ဂဟေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂဟေဆော်သည့် မီးကို ကာကွယ်ရန်လည်းကောင်း၊ စူးရှသည့်အလင်းရောင် မျက်စိကို ထိခိုက်ခြင်းမှ ကာကွယ်ရန်လည်းကောင်း မျက်နှာဖုံး စွပ်ကြရသည်။

ဂဟေဆိုသည်မှာ သတ္တုများကို တစ်ခုနှင့်တစ်ခု ဆက်ရန် အတွက်သော်၎င်း၊ သတ္တုများကို ဖာထေးရန်အတွက်သော်၎င်း အသုံးပြုသော သတ္တုစပ်ပင်ဖြစ်သည်။ ဂဟေပြုလုပ်ရာ၌ အရေး ကြီးသောအချက်မှာ ဂဟေသည် ဆက်ယူမည့် သတ္တုများထက် ပို၍ အရည်ပျော်လွယ်နိုင်ရမည့်အချက်ဖြစ်သည်။

ဂဟေသည် ဂဟေပျော့၊ ဂဟေမာဟူ၍ နှစ်မျိုးရှိသည်။ ဂဟေမာသည် အပူချိန်များမှ အရည်ပျော်၍၊ ဂဟေပျော့မှာမူ အပူချိန်နည်းမှ အရည်ပျော်သည်။ ဂဟေမာသည် အလွန်ခိုင်မာ သဖြင့် ယင်းကို အလိုရှိသလို ထုရိုက်၍ပုံသွင်းယူနိုင်ပေသည်။ အချို့ဂဟေမာကို နန်းဆွဲ၍ ရသည်။ အချို့ကို အပြားခတ်၍ ရသည်။ အသုံးအများဆုံးသော ဂဟေမာမှာ ငွေဂဟေဖြစ်သည်။ ငွေဂဟေ၌ ငွေကြေးနီနှင့် သွပ်တို့ပါရှိသည်။ ငွေကိုထည့်စပ်ရ ခြင်းမှာ ဂဟေ၏ အရည်ပျော်မှတ်ကို နိမ့်ကျသွားစေရန်ဖြစ်၏။ ငွေဂဟေ၌ ပါဝင်လေ့ရှိသော ကြေးနီ၊ သွပ်၊ ငွေတို့၏ အချိုး အစားမှာ ကြေးနီ ၄၅ ရာခိုင်နှုန်း၊ သွပ် ၃၅ ရာခိုင်နှုန်းနှင့် ငွေ ၂ဝ ရာခိုင်နှုန်းဖြစ်သည်။ ထိုဂဟေသည် စင်တီဂရိတ် အပူချိန် ၈ဝ၈ ဒီဂရီတွင် အရည်ပျော်၏။

ထိုဂဟေမျိုးကို ကြေးဝါ၊ ကြေးနီ၊ ငွေ၊ သံတို့ကို ဆက်ရာ တွင် အသုံးပြုကြသည်။ ရွှေပန်းထိမ်ဆရာများ ဂဟေလုပ်ရာ၌ ရွှေကို အဓိကထား၍ ကြေးနီနှင့်ငွေတို့ကို ရောစပ်ယူကြသည်။ ဂဟေပျော့များသည် အပူချိန်နည်းနည်း၌ အရည်ပျော်နိုင်ကြ သည်။ ထိုဂဟေပျော့များသည် ကြွပ်ဆတ်သဖြင့် အထု အရိုက် မခံနိုင်ကြချေ။ လူသိများသောဂဟေပျော့များမှာ သံဖြူနှင့် ခဲကို အဓိကထား၍ ရောစပ်ထားသောဂဟေများပင် ဖြစ်သည်။ ဂဟေ ပျော့တစ်မျိုး၌ သံဖြူ ၆၇ ရာခိုင်နှုန်းနှင့် ခဲ ၃၃ ရာခိုင်နှုန်း ပါရှိသည်။ ထိုဂဟေမျိုးကို အများအားဖြင့် သံဖြူဆရာများ အသုံးပြုကြ၏။ ထိုဂဟေပျော့များအတွက် ကယ်ဒမီယမ်ဗစ်စမတ်အန်တီမိုနီနှင့် ငွေ (သတ္တု)တို့ကိုလည်း ရောစပ်ယူရ သည်။ ဂဟေဆက်ရာ၌ ပထမနီရဲအောင် မီးဖုတ်ထားသော ကြေးနီချောင်းဖြင့် ဂဟေကို အရည်ပျော်စေသည်။ ထို့နောက် ကြေးနီချောင်းထိပ်တွင် ဂဟေပျော်ကိုယူ၍ သတ္တုများကို ဆက် ပေးသည်။ တစ်ခါတစ်ရံ သတ္တုများကိုပျော်နေသော ဂဟေထဲ၌ နှစ်၍၎င်း၊ ဂဟေဆက်မည့်နေရာတွင် ဂဟေကို မီးတောက်ဖြင့် အရည်ပျော်စေ၍၎င်း ဆက်ပေးတတ်သည်။ ထိုနည်းများအပြင် သတ္တုများကို မီးဖုတ်၍ဆက်သောနည်းလည်း ပါသေးသည်။

ထိုနည်းကို ငွေဂဟေနှင့်ကြေးဂဟေဆက်ရာတွင် အသုံးပြုကြ၏။ ဂဟေမဆက်မီ သတ္တုများသည် ချေးမတင်ဘဲ စင်ကြယ်၍ နေရပေသည်။ သို့မှသာလျှင် သတ္တုများ၌ ဂဟေကောင်းစွာ စွဲကပ်နိုင်ပေသည်။ ချေးရှိနေလျှင် ယင်းကိုစားပစ်ရန် သတ္တု ပျော်ကူခေါ် ပစ္စည်းတစ်မျိုးကို အသုံးပြုရသည်။ ဂဟေပျော့ အတွက် ထင်းရှူးစေး၊ သို့မဟုတ် သွပ်ဖြင့်သတ်ထားသော ဟိုက်ဒရိုကလောရစ်အက်ဆစ်ကို၎င်း၊ ဂဟေမာအတွက် လက် ချားမှုန့်၊ သို့မဟုတ် ဇဝက်သာကို၎င်း သတ္တုပျော်ကူအဖြစ် အသုံးပြုကြသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)