နန်ကျင်းစာချုပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နန်ကျင်းစာချုပ်အား ရေးထိုးနေပုံ

နန်ကျင်းစာချုပ် (Treaty of Nanking or Treaty of Nanjing) အား မန်ချူးတရုတ်နှင့် ဗြိတိသျှအကြား ပထမ ဘိန်းစစ်ပွဲအပြီး ၁၈၄၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ရေးထိုးခဲ့သည်။ ယင်းစာချုပ်သည် တရုတ်သမိုင်းတွင် ပြင်ပအင်အားနှင့် ပထမဦးဆုံးအကြိမ် ချုပ်ဆိုခဲ့သည့် မတရားသော စာချုပ်တရပ်ဖြစ်သည်။ အဆိုပါစာချုပ်အရ တရုတ်သည် ဗြိတိသျှ ကုန်သည်များအပေါ် ကောက်ယူသည့် အခွန်အတုတ်များကို လျှော့ချပေးရသည်။

နောက်ခံသမိုင်း[ပြင်​ဆင်​ရန်​]

၁၈၄၀ ခုနှစ် ဇွန်လတွင် ဗြိတိသျှတို့က တရုတ်အား ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ထိုနှစ် ဧပြီလတွင် ဗြိတိသျှ ပါလီမန်မှ ဤတိုက်ပွဲအတွက် လျာထားငွေကို ထောက်ခံမဲ ၂၇၁ မဲ၊ ကန့်ကွက်မဲ ၂၆၂ မဲ၊ ၉ မဲ အသာဖြင့် အတည်ပြုခဲ့သောကြောင့် သမိုင်းတွင် ပထမဘိန်းစစ်ပွဲဟု မှတ်တမ်းတင်ထားသည့် တရုတ်-အင်္ဂလိပ် စစ်ပွဲတစ်ရပ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်[ပြင်​ဆင်​ရန်​]

၁၈၄၂ ခုနှစ် ဇူလိုင်လတွင် ဗြိတိသျှ စစ်သင်္ဘော အစင်း ၁၀၀ ကျော်နှင့် အင်အား ၉၀၀၀ ခန့်သည် ဝူဆုန်းမြစ်ဝမှ ယန်စီမြစ်တလျှောက် ဆန်တက်လာသည်။ ယန်စီမြစ်နှင့် (ပေကျင်းနှင့် ဟန်ကျိုးအား ဆက်သွယ်သည့်) မဟာတူးမြောင်း ဆုံရာအရပ်ရှိ ကျိန့်ကျန်းအား တိုက်ခိုက်သည်။ ကျိန့်ကျန်းတွင် အခြေစိုက်သည့် မန်ချူးတပ် အင်အား ၁၅၀၀ နှင့် ဗြိတိသျှတပ်တို့ အနီးကပ် တိုက်ခိုက်ခဲ့ရာ တရုတ်ဘက်မှ မရေးမလှခဲ့ပေ။ ထိုစဉ်က တရုတ်ကို အုပ်စိုးသည့် တောက်ကွမ်း ဧကရာဇ်က ဗြိတိသျှတို့၏ တောင်းဆိုချက်ကို လက်ခံရန် ဆုံးဖြတ်ကာ ညှိနှိုင်းဆွေးနွေးမှု စတင်လေသည်။

ဩဂုတ်လ ၄ ရက်နေ့တွင် ဗြိတိသျှစစ်သင်္ဘောများ နန်ကျင်းမြို့အနီး မြစ်ရေပြင်သို့ ရောက်ရှိလာပြီးနောက် နှစ်ဦးနှစ်ဘက်အကြား ၄ ကြိမ်ဆွေးနွေးခဲ့သည်။ ၁၈၄၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် နှစ်ဘက်ကိုယ်စားလှယ်များ ဗြိတိသျှ ကွန်ဝါလိစ် (HMS Cornwallis) စစ်သင်္ဘော ပေါ်တွင် နန်ကျင်းစာချုပ်ကို ရေးထိုးခဲ့ကြသည်။[၁]

စာချုပ်မူရင်း တစောင်ကို ယနေ့တွင် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် မော်ကွန်းတင်ထားပြီး အခြားတစောင်မှာမူ ဗြိတိသျှအစိုးရမှ သိမ်းဆည်းထားသည်။

စာချုပ်ပါ အကြောင်းအရာ[ပြင်​ဆင်​ရန်​]

နန်ကျင်းစာချုပ်တွင် Article ၁၃ ခု ပါဝင်ပြီး အဓိက အချက်များမှာ

  • တရုတ်နှင့် ဗြိတိသျှ နှစ်နိုင်ငံအကြား စစ်ပွဲရပ်ဆိုင်းကာ ချစ်ကြည်ရေး ပြန်လည်ဆောက်တည်ရန်
  • တရုတ်ဘက်မှ ကမ်းရိုးတန်းတလျှောက်ရှိ ကွမ်ကျိုး၊ ဖူကျိုး၊ ရှမန် (အမွိုင်)၊ နိုမ်ပေါ၊ ရှန်ဟိုင်း စသည့် ဆိပ်ကမ်း ၅ ခုကို ဖွင့်လှစ်ပေးပြီး ဗြိတိသျှနှင့် ကုန်သွယ်မှု ပြုလုပ်ရန်
  • တရုတ်ဘက်မှ ဟောင်ကောင်ကျွန်းအား ဗြိတိသျှထံ လွှဲပြောင်းပေးအပ်ရန်
  • တရုတ်ဘက်မှ ဗြိတိသျှအား စစ်လျော်ကြေး ငွေဒင်္ဂါး ယွမ် ၂၁ သန်း ပေးဆောင်ရန်၊ (လျော်ကြေးတွင် လင်ကျယ်ရွှီမှ မီးရှို့ဖျက်ဆီးလိုက်သည့် ဘိန်းများအတွက် ၆ သန်း၊ စစ်စရိတ် ၁၂ သန်းနှင့် ကွမ်တုန်ရှိ တရုတ်ကုန်သည်များ ဗြိတိသျှကုန်သည်အပေါ် တင်ရှိနေသည့် ကြွေးမြီးများ ပေးဆပ်ရန် ၃ သန်း ပါဝင်သည်။)
  • နှစ်ဘက်သုံ့ပန်းများအား လွှတ်ပေးရန်၊
  • ဗြိတိသျှတပ်များ နန်ကျင်းနှင့် တိန့်ဟိုင်အနီး မြစ်ရေပြင်မှ ဆုတ်ခွာရန်၊ တို့ဖြစ်သည်။

အကျိုးဆက်[ပြင်​ဆင်​ရန်​]

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

နိုင်ငံရေးအားဖြင့်တွက်လျှင် တရုတ်တို့မှာ အားနည်းသည်ထက် အားနည်းသွားရပြီး ဗြိတိသျှတို့အနေဖြင့် တရုတ်မြေပေါ်တွင် အခြားသော ဥရောပပြိုင်ဖက်များထက် စောစီးစွာ လက်ဦးမှုရယူနိုင်ခဲ့သည်ဟု ဆိုရပေမည်။ ထိုအခြေအနေကြောင့် အခြားသော ဥရောပနိုင်ငံများနှင့် အာရှအင်အားကြီး ဂျပန်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ အချက်အခြာကျသည့်၊ အရေးပါသည့် မြို့ကြီးများအား အုပ်စီးမိရန် အပြိုင်အဆိုင်ပင် ကြိုးပမ်းလာတော့သည်။ တရုတ်တို့၏ မန်ချူးအစိုးရ အနေဖြင့်လည်း အင်အားကြီးသည့် ပြည်ပရန်များကို ကောင်းစွာမဟန့်တားနိုင်သဖြင့် များစွာသိက္ခာညိုးငယ်ရလေသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

စီးပွားရေးအရကြည့်လျှင်လည်း တရုတ်တို့မှာ အဓိကကျသည့် ရေကြောင်းကုန်သွယ်ရေး အခွန်အတုပ်တို့ကို အနှိမ့်ဆုံးအဆင့်သို့ လျှော့ချပေးလိုက်ရသဖြင့် ကုန်သွယ်ရေးအခြေအနေမှာ တစ်ဖက်စောင်းနှင်းဖြစ်ကာ ဗြိတိသျှတို့အနေဖြင့် အကျိုးအမြတ် များစွာရလိုက်သည်။ တရုတ်လူမျိုးတို့မှာ နည်းပါးသော ဝင်ငွေကြောင့်လည်းကောင်း၊ ဗြိတိသျှတို့ တင်သွင်းလာသည့် ဘိန်းစွဲလမ်းသည်ကြောင့်တစ်ပိုင်း အလွန်အမင်း ဆင်းရဲကျပ်တည်း လာခဲ့ရရှာသည်။ ထို့အပြင် ကြီးလေးသည့် စစ်လျှော်ကြေးငွေမှာလည်း တိုင်းပြည်အတွက် လေးလံသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

တရုတ်တို့အတွက် အခြားကြီးမားသည့် ထိုးနှက်ချက်မှာ ယဉ်ကျေးမှုအပိုင်းမှ ဖြစ်သည်။ နိုင်ငံခြားသားတို့အနေဖြင့် မြို့ကြီးများတွင် အခြေချကာ အဆင့်မြင့်စွာ နေထိုင်လာကြသည်။ အကျိုးဆက်အဖြစ် အနောက်တိုင်း ယဉ်ကျေးမှုပျံ့နှံ့လာပြီး တရုတ်လူမျိုးများအနေဖြင့် ယဉ်ကျေးမှု၊ အမျိုးသားရေး၊ လူမျိုးရေးတို့တွင် မထီမဲ့မြင်ပြုမှုများ၊ စော်ကားမှုများကို ခံခဲ့ရသည်။ သို့သော် အချို့ချမ်းသာသည့် တရုတ်လူမျိုးများမှာမူ ထိုသို့မဟုတ်ဘဲ အခွင့်အရေးများစွာ ရရှိခဲ့သည်။

နိုင်ငံခြားဆက်ဆံရေး[ပြင်​ဆင်​ရန်​]

ထိုစဉ်က မန်ချူးတရုတ်သည် ဤဘိန်းစစ်ပွဲကို အလေးအနက်ထားခြင်း ပြန်ပြောင်းသုံးသပ်ခြင်း မရှိခဲ့ပေ။ ဘိန်းစစ်ပွဲပြီးနောက် တရုတ်ပြည်သည် ကမ္ဘာတွင် အင်အားအကြီးဆုံးနိုင်ငံဟု မိမိကိုယ်ကို ယူဆနေဆဲဖြစ်သည်။ ချင်းမင်းဆက်ခေတ်တွင် တရုတ်သည် အခြားတိုင်းပြည်များနှင့် ဆက်ဆံရေး မကောင်းလှသည့်အပြင် ဘိန်းစစ်ပွဲတွင် စစ်ရှုံးခဲ့သဖြင့် ဩဇာအာဏာ မှေးမှိန်လာသလို စစ်အင်အားနှင့် နည်းပညာ အပိုင်းက အားနည်းချက်များ မဖုံးနိုင် မကွယ်နိုင် ဖြစ်လာသည်။ နန်ကျင်းစာချုပ် ချုပ်ဆိုပြီးနောက်တွင် အနောက်တိုင်း အင်အားကြီးနိုင်ငံများက မတန်တဆ တောင်းဆိုလာကြသဖြင့် တရုတ်သည် မတရားသည့် စာချုပ်များကို ဆက်လက် ချုပ်ဆိုခဲ့ရသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. 中外旧约辞典 3页 ISBN 7-5436-0835-9/Z·55