ဓမ္မသင်္ဂဏီ

ဝီကီပီးဒီးယား မှ

ဓမ္မသင်္ဂဏီကျမ်း သည် ပရမတ္ထတရားများကို ရေတွက်ပေါင်းရုံးပြသော ကျမ်းဖြစ်သည်။ ဓမ္မ-တရား၊ သင်္ဂဏီ-ရေတွက်ခြင်း ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ထိုသို့ ပေါင်းရုံးပြရာတွင် ဦးစွာ ခေါင်းစဉ် မာတိကာများကို ဟောကြားပြီးမှ ထိုမာတိကာများအလိုက် အဓိပ္ပာယ် အကျယ်ကို ဆက်လက် ဟောကြားတော်မူသည်။

ဓမ္မာသင်္ဂီဏီကျမ်းတွင် ရုပ်၊ စိတ်၊ စေတသိတ် စသည့်အလုံးစုံသော သဘာဝတရားများကို တစ်ခုချင်း အသေးစိတ် ရေတွက် ပြထားသည်။ ထိုသို့ ရေတွက်ရာတွင် ၎င်းတို့၏ သဘောသဘာဝ၊ လုပ်ငန်းတာဝန်နှင့် အချင်းချင်း အပြန်အလှန် ဆက်နွယ် ကျေးဇူးပြုပုံများအလိုက် ပေါ်လွင်စေရန် အမျိုးအစားများခွဲခြား၍ ရှင်းပြထားသည်။

မာတိကာကျမ်းအား တိကမာတိကာ၊ ဒုကမာတိကာ နှင့် သုတ္တန္တိကဒုကမာတိကာဟု သုံးမျိုးခွဲခြားထားသည်။ ဒုကမာတိကာတွင်ခေါင်းစဉ်ခွဲ၁၃ခုရှိပြီး ကျန်မာတိကာနှစ်မျိုးတွင်ခေါင်းစဉ်ခွဲမရှိပါ။

တိကမာတိကာဟူသည်မှာ သုံးမျိုးသုံးစားခွဲခြားဟောပြတော်မူသောကြောင့် တိကမာတိကာ၊ နှစ်မျိုးနှစ်စားခွဲခြားဟောပြတော်မူခြင်းကြောင့် ဒုကမာတိကာ ဟုခေါ်ဆိုသည်။

သုတ္တန္တိကဒုကမာတိကမှာဘုရားဟောမဟုတ်ဘဲ အရှင်အာနန္ဒာ[ဓမ္မဘဏ္ဍာဂါရိက(တရားဘဏ္ဍာစိုး)]မှ ပထမ သံဃာယနာတင်ပွဲ တွင်ပြန်လည်သဟာကြားထားသောတရားဖြစ်သည်။


အဘိဓမ္မပိဋကတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းကျမ်းဟူ၍ ခုနှစ်ကျမ်းရှိသည်။ ယင်းတို့တွင် ဓမ္မသင်္ဂဏီကျမ်းကို ရှေးဦးစွာဟောတော်မူ၏။

ဓမ္မသင်္ဂဏီကျမ်း ခေါ်တွင်ခြင်း

လောကသုံးရပ် ဘုံသုံးထပ်အတွင်း၌ ရှိကြကုန်သော လူ နတ် ဗြဟ္မာသတ္တဝါတို့အား ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်၍ နိဗ္ဗာန်ဟူသော ဝိမုတ္တိသုခကို ရရှိခံစားနိုင်ကြရန် ရည်သန်တော်မူလျက် ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သော တရားဒေသနာတော် အစဉ်သည် ပိဋကအားဖြင့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ သုံးမျိုးသုံးစားသုံးပါးရှိပါသည်။ ထိုသုံးပါးတို့တွင် ဓမ္မသင်္ဂဏီပါဠိတော်သည် တတိယမြောက်ဖြစ်သည့် အဘိဓမ္မာပိဋက၏ ပထမဦးဆုံးကျမ်းဖြစ်သည်။

အဘိဓမ္မာဟု ဆိုရုံမျှဖြင့်ပင် သုတ္တန်ဒေသနာတော်များထက် ထူးခြားသာလွန်သည့် တရားတော်ဖြစ်ကြောင်း အများအားဖြင့် နားလည်ကြပြီးဖြစ်သည်။ သို့ဖြစ်သည့်အတိုင်း ထိုအဘိဓမ္မာပိဋိကဝင်ကျမ်း ခုနှစ်ဆူတို့အနက် လက်ဦးဆုံးဖြစ်သော ဓမ္မသင်္ဂဏီကျမ်းသည်လည်း အဘိဓမ္မာဒေသနာ၌ပင်ရင် အကျဆုံး အရေးအကြီးဆုံး ကျမ်းကြီးဖြစ်သည်ဟူသော အချက်မှာ ထင်ရှားပေါ်လွင်လျက်နေပေသည်။ သို့ဖြစ်ရကား ထိုအချက်ကိုပင် ပို၍ ထင်ရှားစေရန် “ဓမ္မသင်္ဂဏီ” ဟူသော ဝေါဟာရစကားလုံး၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို တိတိကျကျ ကြံဆရှာဖွေ၍ ပြရသော် __-

“ဓမ္မသင်္ဂဏီ” ဟူသောစကားလုံး၌ ‘ဓမ္မ’ နှင့် ‘သင်္ဂဏီ’ ဟူသောပုဒ်နှစ်ခုကို သမာသ်တွဲစပ်ထားခြင်းဖြစ်၏။ အလွယ်ဆုံးအားဖြင့် ဖွင့်ဆိုရှင်းလင်းပြရပါမူ __-

ဓမ္မ = သဘာဝတရားများ

သင်္ဂဏီ = သိမ်းကျုံးစုပေါင်း၍ယူခြင်း (ပြခြင်း)။

= ကောင်းစွာ (ပြည့်စုံစွာ) ရေတွက်ခြင်း ဟူ၍ အဓိပ္ပါယ်ရလေသည်။

ထို့ကြောင့် ဓမ္မသင်္ဂဏီကျမ်းသည် __

(၁) သဘာဝတရား (ပရမတ္ထတရား) အားလုံးကို သိမ်းကျုံးစုပေါင်း၍ ပြသောကျမ်း။

(၂) ကောင်းမွန်ပြည့်စုံစွာ သဘာဝတရား (ပရမတ္ထတရား)တို့ကို ရေတွက်၍ ပြသောကျမ်းဟု ဆိုလိုသည်။

ထိုဓမ္မသင်္ဂဏီကျမ်း၌လည်း စိတ္တုပ္ပါဒကဏ္ဍ၊ ရူပကဏ္ဍ၊ နိက္ခေပကဏ္ဍ၊ အဋ္ဌကထာကဏ္ဍဟူ၍ လေးခန်းရှိသည်။ ထိုလေးခန်းတွင် စိတ္တုပ္ပါဒအခန်းကို ရှေးဦးစွာဟောတော်မူ၏။ ထိုစိတ္တုပ္ပါဒအခန်း၌လည်း မာတိကာ၊ ပဒဘာဇနီအားဖြင့် နှစ်ပိုင်းခွဲထားသည်။ ထိုနှစ်ပိုင်းတွင် မာတိကာကို ရှေးဦးစွာ ဟောတော်မူ၏။

မာတိကာသည် အဘိဓမ္မာတရားတော်၏ ပထမဆုံးကျမ်းဖြစ်သည့် ဓမ္မသင်္ဂဏီကျမ်း၏ မာတိကာ ဖြစ်ရုံမက အဘိဓမ္မ ၇ ကျမ်းလုံး၏ မာတိကာလည်း ဖြစ်သည်။ မာတိကာကျမ်းတွင် တိက် ၂၂-ပါး နှင့် ဒုက် ၁၀၀ ပါး ရှိသည်။ တိက်ဆိုသည်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရား ၄-ပါးကို သုံးပုံ သုံးစု ပြု၍ ဟောထားခြင်း ဖြစ်သည်။ ဒုက်ဆိုသည်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရား ၄-ပါးကို နှစ်ပုံ နှစ်စု ပြု၍ ဟောထားပါသည်။ ထိုမာတိကာ၌လည်း တိကမာတိကာ၊ ဒုကမာတိကာအားဖြင့် နှစ်ပိုင်းရှိသည်။ ထိုနှစ်ပိုင်းတွင် မြတ်စွာဘုရားသည် တိကမာတိကာကို ရှေးဦးစွာ ဟောတော်မူပါသည်။ ထိုမာတိကာ၌လည်း ကုသလတိက်၊ ဝေဒနာတိက် အစရှိသောအားဖြင့် ၂၂-ပါး ရှိသည်။ ထို ၂၂-ပါးတို့တွင် ကုသလတိတ်ကို‌ရှေးဦးစွာဟောတော်မူ၏။

ကုသလဆိုသည်မှာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းဖြစ်ပြီး တိကဟူသည် ပရမတ္ထတရားများကို အောက်ပါအတိုင်း အုပ်စု ၃ စု ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကုသလတိက်တွင် -

ပထမပဒ - ကုသလာဓမ္မာ၊

ဒုတိယပဒ - အကုသလာဓမ္မာ၊

တတိယပဒ - အဗျာကတာဓမ္မာတို့ဖြစ်သည်။

ကုသလဓမ္မာ၏ အရတရားမှာ ကုသိုလ်စိတ် ၂၁-ပါး၊ စေတသိက် ၃၈-ပါးတို့ဖြစ်ပြီး ခန္ဓာအားဖြင့် ၄-ပါး၊ အာယတနအားဖြင့် ၂-ပါး၊ ဓာတ်အားဖြင့် ၂-ပါး၊ သစ္စာအားဖြင့် ၂-ပါး အပြားရှိသည်။

အကုသလာဓမ္မာ၏ အရတရားမှာ အကုသိုလ်စိတ် ၁၂-ပါး စေတသိက် ၂၇-ပါး တိုဖြစ်ပြီး ခန္ဓာအားဖြင့် ၄-ပါး၊ အာယတနအားဖြင့် ၂-ပါး၊ ဓာတ်အားဖြင့် ၂-ပါး၊ သစ္စာအားဖြင့် ၂-ပါး အပြားရှိသည်။

အဗျာကတဓမ္မာ၏ အရတရားမှာ ဝိပါက်စိတ် ၃၆၊ ကြိယာစိတ် ၂၀၊ စေတသိက် ၃၈၊ ရုပ် ၂၈ နှင့် နိဗ္ဗာန် တို့ဖြစ်ကြသည်။ ထိုတရားတို့သည် ခန္ဓာအားဖြင့် ၅-ပါး၊ အာယတနအားဖြင့် ၁၂-ပါး၊ ဓာတ်အားဖြင့် ၁၈-ပါး၊ သစ္စာအားဖြင့် ၂-ပါး ဖြစ်ကြသည်။

တိက် ၂၂-ပါးတို့တွင် ကုသလတိက်သည် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အဓိကထားဟောကြားသဖြင့် လောက၌ အရေးကြီးဆုံးတရားများ ဖြစ်တော်မူသောကြောင့်လည်းကောင်း၊ အလုံးစုံသော ပရမတ္ထတရားကို သိမ်းကျုံးမိသောကြောင့်လည်းကောင်း၊ အလုံးစုံသော ပရမတ္ထတရားကို သိမ်းကျုံးမိသောကြောင့်လည်းကောင်း၊ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတို့ အချင်းချင်း မရောယှက်ခြင်းကို သိစေလိုခြင်းဖြစ်သည်။

ကုသလတိက်ကို သင်ကြားရခြင်းသည် ဒိဋ္ဌိ၊ သံယောဇဉ်၊ တဏှာစသည့် အကုသိုလ်တရားများကို ဖယ်ရှားနိုင်ရန် ရည်ရွယ်ပါသည်။ ဒိဋ္ဌိနှင့် သံယောဇဉ်တို့၏ အခြေခံမှာ ခန္ဓာ ၅-ပါး ဖြစ်သည်။ ခန္ဓာ ၅-ပါး၏ မူလအခြေခံမှာ ပရမတ္ထတရား ၃-ပါး ဖြစ်သော စိတ် ၈၉-ပါး၊ စေတသိက ၅၂-ပါး နှင့် ရုပ် ၂၈တို့ ဖြစ်ကြသည်။ ဒိဋ္ဌိ နှင့် တဏှာတို့ကို ချုပ်ငြိမ်းစေခြင်းသည် စိတ်နှင့်စေတသိက်တို့အပေါ်တွင် မူတည်နေကြောင်း သိရှိစေပါသည်။

မြတ်စွာဘုရားသည် တိကမာတိကာနှင့် ဒုကမာတိကာကျမ်းများတွင် ပါဝင်သော ဓမ္မများကို အောက်ပါအချက်ဖြင့် ပိုင်းခြားဝေဖန်ထားသည်ကို တွေ့ရပါသည်။

(၁) ခန္ဓာ ၅-ပါး

(၂) အာယတန ၁၂-ပါး

(၃) ဓာတ် ၁၈-ပါး

(၄) သစ္စာ ၄-ပါး

ထို့ကြောင့် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာဖွဲ့ပုံကို ဦးစွာလေ့လာရန် လိုအပ်ပေသည်။

မာတိကာကျမ်း၌ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာဖွဲ့ပုံအရကောက်ဇယားအား ဦးစွာ ဖော်ပြထားပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. University of Abhidhamma (Yangon)