ပထမ ဘိန်းစစ်ပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပထမ ဘိန်းစစ်ပွဲ
第一次鴉片戰爭
ဘိန်းစစ်ပွဲ၏ တစိတ်တဒေသ
Juncosob bom.jpg
ရက်စွဲ 1840 - 1842
နေရာ တရုတ်
ရလာဒ် ဗြိတိသျှစစ်နိုင်
နယ်နမိတ်
​ပြောင်းလဲမှု
ဟောင်ကောင်အား ဗြိတိသျှထံ ပေးအပ်
စစ်ရင်ဆိုင်သည့်နိုင်ငံများ
China Qing Dynasty Flag 1889.svg မန်ချူးတရုတ် Flag of the United Kingdom.svg ဗြိတိသျှ
တပ်မှူးများ
China Qing Dynasty Flag 1889.svg လင်ဂျယ်ရွှီ (林則徐)

China Qing Dynasty Flag 1889.svg ချီဆန့် (琦善)

Flag of the United Kingdom.svg ချားလ်စ် အဲလီယက်
Flag of the United Kingdom.svg အန်သိုနီ ဘလက်လန် စထရန်ရှမ်
စစ်အင်အား
91,680 20,000
အသေအပျောက်
22,790 523

ပထမ ဘိန်းစစ်ပွဲ(၁၈၄၀ ဇွန်လ ၂၈ - ၁၈၄၂ ဩဂုတ်လ)သည် ဗြိတိသျှမှ တရုတ်အား ကျူးကျော်တိုက်ခိုက်သည့် စစ်ပွဲဖြစ်သည်။ စစ်ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ ဗြိတိသျှကုန်သည်များက တရုတ်ပြည်တွင် ဘိန်းများ အတားအဆီးမရှိ ရောင်းချနိုင်ရေး ဖြစ်သည်။ ဤစစ်ပွဲတွင် တရုတ်တို့ စစ်ရှုံးခဲ့ပြီး ပထမဦးဆုံးသော မတရားသည့်စာချုပ် နန်ကျင်းစာချုပ် (南京條約) ကို ရေးထိုးခဲ့ပြီး ဟောင်ကောင် (香港) အား ဗြိတိသျှတို့ထံ အပ်နှင်းခဲ့ရသည်။ ထို့အပြင် ဗြိတိသျှသည် အထူးအခွင့်အရေးများ ခံစားခွင့် ရခဲ့သည်။ တရုတ်တို့အဖို့ မိမိအပိုင်မြေများအား စစ်လျော်ကြေးအဖြစ် ခွဲပေးရသည်မှာလည်း ပထမဦးဆုံးအကြိမ် ဖြစ်သည်။

နောက်ခံသမိုင်း[ပြင်​ဆင်​ရန်​]

ချင်းမင်းဆက်၏ တံခါးပိတ်မူဝါဒ[ပြင်​ဆင်​ရန်​]

တရုတ်ပြည်သည် သမိုင်းအကြောင်းကြောင့် ရှေးခေတ်ရှေးအခါမှစ၍ မိမိကိုယ်ကို ကမ္ဘာ့ဇာတ်ခုံ၏ အလယ်ဗဟိုအဖြစ် ယူဆကာ အခြားနိုင်ငံများအား မိမိလောက် ယဉ်ကျေးမှု မတိုးတက်ဟု ရှုမြင်ထားသည်။ အထူးသဖြင့် အနောက်တိုင်း နိုင်ငံများအကြောင်း သိရှိနားလည်မှု မလုံလောက်ပေ။ မင်မင်းဆက် (明朝) နှောင်းပိုင်း ချင်း (မန်ချူး) မင်းဆက် (清朝) ခေတ်ဦးပိုင်းတွင် တရုတ်ပြည်သို့ သွားရောက်ကာ ကုန်သွယ်ကြသည့် ဥရောပသား တနေ့တခြား များပြားလာသည်။ သို့သော်လည်း ခန်းရှီးဧကရာဇ် (康熙) လက်ထက်မှစ၍ ကုန်သွယ်ရေးကို အလေးမထားပဲ တံခါးပိတ်ဝါဒကို ကျင်းသုံးခဲ့ပြီး နိုင်ငံခြားကုန်သည်များ ကွမ်တုန်း (廣東) တွင်သာ အရောင်းအဝယ် လုပ်ခွင့်ပြုသည်။[၁]

၁၇၅၇ ခုနှစ်တွင် ကျန်းဆူး (江蘇; 江)၊ ကျဲ့ကျန်း (浙江; 浙)၊ ဖူကျန့် (福建; 閩) အကောက်ခွန်ဌာန သုံးခုကို ပိတ်လိုက်ကာ ကွမ်ကျိုး (廣州; 粵) ဆိပ်ကမ်း တစ်ခုတည်းတွင်သာ ကုန်စည်တင်ချခွင့် ပြုသည်။ ၁၇၅၉ ခုနှစ်တွင် နိုင်ငံခြားသားများ တရုတ်ပြည်သို့ လာရောက် ကုန်သွယ်ခြင်းကို တဆင့်တိုး ကန့်သတ်လာသည်။ လက်နက်ဆန်ကန့်၊ သံထည်များအား ပြည်ပသို့ မတင်ပို့ရဟု တားမြစ်ထားပြီး ပိုးထည်ပစ္စည်းများ၏ တင်ပို့မှု အရေအတွက်ကို ကန့်သတ်ထားသည်။

ဗြိတိသျှတို့ အိန္ဒိယတွင် သိုလှောင်ထားသော ဘိန်းများ

၁၇၅၉ ခုနှစ်တွင် ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီ၏ ကိုယ်စားလှယ် ဂျိမ်းစ် ဖလင့် (James Flint) က ဗြိတိသျှသင်္ဘောများအား ဦးဆောင်ကာ ထျန်းကျင်း (天津) သို့တက်ပြီး ချဲန်လုန် (乾隆) ဧကရာဇ်ထံ တိုင်စာသွင်းသည်။ ကွမ်ကျိုး အကောက်ခွန် အရာရှိများက နိုင်ငံခြားသား ကုန်သည်များအား ငွေညှစ်သည်ဟု တိုင်တန်းကာ မန်ချူးအစိုးရမှ ဆိပ်ကမ်းများ ပိုမိုဖွင့်လှစ်ပေးဖို့ တောင်းဆိုသည်။ ချဲန်လုန်ဧကရာဇ်က ဗြိတိသျှတို့ ဤသို့ အဆင့်ကျော် တိုင်တန်းခြင်းသည် မန်ချူးအစိုးရအား သိက္ခာချရာကျသည်ဟု ယူဆကာ အမျက်တော်ရှပြီး ဂျိမ်းစ် ဖလင့်အား တရုတ်ပြည်မှ ထွက်ခွာရန် ပြည်နှင်ဒဏ်ချမှတ်သည်။

၁၇၆၀ ခုနှစ်တွင် ကွမ်ကျိုးရှိ သွင်းကုန်ပို့ကုန် တစ်ဦးတည်း မူပိုင်ခွင့်ရှိသည့် ‘ကုန်းဟန်’ (公行) ကို ပြန်လည်ဖွင့်လှစ်ကာ နိုင်ငံခြားသား ကုန်သည်များအပေါ် ကန့်သတ်မှု ပိုမိုတင်းကြပ်လာသည်။ နိုင်ငံခြားသား ကုန်သည်များ မှူးကြီးမတ်ရာများနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့် မပြုပေ။ နိုင်ငံခြားသား ကုန်သည်များ တရုတ်အရာရှိများအား ဆက်သွယ်လိုလျှင် ကုန်းဟန်မှ တဆင့် ဆက်သွယ်ရမည်ဟု သတ်မှတ်သည်။[၂] ဤကဲ့သို့သော ရှေးရိုးစွဲအမြင်နှင့် တံခါးပိတ်ဝါဒသည် တရုတ်နှင့် ဗြိတိသျှအကြား ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းပင် ဖြစ်သည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး မညီမျှခြင်း[ပြင်​ဆင်​ရန်​]

ဗြိတိန်တွင် စက်မှုတော်လှန်ရေး ဖြစ်ပွားပြီးနောက် ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား တင်ပို့နိုင်မည့် ကြီးမားသည့် ဈေးကွက် လိုအပ်လာသည်။ တရုတ်တွင် လူဦးရေများသောကြောင့် ဗြိတိသျှကုန်သည်များ အမြောက်အမြား တင်ပို့နိုင်သည့် ဈေးကွက်ဖြစ်နေသည်။ တရုတ်ပြည်မှ ထွက်ရှိသော လက်ဖက်ခြောက်ပိုးထည်ကြွေထည်စသည့် ဇိမ်ခံပစ္စည်းများသည် ဥရောပဈေးကွက်တွင် လူကြိုက်များသောကြောင့် ဗြိတိသျှတို့က တရုတ်ပြည်မှ ကုန်သွယ်ရေးဖွင့်လှစ်ပေးနိုင်ရန် မျှော်လင့်သည်။ သို့သော်လည်း ဗြိတိန်ထုတ် သိုးမွေး၊ နိုင်လွန်စသည့် ကုန်ပစ္စည်းများကို တရုတ်တို့က မနှစ်ခြိုက်ကြပေ။ ချဲန်လုန်ဧကရာဇ်က တရုတ်ပြည်တွင် အစစအရာရာ ဖူလုံသည့်အတွက် ဗြိတိန်တို့နှင့် ကုန်သွယ်ရန် မလိုအပ်ဟု ယူဆထားသဖြင့် ဗြိတိန်အဖို့ များပြားသည့် ကုန်သွယ်မှု လိုငွေပြလာသည်။

ထိုစဉ်အခါက ဗြိတိန်တွင် ရွှေကို အခြေခံထားသည့် ငွေကြေးစနစ်ကို ကျင့်သုံးပြီး တရုတ်ပြည်တွင်မူ ငွေသားစစ်စစ်ဖြင့် သွန်းလုပ်သည့် ဒင်္ဂါးကို အသုံးပြုသည်။ တရုတ်ပြည်အတွင်း ရောင်းဝယ်ရာ၌ ငွေဒင်္ဂါးဖြင့် တွက်ချက်သဖြင့် ဗြိတိသျှကုန်သည်များအဖို့ တရုတ်နှင့် ကုန်သွယ်နိုင်ရန် ဥရောပမှ ငွေသားများကို ဝယ်ယူရသည်။ ဤသို့ ရွှေသားနှင့် ငွေသား ရောင်းတလှည့် ဝယ်တလှည့် လုပ်ရသည့်အတွက် ဗြိတိသျှတို့၏ အကျိုးအမြတ်ကို ထိပါးစေသည်။ အခွန်နှုန်းအပိုင်းတွင် ဗြိတိသျှကုန်သည်များ တရုတ်သို့ တင်ပို့သည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန် ၂၀ % ပေးဆောင်ရသောကြောင့် ဗြိတိန်တို့က မကျေမနပ် ဖြစ်ခဲ့သည်။

ဆက်ဆံရေး တင်းမာလာခြင်း[ပြင်​ဆင်​ရန်​]

ဂျော့ဂ်ျ မက္ကားနီ

၁၇၉၃ ခုနှစ်တွင် ဗြိတိသျှသံအမတ် ဂျော့ဂ်ျ မက္ကားနီ (George Macartney) တရုတ်ပြည်သို့ ရောက်လာသည်။ မန်ချူးအစိုးရက မက္ကားနီသည် ချဲန်လုန်ဧကရာဇ်၏ မွေးနေ့တွင် ကောင်းချီးပေးရန် ရောက်လာခြင်းဖြစ်သည်ဟု ထင်မှတ်နေသည်။ မက္ကားနီက ဧကရာဇ်အား သွားရောက်တွေ့ဆုံရာတွင် တရုတ်၏ နန်းတွင်းအစဉ်အလာကဲ့သို့ ဒူး ၃ ကြိမ်ထောက်၊ ဦး ၉ ကြိမ်ညွှတ် (三跪九叩) ကာ အရိုအသေပေးရန် ဝံလေးနေသည်။ အခြေအတင် ဆွေးနွေးပြီးနောက် မက္ကားနီက ဗြိတိသျှတို့ ဘုရင်အား ခစားရာတွင် ပြုကျင့်သည့်အတိုင်း ဒူးတဖက်ထောက် အရိုအသေပြုရန် သဘောတူခဲ့သည်။ သို့သော်လည်း ချဲန်လုန်ဧကရာဇ် အလိုတော်မကျသေး၍ ဗြိတိသျှ သံတမန်များအား မတွေ့ခဲ့ပေ။ မက္ကားနီက တင်ပြသည့် ဆိပ်ကမ်းဖွင့်လှစ်ပေးရန်၊ အခွန်လျှော့ချရန် တောင်းဆိုချက်များကို တရုတ်တို့၏ စနစ်နှင့် မညီညွတ်ဟု အကြောင်းပြကာ ငြင်းပယ်လိုက်သည်။

၁၈၁၆ ခုနှစ်တွင် ဗြိတိသျှ သံအမတ် ဝီလီယမ် အမ္မတ်စ် (William Amherst) တရုတ်ပြည်သို့ ရောက်လာပြန်သည်။ အမ္မတ်စ်သည်လည်း မက္ကားနီနည်းတူ ဒူးထောက်ဦးညွှတ် အရိုအသေပြုရန် ငြင်းဆိုခဲ့သဖြင့် ကျားချင့်ဧကရာဇ် (嘉慶) အား တွေ့ခွင့်မရခဲ့ပေ။

၁၈၃၃ ခုနှစ်တွင် ဗြိတိသျှဘုရင်က အထက်လွှတ်တော်အမတ် ရေတပ်ဗိုလ်မှူးကြီး ဝီလီယမ် နေပီယာ (William John Napier) အား တရုတ်သို့ စေလွှတ်ကာ ကုန်သွယ်ရေး အရေးကိစ္စများကို ကြီးကြပ်စေသည်။ ထိုအချိန်မှစ၍ နှစ်ဘက်ဆက်ဆံရေးမှာ တရုတ်နှင့် အရှေ့အိန္ဒိယ ကုမ္ပဏီအကြား ဆက်ဆံရေးမှ ဗြိတိသျှအစိုးရနှင့် ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားသည်။ ၁၈၃၄ ခုနှစ် ဇူလိုင်လတွင် နေပီယာသည် မန်ချူးအစိုးရ၏ သတ်မှတ်ချက်များနှင့် ဖီလာဆန့်ကျင်စွာ မကာအိုမှ ကွမ်ကျိုးသို့ ခွင့်ပြုချက်မယူပဲ ဝင်ရောက်ခဲ့သည်။ လျန်ကွမ်နယ်စား (兩廣總督) လူခွန်းက နေပီယာအား ပြည်နှင်ဒဏ်ပေးပြီး ဗြိတိသျှတို့နှင့် ကုန်သွယ်မှုရပ်ဆိုင်းမည်ဟု ကြိမ်းဝါးလေသည်။ နေပီယာက လူငှားပြီး ကွမ်ကျိုးမြို့အနှံ့ ပိုစတာကပ်ကာ လူခွန်းအား အပြစ်တင်သည်။ စက်တင်ဘာ ၂ ရက်နေ့တွင် လူခွန်းက ဗြိတိသျှတို့နှင့် ကုန်သွယ်မှု အားလုံးရပ်ဆိုင်းရန် အမိန့်ချပြီး စစ်သားများ စေလွှတ်ကာ ဗြိတိသျှကုန်သည်များရုံးကို ဝိုင်းရံသည်။ ဤသို့ဖြင့် တရုတ်နှင့် ဗြိတိသျှအကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။

တရုတ်ပြည်သို့ ဘိန်းတင်သွင်းခြင်း[ပြင်​ဆင်​ရန်​]

တရုတ်လူမျိုးများ ဘိန်းရှူနေပုံ

ကုန်သွယ်ရေး တဖက်စောင်းနင်း ဖြစ်လာသောကြောင့် ဗြိတိသျှတို့သည် အိန္ဒိယကိုလိုနီနယ်မှ ဘိန်းများကို တရုတ်သို့ ခိုးသွင်းကြသည်။ မန်ချူးအစိုးရသည် ယုံးကျိန့် (雍正) ဧကရာဇ် လက်ထက် ၁၈ ရာစုနှစ်ဦးပိုင်းကတည်းက ဘိန်းကိုတားမြစ်ခဲ့သည်။ သို့သော်လည်း ဗြိတိသျှကုန်သည်များက တားမြစ်မိန့်ကို မမှုပဲ အရာရှိများအား လာဘ်ထိုးပြီး ကွမ်ကျိုးအနီးတဝိုက်တွင် အထူးဆောက်လုပ်ထားသည့် သင်္ဘောများဖြင့် ဘိန်းကို ခိုးသွင်းကြသည်။ အကျိုးအမြတ် ကြီးမားသောကြောင့် ဘိန်းမှောင်ခိုမှု တနေ့တခြား ဆိုးဝါးလာသည်။ ၁၈၂၁ ခုနှစ်တွင် ဘိန်းသေတ္တာပေါင်း ၄၀၀၀ ကျော် ခိုးသွင်းခဲ့ရာမှ ၁၈၃၉ ခုနှစ်တွင် သေတ္တာပေါင်း ၄ သောင်းကျော်အထိ ၁၀ ဆနီးပါး တိုးမြင့်လာသည်။[၃]

ဤကဲ့သို့ ဘိန်းအမြောက်အမြား တင်သွင်းမှုကြောင့် တရုတ်တို့ ငွေဒင်္ဂါးများ ဆုံးရှုံးရကာ ပြည်တွင်း၌ ငွေရှားပါးခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်း ဖြစ်စေကာ ဘဏ္ဍာတိုက် ခန်းခြောက်လုမတတ် ဖြစ်ခဲ့ရသည်။ ထို့အပြင် ပြည်သူများ ဘိန်းစွဲခြင်းကြောင့် စာရိတ္တပျက်ပြားမှု၊ ကျန်းမာရေး ချို့ယွင်းမှု သာမက ကုန်ထုတ်စွမ်းအားနှင့် စီးပွားရေးကိုပင် ထိခိုက်လာသည်။ ထို့ကြောင့်ပင် တရုတ်တို့သည် ‘အရှေ့အာရှမှ လူမမာများ’ (東亞病夫) ဟုပင် ပြောစမှတ်ပြုခဲ့သည်။

ဘိန်းမီးရှို့ဖျက်ဆီးခြင်း[ပြင်​ဆင်​ရန်​]

တရုတ်ငါးဖမ်းလှေများထက် များစွာ ကြီးမားသည့် ဘိန်းရောင်းသည့် သင်္ဘော

ဘိန်း၏ ဆိုးကျိုးများ တနေ့ထက်တနေ့ ပိုမိုဆိုးဝါးလာသောကြောင့် တရုတ်နန်းတော်အတွင်း မူးကြီးမတ်ရာများက ဘိန်းတားမြစ်ရန် အဆိုပြုလာကြသည်။ ၁၈၃၈ ခုနှစ်ကုန်ပိုင်းတွင် တောက်ကွမ်းဧကရာဇ်က ဘိန်းတားမြစ်မိန့် ချမှတ်ခဲ့ပြီး ဟူကွမ်နယ်စား (湖廣總督) လင်ကျယ်ရွှီအား ကွမ်ကျိုးသို့ စေလွှတ်ကာ ဆောင်ရွက်စေသည်။ ၁၈၃၉ ခုနှစ် မတ်လတွင် လင်ကျယ်ရွှီ ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီးနောက် နိုင်ငံခြား ဆေးလိပ်ကုန်သည်များ တရုတ်အာဏာပိုင်ထံ ဘိန်းများအပ်နှင်းရန် အမိန့်ချခဲ့သည့်အပြင် နောင်ဘိန်းမရောင်းရန် ကတိကဝတ်ခံစေခဲ့သည်။[၄] ဇွန်လ ၃ ရက်နေ့မှ ၆ ရက်နေ့အကြားတွင် ဗြိတိသျှတို့ပိုင်ဆိုင်သော ဘိန်းအများစုအား မီးရှို့ဖျက်ဆီးခဲ့သည်။ ဤသို့ဖြင့် ဘိန်းမီးမှသည် စစ်မီးတောက်လောင်စေခဲ့သည်။

ဗြိတိသျှတို့ စစ်ဆင်ပြီ[ပြင်​ဆင်​ရန်​]

၁၈၃၉ ခုနှစ် ဇူလိုင်လတွင် ကျိုလုန် (ကောင်းလုန်) ၌ ဗြိတိသျှရေတပ်သားတဦး အမူးလွန်ကာ ရွာသားတစ်ဦးကို ရိုက်သတ်မှု ဖြစ်ပွားခဲ့သည်။ လင်ဂျယ်ရွှီက လက်သည်အား ပေးရန် ဗြိတိသျှတို့ထံ တောင်းဆိုပေမဲ့ ဗြိတိသျှတို့က ကိုယ်တိုင်စီရင်လိုက်သည်။ ဩဂုတ်လ ၁၅ ရက်နေ့တွင် လင်ဂျယ်ရွှီက ကုန်သွယ်မှုအားလုံးကို တားမြစ်ကြောင်း အမိန့်ချမှတ်ကာ မကာအိုသို့ စစ်တပ်စေလွှတ်ရုံသာမက ဗြိတိသျှတို့ကို နှင်ထုတ်ခဲ့သည်။ ဤအရေးအခင်းသည်လည်း ဘိန်းစစ်ပွဲဖြစ်ပွားရခြင်း၏ စနက်တံပင်ဖြစ်သည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ဗြိတိန်ပါလီမန်မှ စီးပွားရေးအတားအဆီးဖြစ်ခြင်းနှင့် ဗြိတိန်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် စိုးရိမ်ဖွယ်ရှိကြောင်း အကြောင်းပြကာ တရုတ်ပင်လယ်သို့ သင်္ဘောတပ်ဖွဲ့ စေလွှတ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။

၁၈၄၀ ခုနှစ် ဇန္နဝါရီလ ၅ ရက်နေ့တွင် လင်ဂျယ်ရွှီသည် တောက်ကွမ်း ဧကရာဇ်၏ ဘုရင့်အမိန့်တော်အရ ဆိပ်ကမ်းကို ပိတ်ကာ ဗြိတိသျှတို့နှင့် ကုန်သွယ်မှုကို ရာသက်ပန် ဖြတ်တောက်လိုက်သည်။ ဇန္နဝါရီလ ၈ ရက်နေ့တွင် ဗိုလေ့ဂျအမည်ရှိ စစ်သင်္ဘော၏ ကပ္ပတိန်က ကွမ်ကျိုးဆိပ်ကမ်းနှင့် ပုလဲမြစ်ဝကို ပိတ်ဆို့မည်ဟု ကြေငြာလိုက်သည်။ ဇန္နဝါရီလ ၁၆ ရက်နေ့တွင် ဝိတိုရိယ ဘုရင်မ ဗြိတိသျှ ပါလီမန်တွင် ဟောပြောရာ၌ တရုတ်ပြည်ရှိ ဗြိတိသျှတို့၏ အကျိုးအမြတ်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲသည်။

ဖေဖော်ဝါရီလတွင် ဗြိတိသျှအစိုးရက Sir George Elliot နှင့် Sir Charles Elliot တို့အား ဗြိတိသျှကိုယ်စားလှယ်များအဖြစ် အာဏာကုန် လွှဲအပ်ခဲ့သည်။ Sir George Elliot သည် ထိုစဉ်အခါက ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။

ဧပြီလတွင် ဗြိတိသျှပါလီမန်၌ အခြေအတင် ဆွေးနွေးခဲ့ကြပြီး ဝိတိုရိယ ဘုရင်မ၏ လွှမ်းမိုးမှုအောက်တွင် စစ်ရေးလှုပ်ရှားမှု တရပ်အား ထောက်ခံမဲ ၂၇၁ မဲ၊ ကန့်ကွက်မဲ ၂၆၂ မဲဖြင့် ဆုံးဖြတ် အတည်ပြုခဲ့သည်။ [၅] သို့သော်လည်း ဗြိတိသျှအစိုးရသည် တရုတ်အား တရားဝင် စစ်ကြေငြာခြင်းမရှိပါ။ ပါလီမန်၏ ဆုံးဖြတ်ချက်သည် တရုတ်အား လက်တုန့်ပြန်ခြင်း သက်သက်သာဖြစ်သည် စစ်ပွဲမဟုတ်ဟု ယူဆခဲ့သည်။ [၆]

ဇွန်လတွင် Sir George Elliot ကြီးမှူးသည့် စစ်သင်္ဘော အစင်း ၄၀ နှင့် အင်အား ၄၀၀၀ တို့သည် အိန္ဒိယမှ ထွက်ခွာကာ တရုတ်ပြည် ကွမ်တုန်းပြည်နယ်အနီးရှိ ပင်လယ်ပြင်သို့ ရောက်ရှိလာသည်။ ဤသည်မှစ၍ ပထမ ဘိန်းစစ်ပွဲ စတင်လေတော့သည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. 参见词条:市舶司
  2. 新浪財經網
  3. [美] 罗兹·墨菲著/黄磷译 《亚洲史》(第四版),海南出版社/三环出版社,2004年10月,369-371/452-453 ISBN 7-80700-092-9
  4. 中國歷史里程碑
  5. 那場中國歷史書上看不懂的鴉片戰爭
  6. 郭廷以:《近代中国史纲》,格致出版社