စတီဗင်ဆန် အာ၊အယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရောဘတ် လူဝီ စတီဗင်ဆန်

ရောဘတ် လူဝီ စတီဗင်ဆန် (ခရစ် ၁၈၅ဝ-၁၈၉၄)[ပြင်​ဆင်​ရန်​]

ရောဘတ် လူဝီ စတီဗင်ဆန်သည် အင်္ဂလိပ်စာပေ လောက၌ ပုံဝတ္ထုများ ရေးသားခြင်းဖြင့် ကမ္ဘာကျော်ဖြစ်လာသော စာရေး ဆရာကြီးတစ်ဦး ဖြစ်သည်။ ခရစ် ၁၈၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက် နေ့တွင် စကော့တလန်နိုင်ငံ အီဒင်ဘာရာမြို့၌ ဖွား မြင်သည်။ ငယ်စဉ်က များစွာ ချူချာလှသဖြင့် ကျောင်းမှန်မှန် မတက်နိုင်ဘဲ အိမ်တွင်ပင် ယုယပြုစုခြင်း ခံခဲ့ရ၏။ ရံဖန်ရံခါ မြို့ပြ အင်ဂျင်နီယာဖြစ်သော ဖခင်နှင့် အတူ စကော့တလန် ကမ်းရိုးတန်းတစ်လျှောက်ရှိ မီးပြတိုက်များသို့ လိုက်ပါသွားလေ့ ရှိရာ စတီဗင်ဆန်သည် ငယ်စဉ်ကပင် ဆိပ်ကမ်းကျွန်းသောင် တောတောင် တို့ဖြင့် သာယာလှသော စကော့တလန်နိုင်ငံ ရှုခင်းများကို နှစ်သက်စွဲလန်းမိခဲ့သည်။ နောင်အခါ၌ စတီဗင် ဆန်သည် ဥပဒေပညာကို သင်ကြားတတ်မြောက်ခဲ့သော်လည်း စာရေးခြင်းဖြင့်သာ အသက်မွေးရန် ဆုံးဖြတ်ခဲ့၏။

မိမိ၏ကျန်းမာရေးအတွက် ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ ဂျာမနီ နိုင်ငံများနှင့် စကော့တလန်နိုင်ငံ အနှံ့အပြားသို့ သွားရောက် လှည့်ပတ်ခဲ့ရသဖြင့် ခရီးသွားမှတ်တမ်းများဖြစ်သော 'ပြည်တွင်း ခရီးစဉ်'ကို ၁၈၇၈ ခုနှစ်တွင်၎င်း၊ 'မြည်းနှင့်ခရီးသွားခြင်း' ကို ၁၈၇၉ ခုနှစ်တွင်၎င်း၊ ရေးသားထုတ်ဝေခဲ့သည်။ ၁၈၈၃ ခုနှစ် တွင် စတီဗင်ဆန်သည် 'ရတနာဒီပ'ဝတ္ထုကို ရေးသား ထုတ်ဝေ ၍ ၁၈၈၆ ခုနှစ်နှင့် ၁၈၉၃ ခုနှစ်များတွင် 'လူပြန်ပေး'နှင့် 'ကက်ထရီယိုးနား'ဝတ္ထုများကို ရေးသားခဲ့၏။ ဤဝတ္ထု သုံးပုဒ် အနက် 'ရတနာဒီပ' ဝတ္ထုသည် ယနေ့တိုင် လူကြိုက်များလျက် ရှိသော ကမ္ဘာကျော်ဝတ္ထု ဖြစ်သည်။ စတီဗင်ဆန်သည် ထိုဝတ္ထု ဖြင့်ပင် ကမ္ဘာကျော် စာရေးဆရာကြီးတစ်ဦး ဖြစ်လာလေသည်။ ထိုဝတ္ထုများအပြင် စတီဗင်ဆန်သည် ကဗျာနှင့်ဝတ္ထုတိုများကို လည်း အများအပြား စပ်ဆိုရေးသားခဲ့သေးသည်။ သို့သော် စတီဗင်ဆန်ကား အချို့သော စာရေးဆရာများကဲ့သို့ ကမ္ဘာ့ လူတန်းစား ပြဿနာများနှင့် လူတို့၏ ဘဝတည်နေမှု အစ ရှိသည့် နက်နဲသော အတွေးအခေါ် အယူအဆများကို စိတ် ဝင်စားခြင်း မရှိပေ။ စိတ်ကူးကောင်းကောင်းဖြင့် ဆွတ်ပျံ့ဖွယ် စာပေများကိုသာ ရေးသားသည်။

၁၈၇၆ ခု အသက် ၂၆ နှစ်အရွယ်တွင် စတီဗင်ဆန်သည် မစ္စစ်အော့စဗန် အမည်ရှိ အမေရိကန်သူ မုဆိုးမတစ်ဦးနှင့် ပြင်သစ်နိုင်ငံ၌ တွေ့ဆုံကာ မေတ္တာသက်ဝင်ခဲ့လေသည်။ ထိုနောက် မစ္စစ်အော့စဗန် မမာမကျန်းဖြစ်သည်ဟူ၍ သတင်းကြားရသဖြင့် စတီဗင်ဆန်သည် မစ္စစ်အော့စဗန် နေထိုင်ရာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ သို့ သွားရောက်ခဲ့သည်။ လမ်းခရီးတွင် အလွန်ဆင်းရဲပင်ပန်း သော်လည်း စတီဗင်ဆန်အဖို့ စာပေရေးသားရန် အချက်အလက် များစွာ ရရှိခဲ့၏။ ဆန်ဖရန်စစ္စကိုမြို့၌ နေထိုင်စဉ် အဆုတ် ရောဂါ စွဲကပ်လာ၏။ သေရအံ့ဆဲဆဲဖြစ်နေသော စတီဗင်ဆန် မှာ မစ္စအော့စဗန်၏ ဂရုတစိုက် ပြုစုမှုကြောင့်သာ နလံထူနိုင်ခဲ့ လေသည်။

၁၈၈ဝ ပြည့်နှစ်တွင် စတီဗင်ဆန်သည် မစ္စစ်အော့စဗန်နှင့် လက်ထပ်ပြီးလျှင် မိမိ၏ဇနီးနှင့်အတူ ဇနီးမှပါသော သား သမီးများကိုခေါ်ဆောင်၍ နေရင်းဒေသ စကော့တလန်နိုင်ငံ သို့ ပြန်ခဲ့သည်။ ဇနီးမှပါသော သားသမီးများအနက် မစ္စတာ လွိုက်အော့စဗန် ဆိုသူမှာ စတီဗင်ဆန်၏ ဝတ္ထုအချို့တွင် ကူညီ ရေးသားခဲ့သည်ပြင် သူကိုယ်တိုင်ကလည်း ထင်ရှားသော စာရေးဆရာတစ်ဦး ဖြစ်သည်။

စတီဗင်ဆန်သည် စကော့တလန်နိုင်ငံ၏ ပြင်းထန်သော ရာသီဥတုဒဏ်ကို မခံနိုင်သဖြင့် မိမိ၏ကျန်းမာရေးနှင့် သင့် တော်မည့်ဒေသကို နှစ်ပေါင်းများစွာ လှည့်လည်ရှာဖွေခဲ့သည်။ နောက်ဆုံး၌ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းရှိ ဆမိုးဝါးကျွန်းစုကို တွေ့သဖြင့် အိမ်သားများနှင့်အတူ ထိုကျွန်းစုသို့ ပြောင်းရွေ့ နေထိုင်လေသည်။ ဤဆမိုးဝါးကျွန်းစုသို့ ရောက်၍ လေးနှစ်အကြာ ၁၈၉၄ ခု ဒီဇင်္ဘာလ ၄ ရက်နေ့တွင် စတီဗင်ဆန်သည် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်လေသည်။ စတီဗင်ဆန်သည် ပုံပြောဆရာကြီးတစ်ဦးအနေဖြင့် ချစ်ခင် ကြသော တိုင်းရင်းသားများသည် စတီဗင်ဆန်၏ ရုပ်ကလပ်ကို ထိုကျွန်းစုရှိ ဗာအေးတောင်ထွက်သို့ သယ်ယူ၍ ဂူသွင်းသင်္ဂြိုဟ် ကြသည်။ ထိုနေရာကား စတီဗင်ဆန် မကွယ်လွန်မီက သူ့အား သင်္ဂြိုဟ်ရန် မှာကြားခဲ့သောနေရာပင် ဖြစ်ပေသည်။

ရတနာဒီပကျွန်း[ပြင်​ဆင်​ရန်​]

ဂျင်ဟောကင်း၏ ဖခင် ဖွင့်လှစ်ထားသော ထမင်းဆိုင်၌ ကက်ပတိန် ဗစ်လီဗုန်းအမည်ဖြင့် သင်္ဘောသားတစ်ဦးသည် တည်းခိုနေထိုင်လျက်ရှိ၏။ ဗစ်လီဗုန်းသည် ခြေတဖက်မရှိသော သင်္ဘောသားတစ်ဦး သူ၏ထံသို့ လာရောက်မည်ကို အမြဲပင် စိုးရိမ်နေလေသည်။ တစ်နေ့သော် ဗစ်လီဗုန်းထံသို့ မျက်မမြင် သူတောင်းစားပျူး ရောက်လာ၏။ ထိုသူတောင်းစား ပြန်သွား ပြီးနောက် ဗစ်လီဗုန်းသေဆုံးသွားလေသည်။ မသေဆုံးမီက သူ့နောက်သို့ ပင်လယ်ဓားပြများ လိုက်နေကြောင်း အထိမ်း အမှတ်တစ်ခုကို သူရရှိခဲ့ဘူး၏။ ဂျင်ဟောကင်းသည် ပင်လယ် ဓားပြများ မရောက်မီ ဗစ်လီဗုန်း၏ ပင်လယ်ခရီးဆောင် သေတ္တာဟောင်းကြီးကို ဖွင့်လှစ်၍ ရှာဖွေရာ ရတနာဒီပကျွန်း၏ မြေပုံကို တွေ့ရှိရသဖြင့် ထိုမြေပုံကို သူ့မိတ်ဆွေများ ဖြစ်သော ဆရာဝန်ဒေါက်တာလိုက်ဗဆေးနှင့် မြေပိုင်ရှင် ထရီလောနီး တို့ထံ ယူဆောင်သွား၏။ ရတနာဒီပကျွန်းရှိ ရွှေ၊ ငွေ၊ ရတနာ များကို မြေပုံအတိုင်း သွားရောက်ရှာဖွေယူရေးအတွက် ထရီး လောနီးကပင် ငွေကြေးအကုန်အကျခံ၍၊ ဟစ္စပါညိုလာ အမည်ရှိ ရွက်သင်္ဘောကြီးတစ်စင်းကို တည်ဆောက်လေ၏။ ထိုရွက်သင်္ဘောကြီးတွင် ကက်ပတိန် စမောလက်သည် တက်မ ကိုင်ဖြစ်၍ သင်္ဘောထမင်းချက်မှာ ခြေတစ်ဖက် မရှိသော လောင်းဂျွန်းဆီးလဗား ဖြစ်သည်။

ကက်ပတိန် စမောလက်ကမူ လောင်းဂျွန်းဆီးလဗားနှင့် သင်္ဘောသားများ အားလုံးလိုလိုပင် ရတနာဒီပကျွန်းရှိ ရတနာ များ၏ မူလပိုင်ရှင် ဖြစ်သော ပင်လယ်ဓားပြဗိုလ်ကြီး ကက်ပတိန်ဖလင့်၏ ငယ်သားများ ဖြစ်မည်ဟူ၍ သံသယ ဖြစ်လျက်ရှိသော်လည်း လမ်းခရီးတွင် မည်သို့မျှ တစ်စုံတစ်ရာ မဖြစ်ပွားဘဲ ရတနာဒီပကျွန်းသို့ ချောမောစွာ ရောက်ကြလေ သည်။ သို့ရာတွင် ကမ်းသို့ကပ်မိလျှင် ဂျင်သည် ဂျွန်ဆီးလဗား နှင့် အခြားသူတစ်ဦးတို့ ပြောစကားများကို ကြားရသောအခါ၊ ကက်ပတိန် စမောလက် ထင်သည့်အတိုင်း ဟုတ်မှန်ကြောင်း တွေ့ရပေသည်။ ထိုအခိုက် သင်္ဘောသားများမှာ ပုန်ကန်ထကြွ ရန် အချိန်ကို စောင့်ဆိုင်းလျက်ရှိလေပြီ။ သို့သော် ကက်ပတိန် စမောလက်က သင်္ဘောသားများအား ကမ်းပေါ်သို့ တက်ရောက် လည်ပတ်ခွင့် ပေးလိုက်ခြင်းဖြင့် ပုန်ကန်ထကြွမှု မဖြစ်ပွားတော့ချေ။ ပုန်ကန်ထကြွလိုသည့် သင်္ဘောသား ခြောက်ယောက်သာ ကုန်းပေါ်သို့ ဆင်းခဲ့၏။ ကျွန်းပေါ်တစ်နေရာသို့ ရောက်သော အခါ ယခင်က သင်္ဘောတွင် ဂျွန်ဆီးလဗားနှင့် မသင့်မြတ်သော ဗင်ဂန်းဆိုသူအား တွေ့ရှိလေသည်။ ဗင်ဂန်းမှာ ဤရတနာဒီပ ကျွန်းတွင် စွန့်ပစ်ခြင်းခံရသူ ဖြစ်သည်။ လောင်ဂျွန်ဆီးလဗား၏ လူစုကို ခုခံတိုက်ခိုက်ရာ၌ ဂျင်တို့လူစုအား ဗင်ဂန်းက ကူညီ မည်ဟု ဂတိပေးလေသည်။

ထိုအတောအတွင်း ကက်ပတိန်စမောလက်၊ ဒေါက်တာလိုက် ဗဆေး၊ ထရီလောနီးနှင့် သူ၏တပည့်သုံးဦးအပြင် ကျွန်ယုံ အေဗရာဟမ်ဂရေတို့ ပါဝင်သော ကက်ပတိန်တို့ လူစုသည် သင်္ဘောမှ ထွက်ခဲ့ရာ လောင်းဂျွန်၏တပည့်များနှင့် တိုက်ခိုက်ရ သဖြင့် ထရီလောနီး၏ တပည့်တစ်ဦး ကျဆုံး၍ အသက်ကယ် ကူးတို့ လှေတစ်စင်းလည်း ဆုံးရသည်။ ထိုနောက် ကက်ပတိန် စမောလက်တို့ လူစုသည် တောင်ကုန်းတစ်ခုပေါ်ရှိ သစ်တပ် အတွင်း တဲအိမ်တွင် စခန်းချနေကြသည်။ ကက်ပတိန်၏ အဖွဲ့သားများ စီးခဲ့သော လှေငယ်ကို သင်္ဘောသားများက ဖျက်ဆီးနေစဉ် ဂျင်လည်း ထိုသစ်တပ်တွင်းသို့ ရောက်ရှိလာ လေသည်။

နောက်တနေ့နံနက် မိုးလင်းသောအခါ၌ ပင်လယ်ဓားပြများ သည် ကက်ပတိန်တို့၏သစ်တပ်ကို လာရောက်တိုက်ခိုက်ကြ သေး၏။ သို့သော် သူတို့ဖက်မှ ငါးယောက်ကျဆုံး၍ ဆုတ်ခွာ ထွက်ပေးကြရလေသည်။ ကက်ပတိန်တို့ဖက်မှမူ ထရီလောနီး၏ တပည့်နှစ်ဦး ကျဆုံး၍ ကက်ပတိန်ကိုယ်တိုင်လည်း ဒဏ်ရာ ရလေ၏။ နေ့လည်ပိုင်း၌ ဆရာဝန်သည် ဗင်ဂန်းအား ရှာဖွေရန် သစ်တပ်မှ ထွက်ခွာသွား၏။ ဂျင်လည်း တစ်ယောက်တည်း သစ်တပ်မှ ထွက်လာရာ ဗင်ဂန်း၏လှေကို တွေ့လေ၏။ ထို လှေဖြင့် ရွက်သင်္ဘောကြီးဆီသို့ လှော်ခပ်သွား၍ ကျောက်ဆူးကြိုးများကို ဖြတ်လိုက်လေသည်။ ရေစီး အလွန်သန်သော ကြောင့် ဂျင်သည် မိမိ၏လှေကိုပင် မထိန်းနိုင်ဘဲရှိရာ၊ နောက် ဆုံး၌ ခြေကုန်လက်ပန်းကျ၍ အိပ်ပျော်လေ၏။ ဂျင်သည် အိပ်ရာမှနိုးသောအခါ လှေမှာ ခရီးဝေးသို့ ရေစီးရာမျောပါသွား ကြောင်း တွေ့ရ၏။ ထိုပြင် ပဲ့ကိုင်မရှိဘဲ မျောနေသည့် ရွက် သင်္ဘောကြီးကိုလည်း ပြန်လည်တွေ့ရှိရလေသည်။ ဂျင်သည် သင်္ဘောပေါ်သို့ တက်ရောက်ကြည့်ရှုရာ လူနှစ်ဦးကိုသာ တွေ့ရလေသည်။ ထိုလူနှစ်ဦးမှာ သေဆုံးနေပြီဖြစ်၍ ကျန်တစ်ဦးမှာ ပြင်းထန်သော ဒဏ်ရာများဖြင့် လဲလျက်ရှိ၏။ ဂျင်လည်း ဒဏ်ရာဖြင့် လဲနေသူအား ပြုစု၍ ထိုသူ၏ အကူအညီဖြင့် သင်္ဘောကို ဘေးရန်ကင်းလွတ်ရာ အရပ်သို့ ပြောင်းရွှေ့ ဆိုက် ကပ်ထား၏။ သို့သော် ဒဏ်ရာရသူသည် ဂျင်ကို ရန်ရှာသဖြင့် ဂျင်သည် ထိုသူအား သေနတ်နှင့်ပစ်သတ်လိုက်၏။ ထိုနောက် ဂျင်သည် ကမ်းပေါ်သို့တက်၍ ကက်ပတိန်တို့လူစုရှိရာသစ်တပ် သို့ သွားရာ သန်းခေါင်ယံအချိန်၌ သစ်တပ်သို့ ရောက်လေ၏။

သို့သော် ထိုအချိန်၌ သစ်တပ်မှာ လောင်းဂျွန်းဆီးလဗားနှင့် သူ၏နောက်လိုက် ပင်လယ်ဓားပြ ငါးဦးတို့လက်သို့ ကျရောက် လျက်ရှိ၏။ပင်လယ်ဓားပြများသည် ဂျင်အား ဖမ်းဆီးလိုက်သည် သာမက တစ်ခါတည်း ကိစ္စတုံး သတ်ပစ်လိုကြ၏။ လောင်းဂျွန်းဆီးလဗားက ဂျင်ကို ဓားစာခံအဖြစ် ထားရှိခြင်းဖြင့် မိမိ တို့အတွက် အကျိုးရှိမည် ဖြစ်ကြောင်း ပြောဆိုသည့်ပြင် ဆရာဝန်က သူ့အားပေးခဲ့သော ရတနာဒီပကျွန်း မြေပုံကိုပါ ထုတ်ပြသောကြောင့် တပ်သားများ ကျေအေးကုန်ကြသည်။ ထိုနောက် လောင်းဂျွန်းဆီးလဗား ခေါင်းဆောင်သော ပင်လယ်ဓားပြများသည် ရတနာဒီပကျွန်း မြေပုံဖြင့် ရတနာ သိုက် အရှာထွက်ရာ၌ ဂျင်ကိုလည်း သူတို့နှင့် တစ်ပါတည်း ခေါ်ဆောင်သွားကြ၏။ ပထမဦးစွာသူတို့သည် ပင်လယ်ဓားပြ ဗိုလ်ဟောင်း ကက်ပတိန်ဖလင့်ကရတနာသိုက်သို့သွားရာ အမှတ်အသားတစ်ခုအဖြစ် စီမံထားခဲ့သော အရိုးစုကို တွေ့ကြ သည်။ နောက်ဆုံး၌ ရတနာသိုက်ရှိရာသို့ ရောက်သော်လည်း သိုက်တူးပြီးသားကိုသာ တွေ့ရလျှင် ဆီးလဗားနှင့်သူ၏ နောက်လိုက် ငါးယောက်တို့မှာ အချင်းများကြရလေသည်။ ဤကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် အချင်းဖြစ်နေခိုက်တွင် ကက် ပတိန်နှင့် အဖွဲ့သားများ ရောက်ရှိလာ၍ ပစ်ခတ်ကြသည်တွင် ဆီးလဗား၏နောက်လိုက် ပင်လယ်ဓားပြနှစ်ဦး ကျဆုံး၍ သုံးဦးမှာ ထွက်ပြေး လွတ်မြောက် သွားလေ၏။ ဆီးလဗား ကိုမူ ဂျင်ဟောကင်းအားကယ်ဆယ်ခဲ့သူဖြစ်၍ ကက်ပတိန်စမောလက်၏ အဖွဲ့သားများက အသက်ချမ်းသာပေးလေ၏။ ရတနာ များကိုကား ကြာမြင့်စွာကပင် ဗင်ဂန်းက တွေ့ရှိခဲ့၍မိမိ၏ ကျောက်ဂူတွင်းသို့ ပြောင်းရွှေ့သိမ်းဆည်း ထားခဲ့လေသည်။ ထိုရတနာများကို ကျောက်ဂူမှ ရွက်သင်္ဘောပေါ်သို့ တင်ဆောင်ကြပြီးနောက် ထွက်ပြေးသောပင်လယ်ဓားပြ သုံးဦးအတွက် ရိက္ခာများထားခဲ့၍ ရတနာဒီပသိုက်ရှာသူ အားလုံးတို့သည် ရွက်များကိုဖွင့်လျက် ရတနာဒီပကျွန်းမှ ထွက်ခွာခဲ့ကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)