကွယ်လွန်သည်ဟု အတည်ပြုပြောကြားလိုက်သည်။ အစိုးရဖက်မှ အလောင်းအားစစ်ဆေးရန် တောင်းဆိုနေဆဲမှာပင် ပိုပေါ့အလောင်းအား ခမာနီတပ်စခန်းအန်လုံဗန်တွင် မီးသင်္ဂြိုဟ်လိုက်ကြသည်။