ဂျော့ချ် စတီဖင်ဆန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျော့ချ် စတီဖင်ဆန်

စတီဖင်ဆန်ဂျီ (ခရစ် ၁ရ၈၁-၁၈၄၈)[ပြင်​ဆင်​ရန်​]

ဂျော့စတီဖင်ဆန်သည် မီးရထားစက်ခေါင်းကို စတင်တီထွင် သော အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာကြီး တစ်ဦး ဖြစ်သည်။ ၁၇၈၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် အင်္ဂလန်ပြည် နျူးကပ်ဆဲ မြို့အနီးရှိ ဝိုင်လမ်းရွာကလေး၌ ဖွားမြင်၏။ စတီဖင်ဆန်၏ ဖခင်ဖြစ်သူမှာ ထိုရွာကလေးရှိ ကျောက်မီးသွေးတွင်း ရေစုတ် စက်၌ မီးထိုးသမား ဖြစ်၍ များစွာ ဆင်းရဲနွမ်းပါးလေရကား သားသမီးများကို ကျောင်းသို့ မပို့နိုင်ချေ။ ထိုကြောင့် စတီဖင် ဆန်သည် လူမမယ် အရွယ်ကပင် နွားကျောင်းခြင်း၊ ကျောက် မီးသွေးတွင်း၌ ဝင်ရောက် ကူညီဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့ရလေ သည်။ အသက် ၁၄ နှစ်သား အရွယ်တွင် ဖခင်ကြီး၏ လက်ထောက် မီးထိုးသမားအဖြစ်ဖြင့် ခန့်ထားခြင်း ခံရ၍ ၁၇ နှစ်သားအရွယ်တွင် ရေစုတ်စက် ထိန်းသိမ်းရသော အလုပ်သမားအဖြစ်ဖြင့် အဆိုပါကျောက်မီးသွေးတွင်း၌ပင် အမှု ထမ်းရလေသည်။ ထိုအခါ၌ စတီဖင်ဆန်သည် ရေစုတ်စက်ကို နေ့စဉ်ကြည့်ရှုနေရာမှ စက်၏သဘောကို စိတ်ဝင်စားလာသဖြင့် ဗိုလတန်နှင့်ဝပ်၏ ရေနွေးငွေ့စက်သဘောကို လေ့လာလိုသော် လည်း စာမတတ်သဖြင့် အခက်အခဲတွေ့ရပြန်သည်။ထိုကြောင့် စတီဖင်ဆန်သည် ၁၈ နှစ်သားအရွယ်၌ ညကျောင်းတက်၍ စာသင်၏။ ဤကဲ့သို့ အလုပ်တစ်ဖက်နှင့်ညကျောင်း တက်ကာ စက်မှုပညာကို ကြိုးစား လေ့လာခဲ့သော စတင်ဖင်ဆန်သည် ၁၈၁၂ ခုနှစ်၌ ကီလင်းဝပ်မြို့ရှိ ဟိုင်းပစ် ကျောက်မီးသွေးတွင်း တွင် အင်ဂျင်စက်များကို လုပ်ကိုင်သူအဖြစ် ခန့်ထားခြင်ခံရ၍ တစ်နှစ်လျှင် ပေါင် ၁ဝဝ ရလေသည်။ ၁၈၁၅ ခုနှစ်တွင် စတီ ဖင်ဆန်သည် ကျောက်မီးသွေးတွင်းတူးသမားများ ကိုင်ဆောင် ရန် ဘေးကင်းမီးအိမ်တစ်မျိုးကို တီထွင်ပြုလုပ်ခဲ့သဖြင့် သူ၏ အမည်မှာ စတင်ကျော်ကြားလာလေသည်။ စတီဖင်ဆန်နှင့် တစ်ချိန်တည်းမှာပင် ဆာဟမ်ဖရီ ဒေဗီဆိုသူကလည်း အလား တူ ဘေးကင်း မီးအိမ်မျိုးကို တီထွင်ခဲ့သဖြင့် မည်သူက အလျင်ဦးသည်ဟူ၍ အပြင်းအထန် ငြင်းခုံခဲ့ကြသော်လည်း တီထွင်ချက် နှစ်ရပ်မှာမူ တစ်သီးတစ်ခြားစီပင် ဖြစ်၏။

ထိုခေတ် သမယက ကျောက်မီးသွေးများ သယ်ယူရာ၌ ကျောက်မီးသွေးတင် ရထားတွဲများကို သစ်သား သို့မဟုတ် သံလမ်းပေါ်တွင်တင်၍ မြင်းများဖြင့် ဆွဲလေ့ရှိ၏။ စတီဖင် ဆန်သည် ထိုအလေ့အထကို လေ့လာရာမှ ရထားတွဲများကို ရေနွေးငွေ့စက်ခေါင်းဖြင့်ဆွဲဲရန် အကြံရသဖြင့် မိမိကျောက်မီး သွေးတွင်းကုမ္ပဏီမှ ငွေကြေးအကူအညီရယူ၍ မီးရထားစက် ခေါင်း တစ်ခု တီထွင်ရန် ကြိုးစားခဲ့လေသည်။ ကြိုးစားသည့် အတိုင်း အောင်မြင်သဖြင့် ၁၈၁၄ ခုနှစ်တွင် စတီဖင်ဆန်၏ 'ဗလူးခါး'အမည်ရှိသော မီးရထားသည် ကီလင်းဝပ် ကျောက် မီးသွေးတွင်းမှ သင်္ဘောဆိပ်သို့ ချောမောစွာ စတင်ခုတ်မောင်း နိုင်ခဲ့သည်။ ဒုတိယအကြိမ် ပြုလုပ်သောစက်၌ စတီဖင်ဆန် သည် အလဟဿထွက်သွားသော ရေနွေးငွေ့များကို ပြန်လည် အသုံးပြုခြင်းဖြင့် စက်အား ပိုမိုကောင်းလာစေရန် စီစဉ်လေ သည်။ ၁၈၂၅ ခုနှစ်တွင် စတော့တန်နှင့် ဒါလင်တန်သွား မီးရထားလမ်းဖွင့်ပွဲ၌ စတင်ခုတ်မောင်းသော မီးရထားမှာ ကမ္ဘာ ပေါ်တွင် ပထမဆုံး လူစီးနှင့် ကုန်တင်ရထားဖြစ်၍ တွဲများကို စတီဖင်ဆန်၏ လိုကိုမိုးတစ်ခေါ် မီးရထားစက်ခေါင်းဖြင့် ဆွဲ လေသည်။ ၁၈၂၉ ခုနှစ်၌ လီဗာပူးနှင့် မန်ချက်စတာသွား မီးရထားကုမ္ပဏီမှ ကြီးမှူးကျင်းပသော မီးရထားစက်ခေါင်းပြိုင်ပွဲ တွင် စတီဖင်ဆန်၏ 'ရော့ကက်'ခေါ် စက်ခေါင်းက ပထမရရှိ ၍ ဆိုငွေပေါင် ၅ဝဝ ခြီးမြှင့်ခြင်းခံရပြန်သည်။


ဤကဲ့သို့ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားခဲ့သဖြင့် နောင်အခါ၌ စတီဖင်ဆန်သည် အင်္ဂလန်နှင့်ဥရောပတခွင်တွင် မီးရထား စက် ခေါင်း တည်ဆောက်ရေးနှင့် ရထားလမ်းဖောက်လုပ်ရေးဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာကြီး ဖြစ်ခဲ့လေသည်။ သားဖြစ်သူ ရောဗတ်မှာလည်း ဖခင်ကြီး၏ခြေရာကို လိုက်နိုင်သည်သာမက အထူးသဖြင့် မီးရထားတန်တားများ ဆောက်လုပ်ခြင်း၌ ထင်ရှား ကျော်ကြားသော အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ ထိုနောက် ဂျော့စတီဖင်ဆန်သည် အသက်အရွယ် ကြီးရင့်လာ ပြီဖြစ်၍ ချက်စတာဖီးမြို့တွင် အနားယူနေခိုက် ၁၈၄၈ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့၌ ကွယ်လွန် အနိစ္စရောက်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)