ဗီယက်နမ်စစ်ပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အမေရိကန် စစ်တပ်မှ ရဟတ်ယာဉ် စစ်သားများကို ချထားခဲ့ပြီး ပျံတက်နေစဉ်

ဗီယက်နမ်စစ်ပွဲ ဆိုသည်မှာ စစ်အေးတိုက်ပွဲ ကာလအတွင်း ဗီယက်နမ်နိုင်ငံလောနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲ ဖြစ်ပြီး ၁၉၅၅ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ဆိုင်းဂုံမြို့ ကျဆုံးသည့် ၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ပြီးဆုံးခဲ့သည်။ ဗီယက်နမ် စစ်ပွဲသည် ပထမ အင်ဒိုချိုင်းနားစစ် အပြီးတွင် ဖြစ်ပွားခဲ့ပြီး ကွန်မြူနစ်မဟာမိတ်များက ထောက်ပံ့ကူညီသော မြောက်ဗီယက်နမ် နှင့် အမေရိကန် ပြည်ထောင်စုနှင့် အခြား ကွန်မြူနစ် ဆန့်ကျင်သူ မဟာမိတ်များက ထောက်ပံ့ကူညီသော တောင်ဗီယက်နမ်တို့ တိုက်ခိုက်ကြသော စစ်ပွဲ ဖြစ်သည်။ ကွန်မြူနစ်တို့ ဦးဆောင်ပြီး လက်နက်ငယ်များ တပ်ဆင်ထားသည့် တောင်ဗီယက်နမ်ရှိ ဗီယက်ကောင်း သို့မဟုတ် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့က ဒေသအတွင်းရှိ ကွန်မြူနစ် ဆန့်ကျင်သည့် တပ်များကို ပြောက်ကျားစစ်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ဗီယက်နမ် အမျိုးသား တပ်မတော် (မြောက်ဗီယက်နမ် တပ်မတော်) ကမူ အလုံးအရင်းနှင့် ပုံမှန် စစ်ပွဲကို ဆင်နွဲကြသည်။ အမေရိကန်နှင့် တောင်ဗီယက်နမ် တပ်ဖွဲ့များက လေကြောင်းတိုက်ပွဲ နှင့် ပစ်ခတ်မှု အားသာချက်တို့ အပေါ်တွင် အခွင့်ကောင်းယူ၍ မြေပြင်တပ်များ၊ အမြှောက်တပ်များနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပူးပေါင်း၍ ရှာဖွေ ဖျက်ဆီးသည့် စစ်ဆင်ရေးကို ဆင်နွဲကြသည်။

အမေရိကန် အစိုးရက ထိုစစ်ပွဲတွင် ပါဝင်ပတ်သက်မှုအား ကွန်မြူနစ်တို့ တောင်ဗီယက်နမ်အား သိမ်းပိုက်ခြင်းမှ တဆင့် ကွန်မြူနစ် ဝါဒ ပျံ့နှံ့ခြင်းကို တားဆီးနိုင်ရန်ဟု ထင်မြင်ယူဆသည်။ မြောက်ဗီယက်နမ် အစိုးရ နှင့် ဗီယက်ကောင်း တို့ကမူ အစပထမတွင် အမေရိကန် ကျောထောက်နောက်ခံ ပေးထားသော ပြင်သစ်နှင့် နောက်တွင် အမေရိကန်၏ ရုပ်သေး အစိုးရဖြစ်သော တောင်ဗီယက်နမ် နှင့် တိုက်ခိုက်သော ကိုလိုနီ စစ်ပွဲအဖြစ် ယူဆကြသည်။ အမေရိကန် စစ်ရေးအကြံပေးများသည် ထိုစဉ်က ပြင်သစ် အင်ဒိုချိုင်းနားဟု ခေါ်သော ထိုနေရာသို့ ၁၉၅၀ တွင် စတင် ရောက်ရှိခဲ့သည်။ အမေရိကန်တို့၏ ပါဝင်ပတ်သက်မှုသည် ၁၉၆၀ နှစ်များ အစောပိုင်းတွင် အရှိန်မြင့်လာပြီး ၁၉၆၁ တွင် စစ်အင်အားကို ၃ ဆ တိုးမြှင့်ခဲ့ကာ ၁၉၆၂ တွင် နောက်ထပ် ၃ ဆ ထပ်မံ တိုးမြှင့်ခဲ့ပြန်သည်။ အမေရိကန် ချေမှုန်းရေး တပ်ဖွဲ့များလည်း ၁၉၆၅ တွင် စတင် တပ်စွဲခဲ့သည်။ စစ်ဆင်ရေးသည် နိုင်ငံတကာ နယ်နိမိတ်များ အထိတိုင်အောင် ပျံ့နှံ့ခဲ့ပြီး လောနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့လည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။ အမေရိကန်တို့၏ စစ်ပွဲတွင် ပါဝင်ပတ်သက်မှုသည် "တက် တိုက်ခိုက်မှု" (Tet Offensive) ဟု ခေါ်သော အချိန်ဖြစ်သည့် ၁၉၆၈ ခုနှစ်တွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထိုနောက်ပိုင်းတွင် အမေရိကန် မြေပြင်တပ်များသည် ဗီယက်နမ်မိုင်ဇေးရှင်း (Vietnamization) ပေါ်လစီ အရ တဖြည်းဖြည်း ဆုတ်ခွာလာခဲ့သည်။ ၁၉၇၃ ဇန်နဝါရီလတွင် ပဲရစ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပါဝင်တိုက်ခိုက်သူ အားလုံးမှ လက်မှတ်ရေးထိုးခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သေးသည်။

အမေရိကန်တို့၏ ပါဝင်ပတ်သက်မှုသည် ၁၉၇၃ ခု ဩဂုတ်လ ၁၅ ရက်တွင် ပြီးဆုံးခဲ့ပြီး အမေရိကန် ကွန်ဂရက်မှ အတည်ပြုလိုက်သော ကေ့စ်-ချပ် ပြင်ဆင်မှု ဥပဒေ ကြောင့် ဖြစ်သည်။ ဗီယက်နမ် အမျိုးသား တပ်မတော်မှ ဆိုင်းဂုံအား ၁၉၇၅ ဧပြီလတွင် သိမ်းပိုက်ပြီးနောက် စစ်ပွဲပြီးဆုံးခဲ့ကာ နောက်တစ်နှစ်တွင် မြောက်ဗီယက်နမ်နှင့် တောင်ဗီယက်နမ်တို့ ပြန်လည် ပေါင်းစည်းခဲ့သည်။ စစ်ပွဲကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ဗီယက်နမ် စစ်သားနှင့် ပြည်သူ အားလုံးပေါင်း သေဆုံးမှုမှာ ၁ သန်း ထည်နည်းသော ကိန်းဂဏန်းမှ ၃ သန်း အထိ အမျိုးမျိုး ခန့်မှန်းလေ့ ရှိကြသည်။ ကမ္ဘောဒီးယား လူမျိုး ၂ သိန်းမှ ၃သိန်း အထိ နှင့် လာအိုလူမျိုး ၂သောင်းမှ ၂သန်းကြား သေဆုံးခဲ့ရသည်။ အမေရိကန် စစ်သားပေါင်း ၅၈,၂၂၀ လည်း စစ်ပွဲအတွင်း သေဆုံးခဲ့ရသည်။