တိဿသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ဘထွေးတော်၏သားဖြစ်သော အရှင်တိဿထေရ်၏ ဝစနက္ခမဂုဏ် ပျက်ယွင်းခြင်းကို အကြောင်းပြု၍ ကောဓ, မာန, မက္ခတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါ ဗြဟ္မစရိယကို ကျင့်သုံးအပ်၏ဟု တိဿရဟန်းအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုများကို ဖွင့်ဆိုထားပါသည်။


[၂] ဘုရားရှင်၏ ဘထွေးတော်သား အရှင်တိဿသည် ရဟန်းတော်များအား “မိမိ၏ကိုယ်ခန္ဓာသည် လေးလံနေကြောင်း၊ အရပ်မျက်နှာတို့ကိုလည်း မထင်မြင်တော့ကြောင်း၊ ဓမ္မကိုလည်း မထင်မြင်ကြောင်း၊ မိမိ၏စိတ်ကို ထိနမိဒ္ဓက လွှမ်းမိုးနေကြောင်း၊ ဓမ္မ၌လည်း ယုံမှားတွေးတောမှုတွေ ဖြစ်နေကြောင်း ပြောကြားပါသည်။ ထိုအကြောင်းကို ရဟန်းတော်များက ဘုရားရှင်အား လျှောက်ထားပါသည်။

ဘုရားရှင်က ရဟန်းတစ်ပါးအခေါ်လွှတ်ပြီး အရှင်တိဿကို မေးမြန်းတော်မူရာ အရှင်တိဿက မှန်ပါကြောင်း လျှောက်ထားပါသည်။ ထိုအခါ ဘုရားရှင်က အရှင်တိဿအား ခန္ဓာငါးပါးတို့၌ စွဲမက်မှုမကင်းသူ လိုချင်မှုမကင်းသူ၊ ခင်တွယ်မှု မကင်းသူ၊ မွတ်သိပ်မှု မကင်းသူ၊ ပူလောင်မှု မကင်းသူ၊ တဏှာမကင်းသူအား ထိုခန္ဓာငါးပါးတို့၏ ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်ကုန်သည်မဟုတ်လောဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီ မေးတော်မူပါသည်။ အရှင်တိဿက ဤသို့သာ ဖြစ်ပါသည်ဟု လျှောက်ပါသည်။

ခန္ဓာငါးပါးတို့၌ စွဲမက်မှုကင်းသူ၊ တဏှာကင်းပြီးသူတို့အား ထိုခန္ဓာတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် စိုးရိမ်မှု၊ ပြင်းစွာပင်ပန်းမှုတို့ ဖြစ်ကုန် သေးသလောဟု ဘုရားရှင်က မေးတော်မူပါသည်။ အရှင်တိဿက မဖြစ်ပါ မြတ်စွာဘုရားဟု လျှောက်ထားသည့်အခါ ဘုရားရှင်က “တိဿ ... ကောင်းပေစွ၊ ကောင်းပေစွ”ဟု မိန့်ကြားတော်မူပြီး ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီကို အနတ္တ လက္ခဏသုတ် ဒေသနာတော်နည်းဖြင့် မေးမြန်းဟောကြားတော်မူပါသည်။

ဘုရားရှင်က လမ်းခရီး၌ ကျွမ်းကျင်သောယောက်ျား၊ မကျွမ်းကျင်သော ယောက်ျားနှစ်ယောက်ဥပမာဖြင့် အကျယ်ရှင်းလင်းမိန့်ကြားတော်မူပြီး၊ တိဿ သာသနာတော်၌ ပျော်မွေ့လော့ ငါဘုရားသည် ဩဝါဒ အနုသာသနီဖြင့် ဆုံးမတော် မူအပ်ပြီဟု မိန့်တော်မူပါသည်။ အရှင်တိဿသည် ဘုရားရှင်၏ဩဝါဒ အနုသာသနီ ဒေသနာတော်ကို အလွန်နှစ်သက်ပြီဟု ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်သင့်သည့်ပုဒ်များကို ပြည့်စုံအောင် ဖွင့်ပြပြီး အရှင်တိဿသည် ဘုရားရှင်၏ဓမ္မကို အားထုတ်သည်ရှိသော် မကြာမီ အာသဝေါ ကုန်ခမ်းရဟန္တာ ဖြစ်သွားပုံကို ပြဆိုထားပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၆၉။ သံ၊မြန်၊၁၊၄၅၇-၈။ သံ၊ဋ္ဌ၊၂၊၂၂၀-၃။ သံ၊ဋီ၊၂၊၁၉၇-၈။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂ၊ ၁၀-ဘိက္ခုသံယုတ္တ၊ နဝမသုတ်။
  2. -သံ၊၂၊၈-၉။ သံ၊မြန်၊၂၊၈၂-၄။ သံ၊ဋ္ဌ၊၂၊၂၈၄။ သံ၊ဋီ၊၂၊၂၄၄။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၉၄-ထေရဝဂ္ဂ၊ ဒုတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ